ပြဿနာတစ်ခုဖြစ်ရင် ဘယ်လိုရှင်းမလဲ

ပြဿနာတစ်ခုဖြစ်ရင် ဘယ်လိုရှင်းမလဲ

လူရယ်လို့ဖြစ်လာရင် ဘယ်သူမှပြည့်စုံကြတာမဟုတ်တော့ ပြဿနာဆိုတာရှိတတ်ပါတယ်။ ပြဿနာရှိတာက အပြစ်မဟုတ်ပါဘူး။ ပြဿနာကိုမှန်ကန်စွာ မဖြေရှင်းချင်တာကသာအလွန်ကြီးလေးလှတဲ့အပြစ်ကြီးပါ။ အဖွဲ့အစည်းနဲ့လုပ်ရတဲ့အလုပ်တွေမှာ ပိုဆိုးပါတယ်။ လူကြီးလုပ်ရတဲ့သူမှာ ဟိုလူ့ငဲ့ရဒီလူ့ငဲ့ရ ပြဿနာတစ်ရပ်ကိုမှန်ကန်စွာရှင်းဖို့ အလွန်ကိုခက်ခဲနေတတ်ပါတယ်။ ကိုယ့်ဘာသာအိပ်ယာထဲရောက်မှ တစ်ယောက်တည်း လွတ်လပ်စွာငိုးချကာ အားလုံးကိုဘေးကင်းစေဖို့ မေတ္တာကိုသာနာနာပွားနေရတဲ့ လူကြီးမျိုးတွေလည်းရှိနေတတ်ပါတယ်။

ကိုယ့်ဘဝထဲမှာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပြဿနာရယ်လို့မှတ်ယူခံရတဲ့ အရာတစ်ခုဖြစ်ပေါ်နေပြီဆိုရင် သင်္ခန်းစာအသစ်တစ်ခုအဖြစ် လက်ခံပါ။ ဒီပြဿနာကြောင့်ဖြစ်ပေါ်တဲ့ စိတ်ခံစားချက်ကို ဘယ်သူ့ထံမှ အလောတကြီးရင်ဖွင့်မပြပါနဲ့။ ဘာအကျိုးမှမရှိလို့ပါ။ ငါဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားကာ အကောင်းဆုံး အမှန်ကန်ဆုံးနည်းဖြင့် လူကြီးလူကောင်းဆန်စွာ ဖြေရှင်းပါ။ ကလေးဆန်ဆန်မဖြေရှင်းပါနဲ့။

ပြဿနာရဲ့အကြောင်းရင်းကိုသိရင် ပြဿနာဆိုတာက ဖြေရှင်းလို့အလွန်လွယ်ပါတယ်။ ဒါပေမဲ့ပွင့်လင်းဖို့လိုတယ်။ ရိုးသားဖို့လိုတယ်။ တချို့ပြဿနာနာတွေက လူသိရှင်ကြားပွင့်လင်းရိုးသားဖို့လိုအပ်သလို တချို့ပြဿနာတွေက သက်ဆိုင်သူများသာပွင်းလင်းရိုးသားစရာလိုအပ်ပြီး စိတ်ချမ်းသာစွာ ဆက်လက်နေထိုင်သွားနိုင်အောင် ညှိုနှိုင်းအဖြေထုတ်ယူရတာတွေလည်းရှိတတ်တယ်။ အတ္တမာနတွေကိုခဝါချဖို့လည်းလိုအပ်ပါတယ်။

