သစ္စာမြိုင်တောရဓမ္မမိသားစု၏ ယခုနှစ်သင်္ကြန်တရားစခန်းနှင့်ထူးခြားဖြစ်စဉ်

သစ္စာမြိုင်တောရဓမ္မမိသားစု၏ ယခုနှစ်သင်္ကြန်တရားစခန်းနှင့်ထူးခြားဖြစ်စဉ်

ယခုတစ်ပတ်တရားစခန်းတွင် အသက် ၈၅ နှစ်ရှိနေပြီဖြစ်သော မိမိနှင့်နှစ်ပေါင်း ၃၀ ကျော်လောက်ဝေးနေပြီဖြစ်သော မိမိ၏ဒါယကာကြီး တရားစခန်း ဝင်ရောက်အားထုတ်သည်ကား ထူးခြားဖြစ်စဉ်ဟုဆိုရမည်။ ဒကာကြီးသည် မိမိဟောကြားသင်ပြနေသော တရားအနှစ်အသားများကိုနှစ်ထောင်းအားရဖြစ်သွားသည်ကား အထူးခြားဆုံးဟုဆိုရပေမည်။ မိဘကျေးဇူးအထူးဆပ်ခွင့်ရလိုက်ခြင်းပေတည်း။

မိဘများကို ပုခုံးပေါ်တင်ပြီးတစ်သက်လုံးအထူးကျေးဇူးဆပ်လျှင်ပင် ကြေနိုင်ဖွယ်မရှိသောမိဘကျေးဇူးသည် ဓမ္မဖြင့်ဆပ်လျှင်ကား အမှန်တကယ်ကြေနိုင်လေတော့၏။ ယခုအခါမိမိသင်ပြနေသောတရားအနှစ်များကို ဒကာကြီးသည် သူပင်မကသူ့အသိုင်းအဝိုင်းကိုပါ သိစေချင်နေသည်ကားအလွန်ထူးခြားနေပေ၏။

မိမိဆုံးမသင်ပြပေးခဲ့ပြီး အဆင်မပြေလျှင် ဆူပူသည်ကိုပင် သည်းခံလျှက် မိမိအားအမြဲတစေ မိသားစုစိတ်နှလုံးသားဖြင့်နေပေးသော မိမိ၏တပည့်ဒါယကာအရင်းများဖြစ်ကြသည့် ဦးခင်စိုးဒေါ်စပယ်အောင်မိသားစု၏နူးညံ့သိမ်မွေ့သည့်မေတ္တာ ရက်ရောဖော်ရွေသည့် စိတ်ဓာတ်များကြောင့် မိမိ၏ဖခင်ကြီး သစ္စာမြိုင်တောရသို့တရားစခန်းဝင်ရန်ရောက်လာခဲ့ရခြင်းဖြစ်ပေ၏။

မိမိ၏ဖခင်ကြီးတရားစခန်းဝင်စဉ် ဓမ္မဖြင့်နေတတ်ထိုင်တတ်အောင် မိမိကိုယ်တိုင်စိတ်တိုင်းကျလေ့ကျင့်ပျိုးထောင်ပေးထားပြီးဖြစ်သောမိမိ၏သစ္စာမြိုင်တောရ ဓမ္မမိသားစုဝင်ဓမ္မသားသမီးများသည်လည်း အရည်အသွေးပြည့်ဝစွာ နွေးထွေးသောမေတ္တာတရားများဖြင့် ဆက်ဆံမှုကြောင့် မိမိ၏ဖခင်ကြီး ရသင့်ရထိုက်သော တရားအသိကိုရသွားခြင်းဖြစ်ပေ၏။

မိမိ၏တပည့်အရင်းဖြစ်သည့် တီကျစ်မှသန်းထိုက်ကိုလေးသည်လည်း တိုက်တိုက်ဆိုင်ဆိုင်တရားစခန်းဝင်ရောက်လာကာ တစ်စခန်းလုံးဒကာကြီးကိုအနီးကပ်ပြုစုပေးသွား၍ မိမိမွေးခဲ့ရသည့်တပည့်များ၏အရည်အသွေးကိုခံစားရမိကာ ပို၍ကြည်နူးရပေသေး၏။

