တကယ်တော့ ဗုဒ္ဓအရှင်မြတ်သည် သင်ဘာလုပ်ရမည်ဟူ၍ သင့်အတွက်ဘာတစ်ခုကိုမျှ ဆုံးဖြတ်ချက်ချမပေးပေ။ သင်စိတ်ချမ်းသာမှုစစ်စစ်ကို ရရှိချင်ရင် ဘယ်လိုနေသင့်သည်ကိုသာ လမ်းပြသမားအဖြစ် သူလျှောက်ခဲ့သောလမ်း သူတွေ့ကြုံခဲ့သောလမ်းကိုပြပေးနေခြင်းတည်း။ လွတ်လပ်၏။ ပေါ့ပါး၏။ လေးစားစရာကောင်း၏။ သူ့ဓမ္မတိုင်း၌ ခေတ်သစ်ဒီမိုကရေစီ၏ အနှစ်သာရအပြည့်ပါ၏။ ခေတ်သစ်ပညာတတ်များကိုသာမက ခေတ်သိပ္ပံ modern science ကိုပင် စိတ်ကျေနပ်စရာ ဖြစ်စေခခဲ့ပေ၏။ ယခုဆိုလျှင် neuroscience က ဗုဒ္ဓ၏သတိပဋ္ဌာန်တရား အားထုတ်နည်းသည် လူ့ဦးနှောက်ကိုပါ အပြုသဘောသက်ရောက်မှုရှိသည်ကို လက်တွေ့ကျကျ တွေ့ရှိထားပြီးဖြစ်ပေ၏။
ထို့ကြောင့် ရွှေမြန်မာတို့ရေ ဘာသာရေးဗုဒ္ဓဘာသာထဲမှာပင် အိပ်မောကျ၍ ဘာသာရေးအယူအစွဲဖြင့် သူများဘာသာတရားကို စိတ်ပျက်တတ်သော ဒေါသကို၎င်း၊ မိမိယုံကြည်သော ဗုဒ္ဓတရားတော်အပေါ်၌ စွဲလမ်းစိတ်ကို၎င်း အသိဉာဏ်ဖြင့် ဖယ်ရှားကာ ဗုဒ္ဓဓမ္မအနှစ်သာရများ ကျင့်ကြံအားထုတ်လျက် မိမိ၏ကိလေသာအညစ်အကြေးများ သူတပါး၏လေသာအညစ်အကြေးများကို နည်းပါးစေသည့် ပညာရှိနေထိုင်နည်းဖြင့်နေထိုင်နိုင်ကြပါစေ။
သောတာပန်တို့သည် သူရထားသောတရားတော်၏ အနှစ်သာရအပေါ်၌ ရတနာကဲ့သို့တန်ဖိုးကြ၏။ တရားတော်အမြဲရှင်သန်နေအောင်လည်း အမြဲတမ်းနှလုံးသွင်း၍ brushing up လုပ်ကြ၏။ သူ့တရားရတနာကို အပျောက်မခံ အသက်ကိုသာ အသေခံကြ၏။ သူများကိုရန်လုပ်တိုက်ခိုက်လျက် အပျောက်မခံခြင်းမဟုတ် ကျင့်ကြံအားထုတ်နှလုံးသွင်းလျက် အပျောက်မခံခြင်းသာတည်း။ ကျားကိုက်ခံရသော သောတာပန်သည် ကျားကိုအပြစ်မတင် ကျားပါးစပ်ထဲမှာပင် မိမိ၏ဓမ္မရတနာကို နှလုံးသွင်းလျက် မပျောက်ပျက်အောင် အားထုတ်၏။
ဝိပဿနာအခြေခံအားထုတ်ရင်းမှ ဖြစ်ပေါ်လာသော ထိုသောတာပန်သည် အနိစ္စကို နိစ္စဟူ၍ဘယ်တော့မှမရှု။ ဒုက္ခကိုသုခဟူ၍ဘယ်တော့မှမရှု။ အနတ္တကို အတ္တဟူ၍ ဘယ်တော့မှမရှု။ မိမိ၏ခန္ဓာကိုယ် အသုဘကို “သုဘ”လှပတင့်တယ်ချစ်စဖွယ်ဟု ဘယ်တော့မှမရှု။ ကောတုဟလမင်္ဂလာဟုခေါ်သော superstitious belief, cult တွေကို ဘယ်တော့မှ အယူမရှိတော့ပေ။ သောတာပန်တစ်ယောက် မည်မျှစိတ်ချမ်းသာနေလိမ့်မည်နည်းဟု သူ၏ spiritual quality ကို စဉ်စားကြည့်ကသိနိုင်ပေ၏။ ထိုသို့ဖြစ်ရန် မြတ်ဗုဒ္ဓညွှန်ပြတော်မူသည့်အတိုင်း မိမိကိုယ်တိုင် အားထုတ်ယူရပေ၏။
ထို့ကြောင့်ပင်
“တုမှေဟိ ကိစ္စမာတဗ္ဗံ အက္ခာတာရော တထာဂတာ”။
You should work it out as I’m a path pointer.
ငါသည် လမ်းကိုညွှန်ပြသူတည်း။ သင်တို့သည်သာ ကိစ္စကိုပြုထိုက်၏။ဟု လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကာလက ပြောဆိုခဲ့သော စကားတော်သည် ဒီနေ့အထိ ခေတ်မီနေဆဲ လူတိုင်းလက်ခံလို့ရနေဆည်းတည်း။
ဤသည်မှာမြတ်ဗုဒ္ဓ၏အသိဉာဏ်ပွင့်လာမှု သဗ္ဗညုတဉာဏ်ဟူသည် အတော်လေးနက်သိမ်မွေ့ ဖြူစင်အေးချမ်းနေသည်ကို တွေ့ရပေ၏။ မည့်သူ့ကိုမှမစော်ကားခဲ့သလို မည်သည့်ဘာသာတရားကိုမျှလည်း ကလေးဆန်န်ဆန်တိုက်ခိုက်ပုတ်ခတ်မှုမရှိခဲ့ပေ။ အလွန်လူကြီးလူကောင်းဆန်သော အဆုံးအမများကိုသာ ၄၅ ဝါပတ်လုံး မနားမနေသင်ပြဆုံးမ လေ့ကျင့်ပျိုးထောင်ကျင့်ကြံ အားထုတ်စေတော်မူခဲ့ပေ၏။
ဒီနေ့ခေတ်အခါ၌ကား သိပ္ပံရောဝိဇ္ဇာပညာရှင်များကပါ တညီတညွတ်တည်း လေးစားထောက်ခံ အသိအမှတ်ပြုလာသည်ကို ပို၍ပို၍သာတွေ့လာရပေတော့၏။ “အပ္ပမာဒေန သမ္ပာဒေထ”။