သူတော်ကောင်းတို့ရေ သတိလေးတော့အထူးထားပေးကြပါ။ မိမိကလည်းသူများကြောင့် နက်ရှိုင်းတဲ့စိတ်ခံစားချက်တွေမရစေကြနဲ့။ မိမိကြောင့်လည်းသူများကိုနက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေရမသွားစေနဲ့။ အဲဒီစိတ်ခံစားချက်တွေဟာ နက်ရှိုင်းရင် နက်ရှိုင်းသလောက် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဒုက္ခပေးတတ်တယ်ဆိုတာကို အထူးသတိရှိစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ရိုးသားပွင့်လင်းစွာ အဖြေရှာရင်တော့ အဖြေဆိုတာကရှိနေပြီးသားပါ။ အတ္တမာနတွေကိုခဝါချပြီး မေတ္တာပညာအားကြီးစွာနဲ့ ဖြေရှင်းနိုင်ရင် ကွဲသွားကြတဲ့လင်မယားတွေပင် မောင်နှမလိုသူငယ်ချင်းလိုစိတ်မျိုးနဲ့ နေနိုင်ကြသေးတာပါပဲ။

အထူးသဖြင့်မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုကိုတွေးပြီး နောင်တရနေမယ်၊ အဲဒီအတွေးတွေကကိုယ့်ဘဝကို လွမ်းမိုးနေပြီဆိုရင် အလွန်ထိခိုက်နစ်နာစေပါတယ်။ သင့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်တွေးမိတိုင်း အတွေးစိတ်တိုင်းကို letting go လုပ်နိုင်အောင် မဖြစ်မနေကြိုးစားကြပါလို့ အကြံပြုပါရစေ။ ဝိပဿနာရှုတယ်ပေါ့။ ကိုယ့်စိတ်ကို မဖြစ်နိုင်တော့တဲ့ အတွေးတွေအလွမ်းမိုးမခံပါနဲ့။ မဆင်းရဲစေချင်လို့ပါ။

အမှန်တကယ်စိတ်ချမ်းသာစွာ ဆက်လက်အသက်ရှင်နေထိုင်သွားချင်တယ်ဆိုရင် အောက်ပါအချက်များကို စနစ်တကျလိုက်နာကြည့်ပါ။

အမှန်တကယ်စိတ်ချမ်းသာစွာ ဆက်လက်အသက်ရှင်နေထိုင်သွားချင်တယ်ဆိုရင် အောက်ပါအချက်များကို စနစ်တကျလိုက်နာကြည့်ပါ။

(၁)။ အတိတ်နှင့်မဖြစ်မနေငြိမ်းချမ်းရေးယူပါ။ အတိတ်ကဖြစ်ရပ်များသည် မိမိအပေါ်ကို ပြန်၍မလွမ်းမိုးပါစေနှင့်။ အတိတ်နှင့်ငြိမ်းချမ်းရေးယူမည်ဟု စတင်ဆုံးဖြတ်ကတည်းက အတိတ်မှ နာကျည်းစရာအကြောင်းတွေကို မည်သူ့ထံမှပြန်ပြီး ရင်ဖွင့်ရန်အားမထုတ်ပါနှင့်။ အထောက်အကူဖြစ်လိမ့်မည်မထင်။

(၂)။ ဖြစ်လာသမျှအကျိုးဆက်တွေကို အငြိမ်းချမ်းဆုံး အမှန်ကန်ဆုံးနှင့် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ။ ဖြစ်နိုင်လျှင် အမျက်ဒေါသလုံးဝမဖြစ်ပါစေနှင့်။ မေတ္တာတရားကိုသာများများပွါးပါ။ မိမိစိတ်ထဲ၌ မုန်းတီးစရာကောင်းသူရှိနေခဲ့ရင်တောင်မှ ထိုသူအပေါ်၌ပင်မေတ္တာထားနိုင်အောင်ထားပါ။ မုန်းတီးနေခြင်းသည် မိမိသူတပါးနှစ်ဦးလုံးအတွက် လုံးဝအကျိုးမရှိပါ။

