အတိတ်ကိုအမှိုက်ပုံးထဲထည့်ဆိုသည်မှာ အကြောင်းကြောင်းကြောင့်နားလည်မှုလွဲမှားလျက် မခေါ်မပြောဖြစ်နေသောသူတွေကို အပြီးအပြတ်မုန်းတီးဖြတ်တောက်ကာ negative emotion ကို ပွေ့ပိုက်လျက် အမှိုက်ပုံးထဲကိုထည့်ရန် ဆိုလိုခြင်းမဟုတ်ပေ။ စိတ်ခံစားချက်ဟူသည်ကား မြဲသည်မဟုတ်ပေ။ နားလည်မှုလွဲမှားခြင်းကြောင့်သာ ဖြစ်ပေါ်လာတတ်သော ဧည့်သည်အဆင့်မျှသာဖြစ်ပေ၏။
နားလည်မှုလွဲမှားကြသောအခါ အကောင်းကိုလည်း အဆိုးမြင်တတ်သလို အဆိုးကိုလည်း အကောင်းမြင်နေတတ်ပြန်သေး၏။ မိတ်ဆွေစစ်စစ်ကို ရန်သူဟုထင်မှတ်နေတတ်သလို ရန်သူစစ်စစ်ကိုလည်း မိတ်ဆွေဟုထင်မှတ်နေတတ်သေး၏။ ဤသည်ကား perfect မဖြစ်ကြသော ပုထုဇန်လောက၌ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝမျှသာတည်း။
ပုထုဇန်ဟူသည် စာပေအရဆိုလျှင် “ကိလေသာများစွာကို ဖြစ်စေလေ့ရှိသူများ” တည်း။ ခရစ်ယာန်လည်း ဖြစ်ချင်ဖြစ်မည်။ မွစ္စလင်လည်းဖြစ်ခြင်ဖြစ်မည်။ ဟိန္ဒူလည်းဖြစ်ခြင်ဖြစ်မည်။ ဂျူးလည်းဖြစ်ခြင်ဖြစ်မည်။ ဗုဒ္ဓဘာသာလည်းဖြစ်ချင်မည်။ ဥူးပဉ္ဇင်း ဘုန်းကြီးကိုရင်လည်း ဖြစ်ချင်ဖြစ်မည်။ လောဘဒေါသမောဟ မာနအတ္တဣဿာမစ္ဆရိယရာဂပေမ အစရှိသောကိလေသာများကို ဖြစ်စေတတ်ကြခြင်း၊ ထိုကိလေသာတို့၏လွှမ်းမိုးမှုကိုခံနေကြရခြင်းကြောင့် ဗုဒ္ဓတရားတော်အရဆိုလျှင် “ပုထုဇန်” များသာဖြစ်ကြပေ၏။
ထိုကိလေသာတို့သည် ဝိပဿနာကို စနစ်တကျအားထုတ်သူအား လွှမ်းမိုးရန်ခက်ခဲပေ၏။ ဖြစ်စေရုံမျှတော့ဖြစ်နိုင်ပေ၏။ ဝိပဿနာဉာဏ်ပိုင်နိုင်စွာရ၍ letting go ကိုကျွမ်းကျင်သည်ရှိသော် ကိလေသာတို့၏လွှမ်းမိုးမှုကိုခံရရန် အလွန်ခက်ခဲပေ၏။ “အရာအားလုံးသည် မမြဲကြ ဖြစ်ပြီးပျက်တတ်ကြသည်ချည်းတည်း” ဟု ရှုမြင်တတ်သော ဝိပဿနာဉာဏ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်လာသမျှ ကောင်းစိတ်မကောင်းစိတ်ပျားကို တွယ်ဖက်မထားကြဘဲ လွယ်ကူစွာ letting go လုပ်နိုင်ကြပေ၏။