ဤတပည့်ဒါယကာများသည် တရားနှင့်ထိုက်တန်ကြ၏။ သာသနာပြုရန်ကံအကြီးကြီးရှိကြ၏။ နိုင်ငံတကာအဆင့် သာသနာပြုအလုပ်လုပ်ရန်အလွန်ထိုက်တန်ကြ၏။ မိမိ၏တပည့်ဒါယကာများ၏ဓမ္မအရည်အသွေးကို မိမိကိုတိုင်ထိထိမိမိခံစားမိ၍ သာသနာပြုအလုပ်အတွက်အားတက်မှုဖြစ်ရပေ၏။

ဤတရားစခန်းတွင် စင်္ကာပူမှတပည့်မလေးသည် သူ့ကိုယ်သူမိမိထံ၌လေ့လာသင်ယူခွင့်ရ၍ကံကောင်းသည်ဟုအကြိမ်ကြိမ်ဆို၏။ ယောဂီဒကာမလေးတစ်ယောက်သည်ကား စာဖတ်၍မရသောမျက်စိစာဖတ်၍ရလာသည်ဟုဆို၏။ ဇက်နာ၍ဦးခေါင်းလှည့်မရသော ယောဂီဒကာတစ်ယောက်က ဦးခေါင်းလှည့်ရသွား၍စိတ်ချမ်းသာသည်ဟုဆို၏။ အသံမထွက်၍ စာသင်ရန်အခက်အခဲဖြစ်နေတာအနည်းငယ်ကြာနေပြီဖြစ်သော ယောဂီတစ်ယောက်က အသံပြန်ထွက်လာ၍ဝမ်းသာသည်ဟု အကြောင်းကြားလာ၍စိတ်ချမ်းသာရ၏။ တရားစခန်းမဝင်ဘူးသေးသော မိမိ၏ဆွေမျိုးလိုဒါယကာဒါယကာမများ တရားစခန်းဝင်ရောက်အားထုတ်ကြသည်လည်း ထူးခြားဖြစ်စဉ်တည်း။

အင်း မေတ္တာတရားနှင့်ဓမ္မအရည်အသွေးပေါင်းစပ်မိသောအခါ ချမ်းသာမှုတွေသရဖူဆောင်းပါပေါ့ဟု ရှုမြင်မိလေတော့၏။

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနံံှ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကျိုးနပ်ပါစေ။

Question and Answer အမေးနှင့်အဖြေ

Question and Answer

မေး။ ။မြန်မာပြည်၌မြန်မာလူမျိုးစစ်စစ်တွေကို အင်္ဂလိပ်စကားလုံးများ ဖြတ်ညှပ်ကပ်ထည့်ကာတရားဟောပြောနေကြသည်ကို ဆရာတော်ဘုရားဘယ်လိုရှုမြင်ပါသလဲဘုရား။ အင်္ဂလိပ်စကားကို တတ်တတ်တုတုကျွမ်းကျင်ပြီးပြည်တွင်းပြည်ပလှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်၍သာမေးလျှောက်ခြင်းပါဘုရား။

ဖြေ။ ။Meditation ဆိုတဲ့ ဝေါဟာရ Globalize ဖြစ်လာတဲ့အခါမှာ စာတတ်ပေတတ် နာမည်ရှေ့နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးရှည်သူတွေ အထူးသတိထားပေးရမှာပါ။ ဥပမာ။ ။နာမည်ရှေ့က Dr.—— တို့ PHD.——တို့ ပေါ့။ အနောက်နိုင်ငံဘက်က အင်္ဂလိပ်လေကို သိပ်အလိုက်များရင် ဗုဒ္ဓသင်ပြတဲ့ ပါဠိဘာသာနဲ့ရှိနေတဲ့ မ္မအစစ်အနှစ်သာရပျက်နိုင်ပါတယ်။ တတ်နိုင်သမျှ အမေရိကန်ဆရာတော်ကြီး ဘိက္ခုဗောဓိ လိုမျိုး ပါဠိကိုအပီအပြင်ရွတ်ဆိုပြပြီးမှ အင်္ဂလိပ်မြန်မာနှစ်မျိုးဖြင့်အသေအချာအနက်ပေးပြတာကပိုကောင်းပါတယ်။ ရှင်းရှင်းလင်းလင်းရှိစေပါတယ်။