(၃)။ အတိတ်ကိုလုံးဝပြန်မတွေးမိပါစေနှင့်။ တွေးမိလျှင်လည်းတွေးမိသည်ဟုသိကာ နာကျည်းသောခံစားမှု ပြန်၍မဖြစ်စေပါနှင့်။ ထိုခံစားချက်အစား မေတ္တာတရားကိုသာများများပွါးပါ။ ပုထုဇန်တို့နေထိုင်ရာ ကာမ(၁၁)ဘုံသည်ကား လူအမျိုးမျိုးစိတ်အထွေ ဆက်ဆံနေထိုင်ရသော ဘုံဌာနဖြစ်၍ သူများကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုတွေကို အဟုတ်မမှတ်ပါနှင့်။ ဖြစ်နိုင်လျှင် letting go လုပ်နိုင်အောင်သာ ကြိုးစားပါ။ မိမိစိတ်ကိုသာ ဖြူစင်နေအောင်ထားလျှက် စိတ်ကျေနပ်စရာဖြစ်အောင်နေထိုင်ပါ။

(၄)။ ယခုအချိန်ကစ၍ မိမိစိတ်ထဲ၌ မုန်းသောသူဟူ၍ တစ်ယောက်မျှရှိမနေပါစေနှင့်။ မိမိစိတ်ထဲ၌ အမုန်းစိတ်အစား မေတ္တာစိတ်ကိုသာ ထားနိုင်ပါစေ။ အတတ်နိုင်ဆုံးကြိုးစား၍ မေတ္တာထားပေးပါ။ မေတ္တာသည်အေးမြ၍ အမုန်းစိတ်သည် ပူလောင်လှသောကြောင့်ဖြစ်၏။ တတ်နိုင်သမျှပြုံးပြုံးလေးနေနိုင်အောင်သာကြိုးစားပါ။ မုန်းတီးသောစိတ်ဖြင့် စူပုတ်နေသောမျက်နှာမဖြစ်ပါစေနှင့်။ ဘာအကျိုးမျှမရှိ၍ဖြစ်၏။

(၅)။ မနက်အိပ်ယာထတိုင်း “အာနာပါန”ခေါ် ဝင်သက်ထွက်သက်ရှုမှတ်မှုကို အနည်းဆုံးနာရီဝက်ခန့် ထိုင်ရှုမှတ်၍ “ထိသိ”ဖြင့် စင်္ကြံလျှောက်ကာ အနည်းဆုံးနာရီဝက်ခန့် အားထုတ်ပါ။ ဖြစ်ပေါ်လာသမျှ negative or positive စိတ်တိုင်းကို စိတ္တာနုပဿနာဖြင့် ရှုသိနိုင်အောင်ကြိုးစားပါ။ negative or positive feeling တိုင်းကို ဝေဒနာနုပဿနာဖြင့် ရှုသိနိုင်အောင်ကြိုးစားပါ။ negative or positive စိတ်များနှင့် ခံစားမှုများထဲ၌ မိမိစိတ်ကိုရောထွေးပါဝင်မသွားပါစေနှင့်။ letting go လုပ်နိုင်အောင် သတိထား၍လုပ်ပါ။

ဤကဲ့သို့နေထိုင်သွားသော် သင်သည်စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုများမှကင်းဝေး၍ ကျန်ရှိနေသောဘဝကို ပျော်ရွှင်စွာနေထိုင်သွားနိုင်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် အသက် (၅၀)မှနောက်ပိုင်း စိတ်ချမ်းသာစွာနေထိုင်သွားနိုင်ရန် ယခုဆယ်ကျော်သက် နှစ်ဆယ်ကျော်သက်တို့မှစ၍ ဆိုခဲ့သောနည်းကို အသုံးပြုမီဝဲကြပါကုန်။

မေတ္တာတရားကြီးမားစွာဖြင့်
ဆရာတော်အရှင်ကေလာသ (မဟာဂန္ဓရုံ)
သစ္စာမြိုင်တောရ
မြိုင်စံပြကျေးရွာ
ရွာငံမြို့နယ်
ရှမ်းပြည်တောင်ပိုင်း
မြန်မာနိုင်ငံ။