မိမိတို့နှင့်သက်စိတ်ရာ မိဆွေသူငယ်ချင်းများအပေါ်၌လည်း ပြီးခဲ့သောစိတ်ခံစားချက်များကြောင့် မခေါ်မပြောနိုင်သော အခြေအနေသို့ဘယ်တော့မှ မရောက်တော့ပေ။ အငြိုးအတေးဘယ်တော့မှမထားကြပေ။ ဝိပဿနာဉာဏ်ကို ကောင်းစွာလေ့ကျင့်အားထုတ်ထား၍ ကျွမ်းကျင်ပိုင်နိုင်ထားသူသည် မိမိ၏စိတ်ခံစားချက်ကိုသာ letting go လုပ်ကြခြင်းဖြစ်၏။ အပြင်ဘက်က ပုဂ္ဂိုလ်သတ္တဝါကို letting go လုပ်ခြင်းမဟုတ်ပေ။
အပြင်ဘက်ကပုဂ္ဂိုလ်အား မိမိဖြစ်စေချင်သလို ဖြစ်ရန်လွယ်ကူသော အရာမဟုတ်ပေ။ အပြင်ဘက်ကလူတစ်ယောက်ကို လွင့်ပစ်ရန်လည်း မဖြစ်နိုင်သလို မိမိအိပ်ထဲသို့ကောက်ထည့်ရန်လည်း ဖြစ်နိုင်သောအရာမဟုတ်ပေ။ မိမိစိတ်ကိုသာ မိမိကိုယ်တိုင် letting go လုပ်နိုင်ပေ၏။ ဝိပဿနာကို အားထုတ်ထား၍ ဝိပဿနာဉာဏ်ကို ရထားကြသူများသည်ကား positive emotion ကို၎င်း negative emotion ကို၎င်း letting go လုပ်ရန် အထိုက်အလျှောက် လွယ်ကူတတ်ကြပေ၏။ ထို့ကြောင့်ဝိပဿနာအားထုတ်သူများသည် စိတ်ချမ်းသာပျော်စွာနေထိုင်တတ်ကြပေ၏။
ယခုမိမိဆိုလိုသော “အတိတ်ကိုအမှိုက်တောင်းထဲထည့်”ဟူသည်ကား မိမိ၏ဆွေမျိုးမိတ်ဆွေ ဆရာတပည့် မိဘသားသမီးမှအစ လင်မယား ချစ်သူသမီးရည်စားများအထိ မိမိနှင့်အဆင်မပြေဖြစ်နေသောသူများကို လွှင့်ပစ်အမှိုက်တောင်းထည့်ပြီး တစ်သက်လုံးမတွေ့အောင်ရှောင်နေလျက် အဆက်အသွယ်ဖြတ်ပစ်ကြရန်ဆိုလိုသည်မဟုတ်ပေ။
မိမိ၏စိတ်ထဲ၌ ထိုသူများနှင့် ပတ်သက်ဆက်စပ်ဖြစ်ခဲ့သော ခါးသည်းမှုနာကြည်းမှုကြေကွဲ ဝမ်းနည်းမှု စသည့်မိမိအားဒုက္ခပေးနေသော အတိတ်က စိတ်ခံစားချက်များကိုသာ letting go လုပ်ကာ ၂၀၁၆ အမှိုက်ပုံးထဲသို့ သွန်မှောက်ထည့်ပြီး နှစ်သစ်ကူးကာ စိတ်သစ်နှင့် စိတ်ချမ်းသာစွာ နေထိုင်သွားကြရန်သာ ဆိုလိုခြင်းဖြစ်ပေ၏။
အားလုံး ခါးသည်းမှုနာကြည်းမှုကြေကွဲဝမ်းနည်းမှု စသည့်မိမိအားဒုက္ခပေးနေသော အတိတ်က စိတ်ခံစားချက်များကိုသာ letting go လုပ်ကာ ၂၀၁၇ နှစ်သစ်ကြီးမှာ နှစ်ကုန်သည့်တိုင်အောင် စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြပါစေ။
(မှတ်ချက်။ ။အားလုံးကို စိတ်ချမ်းသာစေချင်၍ ထပ်မံသတိပေးနေခြင်းဖြစ်ပေ၏။)