ဘုန်းဘုန်းတို့ရွှေမြန်မာတွေဟာ တရားတော်နဲ့ပတ်သက်လျှင်လည်းကောင်း ပါဠိတော်ဓမ္မနှင့်ပတ်သက်လျှင်လည်းကောင်း သုတအတော်နည်းပါတယ်။ ယုံကြည်မှုသဒ္ဓါပိုင်းကပိုများပါတယ်။ ပြီးလျှင် critical understanding ကလည်း အတော်ကြီးကိုနည်းပါတယ်။ မြန်မာပြည်မှာတရားဟောနည်းကို စင်္ကာပူမှာနေတဲ့ စင်္ကာပူအစစ်တွေကိုဟောလို့ မရနိုင်ပါဘူး။ စင်္ကာပူတွေဟာ ဓမ္မကိုအလွန်လိုက်စားပါတယ်။ ပါဠိတော်နဲ့မကင်းကွာအောင်လေ့လာပါတယ်။ ဒီတော့သူတို့ရဲ့ဓမ္မအသိဉာဏ်ဟာ အလွန်အခြေခိုင်ပါတယ်။ ပြောရဟောရတာပညာရှင်ဆန်ဆန် ဟောပြောသင်ပြပေးလို့ရပါတယ်။

မြန်မာပြည်မှာတော့ တရားဟောတဲ့ဓမ္မကထိကတွေ အင်္ဂလိပ်စကားကိုပြောလာပြီဆိုရင် မြန်မာတွေကိုမြန်မာလိုပြောလို့ရပါလျှက် ဘာကြောင့်အင်္ဂလိပ်စကားညှပ်ပြောရသလဲဆိုတဲ့ critical မေးခွန်းတစ်ခုမေးဖို့လိုပါလိမ့်မယ်။ ဘုန်းဘုန်း (သစ္စာမြိုင်တောရဆရာတော် အရှင်ကေလာသ(မဟာဂန္ဓာရုံ) တရားဟောတရားပြရင်း အင်္ဂလိပ်စကားပြောပါတယ်။ ဘုန်းဘုန်းရဲ့တပည့်ပရိတ်သတ်တွေထဲမှာ အမြဲတမ်းနိုင်ငံခြားသားကပါနေတတ်သောကြောင့်သာဖြစ်ပါတယ်။

သို့သော် ဘုန်းဘုန်းသည် ပါဠိတော်မပါဘဲတရားကို အလွတ်ဟောလေ့မရှိပါဘူး။ ပါဠိတော်ကို ရေးပြရွတ်ဆိုပြပြီးမှသာ အင်္ဂလိပ်လိုမြန်မာလိုနှစ်ဘာသာဖြင့် ရိုးရှင်းစွာ ရှင်းပြလေ့ရှိပါတယ်။ မြန်မာကမြန်မာလို နိုင်ငံခြားသားကအင်္ဂလိပ်လို နားလည်အောင်လို့ပါ။ နိုင်ငံတကာစင်မြင့်ပေါ်မှာ ဘုန်းဘုန်း အကြည်ညိုအလေးစားရဆုံး ဆရာတော်ကတော့ အမေရိကန်ဆရာတော်ကြီး ဘိက္ခုဗောဓိဖြစ်ပါတယ်။ ဘိက္ခုဗောဓိဟာ ပါဠိတော်တွေရွတ်ဆိုပြီးမှ ဓမ္မကိုခေတ်နဲ့ဆီလျှော်အောင်ရှင်းပြလေ့ရှိပါတယ်။

ပါဠိတော်ကိုလွှတ်ထားပြီး အနောက်တိုင်းအင်္ဂလိပ်စာကိုအထင်ကြီးပြီး အနောက်တိုင်းကတရားဟောတရားပြဆရာတွေကိုအထင်ကြီးပြီး အင်္ဂလိပ်လိုတွေချည်းရွတ်ဖတ်ပြနေလို့ကတော့ ဓမ္မရဲ့အနှစ်သာရတွေမှတဖြေးဖြေးလွဲချော်နိုင်ပါတယ်။ အထူးသဖြင့် နာမည်ရှေ့နာမည်နောက်ကဘွဲ့တံဆိတ်တွေရှည်လျှားပြီး စင်မြင့်ပေါ်ရောက်ကာ လူလေးစားမှုကို ခံယူရရှိနေတဲ့ရဟန်းသံဃာများပိုပြီးသတိထားသင့်ပါတယ်။