ကျောင်းဟောင်းပြုပြင်မှုနှင့် အရှင်မဟာကဿစရှိသော အရိယာအရှင်မြတ်ကြီးများဆက်စပ်နေပုံ

ကျောင်းဟောင်းပြုပြင်မှုနှင့် အရှင်မဟာကဿစရှိသော အရိယာအရှင်မြတ်ကြီးများဆက်စပ်နေပုံ (နေ့ပရိယတ် ညပဋိပတ်ဖြင့် သာသနာတော်၌ ပျော်ရွှင်ကြည်နူးစွာ နေထိုင်၍ သာသနာပြုတော်မူကြပုံ)

ဒီမနက်သန့်ရှင်းရေးလုပ်ကြ၏။ ဘုန်းကြီးကိုယ်တိုင်လည်း တတ်နိုင်သလောက်လုပ်ရ၏။ အများဆုံးကတော့ လုပ်နေကျတပည့်လိမ္မာများက ဝိုင်းလုပ်ကြ၏။ ဘုန်းကြီး၏ အခက်အခဲမှာ ဆူညံမှုကိုလုံးဝမကြိုက်ပေ။ ထိုကြောင့် စည်းရကမ်းတကျရှိမှု ယဉ်ကျေးလိမ္မာမှု နူးညံ့သောစိတ်နှလုံးသားရှိမှု စသည့်ဂုဏ်အဂါၤများနှင့် အထိုက်အလျှောက်ပြည့်စုံသော တပည့်လိမ္မာများကိုသာ အနီးကပ်လေ့ကျင့်ပေး၍ အလုပ်ကိုစနစ်တကျလုပ်စေ၏။ ထိုစည်းကမ်းဇယားများကို သူတို့တွေ၏ဘဝထဲအထိ ပါသွာစေလိုပေ၏။ ထို့ကြောင့်လူအလွန်ရွေးရပေ၏။

ဘုန်းကြီးကိုယ်တိုင်လည်း တတ်နိုင်သမျှလုပ်၏။ ဘုန်းကြီးမွေးခဲ့သော တပည့်ကြီးငယ်များသည်လည်း သူ့ကဏ္ဍအလိုက် လိမ္မာကျွမ်းကျင်မှုရှိကြသောကြောင့် တခါတခါအလွန်ဝမ်းသာပီတိ ဖြစ်မိပေ၏။ အများစုခက်ခဲလေးလံသော အလုပ်များကို သူတို့ကိုယ်တိုင်လုပ်ကြသော်လည်း ဘုန်းကြီးကိုယ်တိုင်လည်း အရညဝါသီတောရဘုန်းတော်ကြီးပီပီ တတ်နိုင်သည်များကို လုပ်ရပေ၏။ ယခုလည်းညနေ ၄:၀၀ နာရီခန့်မှ ၆:၄၅ နာရီခန့်အထိ အဆင်မပြေသော တခါးပေါက်အပိတ်ဟောင်းများကို တတ်နိုင်သလောက် ပြုပြင်ကြည့်၏။ လွယ်တော့လည်းလွယ်လှသည်မဟုတ်ပေ။

ထိုအချိန်၌ ဓုတင်(၁၃)ပါးအရာဝယ် အမြတ်ဆုံးဘွဲ့ထူးကို ဆွတ်ခူးနိုင်ခဲ့သောကျေဇူးတော်ရှင် အရိယာအရှင်မြတ်ကြီး အရှင်မဟာကဿပအား အထူးအာရုံရောက်၍ အားတင်းပြုလုပ်ရ၏။ ထိုအရှင်မြတ်ကြီးနှင့်အတူ ရဟန္တာအရှင်မြတ်ကြီးများသည် ပထမဦးဆုံးအကြိမ် သင်္ဂါယနာတင်ပွဲကြီးကျင်းပမည့်ပွဲမတိုင်မီ မိမိတို့၏သက်ဆိုင်ရာကျာင်းဆောင်များကို ကိုယ်တိုင်ပြုပြင်မွန်းမံတည်ဆောက်ကြကြောင်း ဝိနည်းပိဋကမဟာဝဂ္ဂပါဠိတော်၌ လာရှိသည်ကို စာသင်သားဘဝက လေ့လာသင်ယူကြည်ညိုခဲ့ဘူးပေ၏။ အလွန်ကြည်ညိုမိခဲ့ဘူး၏။

ယခုလည်းမိမိသည် သက်တော် (၅၁)နှစ်အရွယ်တော်သို့ ရောက်သည့်တိုင်အောင် ဧကစာရီတစ်ပါးတည်းတောရမှီလျှက် ထေရဝါဒဝိပဿနာသာသနာတော် အရှည်တည်တန့်ခိုင်ခံ့နိုင်ရေးအတွက် မိမိလည်းအားထုတ် စိတ်ဝင်စားသူများကိုလည်း တရားစခန်းဖွင့်လှစ်သင်ပြပေးနေသော အရညဝါသီတောရဆရာတော်တစ်ပါးဖြစ်၍ ထိုကဲ့သို့အဟောင်းများကို တတ်နိုင်သလောက် ပြုပြင်မွန်းတတ်ရန် အားထုတ်ရသောအခါများလည်းရှိပေ၏။ သို့သော်လည်းအများစုကိုကား မိမိကိုယ်တိုင်ဓမ္မဖြင့်မွေးမြူအပ်သော မိမိ၏ဓမ္မသားသမီးတပည့်ကြီးငယ်တို့က ဝိုင်းဝန်းတာဝန်ယူလုပ်ဆောင်ကြ၏။

မိသားစုစိတ်ဓာတ်ဖြစ်၍ မိမိကိုယ်တိုင်လည်း လုပ်ရသည်ဖြစ်ပေ၏။ တောရဆောက်တည်မည့်အရှင်ကောင်းများအနေဖြင့် ထိုသို့မိမိကိုယ်တိုင် မိမိ၏ကိစ္စအတော်များများကို ဆောင်ရွက်ထမ်းပိုးနိုင်မှသာ တောရဆောက်တည်ကြပါ “အရညဝါသီဘွဲ့” ကို ခံယူတော်မူကြပါဟု အလေးအနက်တိုက်တွန်းလိုက်ရပေ၏။ လူဝတ်ကြောင်ဒါယကာဒါယိကာမများ၏ အပူဇော်ခံရယုံမျှ ဘုန်းကြီးရုံလာဘ်ပေါရုံမျှကိုသာ ဆန္ဒရှိသော ပြော့ညံ့သော စိတ်ဓာတ်ဖြင့်တောရမဆောက်တည်ကြပါနှင့်ဟု မေတ္တာကြီးစွာဖြင့် အကြံပြုလိုက်ရပေ၏။ သို့မဟုတ်က ဘာကောင်းကျိုးမျှဖြစ်မည်မဟုတ်ပေ။

(မှတ်ချက်။ ။မည်သည့်ဘာသာတရားကိုမျှ ရန်မူရန်သင်ပြတော်မမူခဲ့ပေ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နည်းကိုသာ သင်ပြတော်မူခဲ့ပေ၏။ လူကြီးလူကောင်း ပညာရှိသူတော်ကောင်းတို့၏ လမ်းစဉ်အစစ်ကြီးသာ ဖြစ်ပေ၏။)