အထူးသဖြင့်ဘုန်းဘုန်းတို့လိုသက်တော် ၅၀ ဝါတော် ၃၀ တန်း ပြည်တွင်းပြည်ပစင်မြင့်ပေါ်မှာ သာသနာ့တာဝန်ထမ်းနေကြတဲ့ ညီတော်နောင်တော် သံဃာတော်များ ပိုပြီးသတိထားသင့်ပါတယ်။

မြန်မာလူမျိုးဆရာတော်တစ်ပါးအနေဖြင့်ဆိုလျှင်ကား မြန်မာများနှင့်အဆင်ပြေအောင်ပြောရလျှင် သီတဂူဆရာတော်ကြီးအရှင်ဉာဏိဿရရဲ့တရားဟောပုံစနစ်ကိုကြိုက်ပါတယ်။ ဆရာတော်ကြီးဟာဘယ်သောအခါမျှ ပါဠိတော်အဋ္ဌကထာဋီကာတွေမှအလွတ်ပြောဟောလေ့မရှိပါဘူး။ ဓမ္မကထိကရဟန်းတော်များ နမူနာကောင်းအဖြစ်စံထားသင့်တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။

ဓမ္မကထိကဆရာတော်များ မြန်မာများကိုချည်းဟောရာတွင် အင်္ဂလိပ်စကားမညှပ်ဘဲ ပါဠိမြန်မာနှစ်ဘာသာဖြင့် ရိုးရိုးရှင်းရှင်းဟောပေးကြပါလို့ပြောချင်ပါတယ်။ သိပ်ပြီး westernized ဖြစ်သွားတဲ့အခါ ဓမ္မအနှစ်သာရများလွဲချော်ပျက်စီးမည်စိုးရိမ်ရပါတယ်။ ဓမ္မသည်ပါဠိတော်အဋ္ဌကထာဋီကာများမှသာ အခြေခံဆင်းသက်သင့်ပါတယ်ဆိုတာကို အထူးသတိပေးလိုက်ပါရစေ။

ဒီခေတ်ဟာ internet ခေတ်ဖြစ်နေလို့ လူတိုင်းဟာ connected ဖြစ်နေပါတယ်။ ယခုဘုန်းဘုန်းတရားပြတရားဟောနေသည်ကို မည်သူမျှမသိဟုမှတ်လို့မရပါဘူး။ ယခုဘုန်းဘုန်း (သစ္စာမြိုင်တောရဆရာတော် အရှင်ကေလာသ(မဟာဂန္ဓာရုံ) ရေးသားပြောဆိုနေသည်များကိုလည်း အခြားဓမ္မကထိကဆရာတော်များ ကြည့်ရှုနားထောင်လေ့လာသင်ယူ မှတ်သားထားပြီးဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။ ဘုန်းဘုန်းအနေဖြင့်ကား ပါဠိတော်ကိုအခြေမခံသော ဓမ္မများသည်သဘာဝမကျသောကြောင့် ပြည်တွင်းပြည်ပမည်သူကဟောပြသည်ဖြစ်စေလုံးဝအထင်မကြီးတတ်ကြောင်း ပြောလိုက်ပါရစေ။ ပြီးခဲ့သော November က စင်္ကာပူတွင်တရားပြစဉ်ကလည်း ဒီအဖြေကိုဖြေထားပြီးဖြစ်ပေ၏။

မေး။ ။ တင်ပါ ကျေးဇူးကြီးလှပါတယ်ဘုရား။ ဖြေသွားတာ ပြည့်လည်းပြည့်စုံလှပါတယ်ဘုရား။ ဆရာတော်ဘုရား ပြည်တွင်းပြည်ပ တစ်ကမ္ဘာလုံးမှာ ဓမ္မစစ်စစ်ကို သိပ္ပံနည်းကျဟောပြာသင်ပြ သာသနာ့တာဝန်ကို ကျန်းမာချမ်းသာစွာဖြင့်ဆောင်နိုင်ပါစေဘုရား။

ဖြေ။ ။ သာဓု သာဓု သာဓု။

အပူအအေးလောကသဘာဝနှင့် သတိပဋ္ဌာန်အခြေခံသောဝိပဿနာဆက်စပ်ပုံနှင့် လက်တွေ့အသုံးဝင်လှပုံ

အပူအအေးလောကသဘာဝနှင့် သတိပဋ္ဌာန်အခြေခံသောဝိပဿနာဆက်စပ်ပုံနှင့် လက်တွေ့အသုံးဝင်လှပုံ