ငါ၊ ငါ၏အတိတ်များနှင့် ငါအနာဂတ်အိပ်မက်

ဘဝသည် plan ချ၍နေထိုင်မှသာ မိမိရည်မှန်းချက်များ လုပ်ရပ်များအပေါ်ပြန်လည်သုံးသပ်နိုင်ပေလိမ့်မည်။ သို့မှသာချွတ်ချော်တိမ်းပါးမှုများမှသင်္ခန်းစာယူတတ်ခြင်း၊ ရှေ့ဆက်ရမည့်လမ်းခရီးအတွက် ပိုမိုတိကျစွာ ဆက်လက်အားထုတ်ခြင်းများကိုပြုနိုင်ပေလိမ့်မည်။ သို့မဟုတ်က ပေါ့တန်တန်ဖြင့်သာ ဘဝကိုဖြတ်သန်းနေသူတစ်ယောက် ဖြစ်ကောင်းဖြစ်သွားနိုင်ပေ၏။ ထိုသို့ဖြစ်လျှင် မိမိ၏တန်ဖိုးရှိလှသောဘဝမှ ဘာတစ်ခုကိုမျှ သင်္ခန်းစာယူတတ်မည်မဟုတ်တော့ပေ။ Continue reading “ငါ၊ ငါ၏အတိတ်များနှင့် ငါအနာဂတ်အိပ်မက်”

ပြီးခဲ့သောငါ့ဆောင်ရွက်ချက်များနှင့် ငါ၏အိပ်မက်များ

အသက်ငါးဆယ်၊ ငါ့အရွယ်ကား၊
ကြီးရင့်ဇာရာ၊ တိုး၍လာလည်း၊
နာခြင်းဗျာဓိ၊ ကင်းနေဘိ၍၊
စိတ်၏လိုရာ၊ ကိုယ်လည်းပါလျှက်၊
ကိုယ်ကျိုးသူ့ကျိုး၊ ရွက်သည်ပိုးကာ၊
လှုပ်ရှားတက်ကြွ၊ လုပ်နေရ၏။ Continue reading “ပြီးခဲ့သောငါ့ဆောင်ရွက်ချက်များနှင့် ငါ၏အိပ်မက်များ”

ယဉ်ကျေးမှုနှင့် စိတ်ကောင်းရှိပြီးစိတ်ချမ်းသာမှု

တချို့ကအနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုလွှမ်းမိုးသွားမှာ မကြောက်ဘူးလားဆိုတဲ့ မေးခွန်းကိုမေးတတ်ကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ကတော့ ယဉ်ကျေးမှုဆိုတာထက် စိတ်ကောင်းစေတနာရှိနေဖို့က ပိုပြီးအရေးကြီးပါတယ်။ စိတ်ကောင်းစေနာမရှိကြရင် ဘယ်ယဉ်ကျေးမှုကိုပဲ မိမိရဲ့ကိုယ်မှာတန်ဆာဆင်ထားပါစေ အဆင်ပြေလိမ့်မယ်မထင်ပါတယ်။

တကယ်တော့ တစ်ဦးစီရဲ့ individual rights and feeling of individual security 🚨 တွေအပြည့်အဝ ရရှိနေဖို့က နံပါတ် (၁) ပိုပြီးအရေးကြီးလိမ့်မယ် ထင်ပါတယ်။ အဲဒီလိုဆိုရင် တကယ်စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို သင်ပြလို့ပိုကောင်းမယ်လို့ထင်ပါတယ်။ လူတိုင်းလူတိုင်းဟာ စိတ်ချမ်းသာစွာ နေထိုင်ချင်ကြတာပါပဲ။ ဒါပေမယ့်ဘယ်လို နေထိုင်ရမှန်းမသိဖြစ်နေတတ်ပါတယ်။  Continue reading “ယဉ်ကျေးမှုနှင့် စိတ်ကောင်းရှိပြီးစိတ်ချမ်းသာမှု”

ဗုဒ္ဓဓမ္မနှင့် ခေတ်သစ်သိပ္ပံပညာ

တကယ်တော့ ဗုဒ္ဓအရှင်မြတ်သည် သင်ဘာလုပ်ရမည်ဟူ၍ သင့်အတွက်ဘာတစ်ခုကိုမျှ ဆုံးဖြတ်ချက်ချမပေးပေ။ သင်စိတ်ချမ်းသာမှုစစ်စစ်ကို ရရှိချင်ရင် ဘယ်လိုနေသင့်သည်ကိုသာ လမ်းပြသမားအဖြစ် သူလျှောက်ခဲ့သောလမ်း သူတွေ့ကြုံခဲ့သောလမ်းကိုပြပေးနေခြင်းတည်း။ လွတ်လပ်၏။ ပေါ့ပါး၏။ လေးစားစရာကောင်း၏။ သူ့ဓမ္မတိုင်း၌ ခေတ်သစ်ဒီမိုကရေစီ၏ အနှစ်သာရအပြည့်ပါ၏။ ခေတ်သစ်ပညာတတ်များကိုသာမက ခေတ်သိပ္ပံ modern science ကိုပင် စိတ်ကျေနပ်စရာ ဖြစ်စေခခဲ့ပေ၏။ ယခုဆိုလျှင် neuroscience က ဗုဒ္ဓ၏သတိပဋ္ဌာန်တရား အားထုတ်နည်းသည် လူ့ဦးနှောက်ကိုပါ အပြုသဘောသက်ရောက်မှုရှိသည်ကို လက်တွေ့ကျကျ တွေ့ရှိထားပြီးဖြစ်ပေ၏။ Continue reading “ဗုဒ္ဓဓမ္မနှင့် ခေတ်သစ်သိပ္ပံပညာ”

အတိတ်ကို ၂၀၁၆ ဟူသောအမှိုက်ပုံးထဲထည့်ခြင်းဟူသော အဓိပ္ပါယ်ကိုမှန်ကန်စွာနားလည်ရန်

အတိတ်ကိုအမှိုက်ပုံးထဲထည့်ဆိုသည်မှာ အကြောင်းကြောင်းကြောင့်နားလည်မှုလွဲမှားလျက် မခေါ်မပြောဖြစ်နေသောသူတွေကို အပြီးအပြတ်မုန်းတီးဖြတ်တောက်ကာ negative emotion ကို ပွေ့ပိုက်လျက် အမှိုက်ပုံးထဲကိုထည့်ရန် ဆိုလိုခြင်းမဟုတ်ပေ။ စိတ်ခံစားချက်ဟူသည်ကား မြဲသည်မဟုတ်ပေ။ နားလည်မှုလွဲမှားခြင်းကြောင့်သာ ဖြစ်ပေါ်လာတတ်သော ဧည့်သည်အဆင့်မျှသာဖြစ်ပေ၏။

နားလည်မှုလွဲမှားကြသောအခါ အကောင်းကိုလည်း အဆိုးမြင်တတ်သလို အဆိုးကိုလည်း အကောင်းမြင်နေတတ်ပြန်သေး၏။ မိတ်ဆွေစစ်စစ်ကို ရန်သူဟုထင်မှတ်နေတတ်သလို ရန်သူစစ်စစ်ကိုလည်း မိတ်ဆွေဟုထင်မှတ်နေတတ်သေး၏။ ဤသည်ကား perfect မဖြစ်ကြသော ပုထုဇန်လောက၌ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝမျှသာတည်း။ Continue reading “အတိတ်ကို ၂၀၁၆ ဟူသောအမှိုက်ပုံးထဲထည့်ခြင်းဟူသော အဓိပ္ပါယ်ကိုမှန်ကန်စွာနားလည်ရန်”

သတိထားကြပေတော့

တူကြီးလေးဖြာ၊ တူသောခါ၊ ကမ္ဘာပျက်ကိန်းကြုံလတ္တံ့။

၁။ ယောကျ်ားနှင့်မိန်းမတူလာခြင်း။
၂။ အိမ်နှင့်ဘုန်းကြီးကျောင်းတူလာခြင်း။
၃။ လူနှင့်ရဟန်းတူလာခြင်း။
၄။ တောရွာနှင့်မြို့တူလာခြင်း။

ဒီအချက်တွေဟာ ယခုတကယ်ဖြစ်နေတာကတော့ အမှန်ပါပဲ။ ဘယ်သူမှထိမ်းမရတော့ဘူး။ Continue reading “သတိထားကြပေတော့”