မနက်ဖန်မန္တလေးခဏလာမလို့လို့ အတော်စဉ်းစားနေရတယ်။ သတိပဋ္ဌာန်အခြေခံသောဝိပဿနာ Mindfulness-Based Vipassanā အပူကာကရိယာကို တတ်ဆင်ပြီးဆင်းရလိမ့်မယ်။ Mindfulness-Based Vipassanā tool က ရုပ်ကိုအပူထိသော်လည်း စိတ်ဖိစီးမှုမဖြစ်အောင် ခုခံအားကောင်းအောင် စွမ်းဆောင်ပေးနိုင်တဲ့ကရိယာတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲက attention ခလုပ်ကိုဖွင့်ပြီး ပူတယ်အေးတယ် analyze မလုပ်ဘဲ အရှိကိုအရှိအတိုင်း mindfully and wisely observe လုပ်ပေးနေရုံမျှပါပဲ။ မမေ့မလျှော့တဲ့သတိတရားတော့လိုတာပေါ့။

☝️🧘‍♂️😍ဒီနေရာမှာ ဗြိတိသျှကဗျာဆရာကြီး Rudya Kipling ရဲ့ “If” ဆိုတဲ့ ကဗျာထဲကစာသားလေးကိုသွားအမှတ်ရတယ် အဲဒါက “If you can meet triumph and disaster, treat those impostures just the same, you will be a man, my son.” တဲ့။ အကယ်၍သင်ဟာ ပူခြင်းအေးခြင်းအောင်မြင်ခြင်းကျရှုံးခြင်းနှစ်ခုနှင့်တွေ့နိုင်သည်ရှိသော် ထိုနှစ်မျိုးစလုံးကို ခဏနေပျောက်ကွယ်(အနိစ္စ)သွားကြမည့်အရာတွေပဲဟု အရည်အသွေးတူရှုမြင်နိုင်သည်ရှိသော် မင်းဟာလူဖြစ်ပြီငါ့သား”တဲ့။ ဝိပဿနာစွမ်းအားတွေအများကြီးပါနေတာကိုတွေ့ရလို့ ဘုန်းဘုန်းအလွန်နှစ်သက်ရသောကဗျာလေးပါ။☝️🧘‍♂️😍

တကယ်ဆို ကမ္ဗောဒီးယားကိုသွားမယ်လို့စီစဉ်နေတာ။ မပြီးပြတ်သေးတဲ့သတိပဋ္ဌာန်အခြေခံသောဝိပဿနာ သင်တန်းတရားစခန်းထပ်ပြီးဖွင့်လှစ်သင်ပြပေးဖို့ သွားဖို့လိုနေတာပါ။ သူတို့လည်း အပူသက်သာတဲ့လကိုပင့်ဖို့စီစဉ်နေတယ်ဆိုတာကိုတော့သိထားပြီးသားပါ။ မိမိကိုယ်တိုင်ကလည်း အသက်ကြီးအလွန်မကြီးသေးခင် ကမ္ဗောဒီးယားနိုင်ငံရဲ့ထေရဝါဒဘယ်လောက်အထိ အခိုင်အမာရှိနေသေးလဲဆိုတာကို လေ့လာရင်းတရားစခန်းများဖွင့်လှစ်ပြီးသင်ပြပေးရင်း တစ်ဝါလောက်ဝါဆိုပြီး ကမ္ဗောဒီးယားကညီတော်နောင်တော်သံဃာတော်များနဲ့ချစ်ခင်ရင်းနှီးစွာနေထိုင်ပြီးလေ့လာကြည့်မယ်လို့စဉ်းစားနေတာလည်းပါပါတယ်။

ဒါပေမဲ့မနေ့က တပည့်ကြီးတစ်ယောက်ဖြစ်တဲ့ မန္တလေးကအထက်တန်းပြ ရူပဗေဒဆရာမကြီးဒေါ်ချောအိလှိုင်က ကမ္ဗောဒီးယားမှာ အပူလွန်ကဲလို့ ကျောင်းတွေတောင် ခဏစာသင်ချိန်လျှော့ထားရကြောင်း သတိပေးလာတော့ စဉ်းစားနေရတယ်။ အေးတဲ့ရာသီမှာမွေးလာတော့ အပူတော့ကြောက်တယ်။ ခုတောင်ပေါ်မှာက 27C ဆိုတော့နေလို့ အတော်ကို ကောင်းနေပါသေးတယ်။ တရားထိုင်ရတာလည်း သဘာဝအအေးဓာတ်နဲ့ပဲထိုင်လို့ရနေပါတယ်။ ညပိုင်းနဲ့မနက်အစောမှာပိုပြီးထိုင်လို့ကောင်းပါတယ်။

တကယ်တော့ ပရိယတ်ပဋိပတ် သာသနာတော်နှစ်ရပ်ပြိုင်တူထွန်းကားနိုင်ဖို့ဆိုတာ အတော်အတန့်အသိဉာဏ်မျိုးနဲ့ မဖြစ်နိုင်ပါဘူး။ မိမိ၏ခမည်းတော်ကြီး ပြောသွားတဲ့ “တရားပြဆရာကောင်းမရရင် အပါယ်လားသူများတတ်တယ်”ဆိုတဲ့ စကားဟာ သူ့အတွေ့အကြုံသူ့အသက်အရွယ်နဲ့ပြောသွားတာဖြစ်နေလို့ မှန်သလောက်မှန်တယ်ဆိုရမှာပါ။

ဓမ္မစစ်ဆိုတာဟာ ဘာသာတရားတွေနဲ့မဆိုင်ပါဘူး။ အလွန်သိမ်မွေ့နက်နဲခက်ခဲပါတယ်။ ဒါပေမဲ့ သတိလေးထားပြီးဉာဏ်နဲ့ခန္ဓာမှာဈာန်သွင်းကြည့်နိုင်ရင်တော့ အသေအချာမြင်နိုင်ပါတယ်။ ဒီလိုဓမ္မစစ်စစ်ကိုမြင်လာတဲ့အခါတော့ ဘာသာတရားဆိုတဲ့ယုံကြည်မှုသက်သက်ဟာမိမိရဲ့ကိလေသာတွေနဲ့ကျဉ်းမြောင်းဆင်းရဲလှတဲ့စိတ်ကို အကျဉ်းချထားတာနဲ့အတူတူသာဖြစ်ပါတယ်ဆိုတာပိုမြင်လာပါလိမ့်မယ်။

အဲဒီအခါအစွဲတွေပြုတ်ထွက်ပါတယ်။ တရားနာရုံသက်သက်သီအိုရီနဲ့ အစွဲပြုတ်အသိ knowledge တော့ရပါမယ် တကယ်အစွဲမပြုနိုင်သေးပါဘူး။ လက်တွေ့ကျင့်သုံးတော့မှသာ သမာဓိပညာအစွမ်းအလိုက် အစွဲပြုတ်ရပါတယ်။ ဓမ္မစစ်ကိုမြင်နိုင်ဖို့က names and labels တွေကိုခွာပြီး လေ့လာရှုပွားနိုင်မှသာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း names and labels တွေထဲမှာ ကျဉ်းချကာ ဘာသာရေးအကျဉ်းသမားအဖြစ်ဖြင့်မနေသင့်ပါဘူး။ သတိပဋ္ဌာန်အခြေခံသောဝိပဿနာကို ဘက်တွေ့ကျင့်သုံးကာ နာမည်ပညတ်တွေမှထွက်နိုင်အောင်ကြိုးစားရပါမယ်။

ဒီဓမ္မအစစ်ထွန်းကားနိုင်ဖို့က ရဟန်းမှန်သမျှအတွက် ကမ္ဘာ့ဘယ်နိုင်ငံမှာနေနေ ဝိနည်းကိုအသက်နဲ့လဲထိမ်းနိုင်မှု ဂုဏ်လာဘ်ပရိတ်သတ်မငဲ့ကွက်မှု ဓမ္မဝိနယကိုသာဦးထိပ်ထားမှုတွေနဲ့အများကြီးကိုဆိုင်ပါတယ်။ ဓမ္မဝိနယ ပရိယတ်ပဋိပတ် ဒီနှစ်ခုမထွန်းကားရင်လည်း သာသနာအစစ် ဓမ္မအစစ်ထွန်းကားဖို့မဖြစ်နိုင်ပါဘူး။

ဒီနှစ်ခုကိုအချိုးညီညီပေါင်စပ်ပေးနိုင်မှသာ ပဋိဝေဓဆိုတဲ့သာသနာစစ် ဓမ္မစစ်ထွန်းကားနိုင်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းသော ခမာလူမျိုးများနေထိုင်ရာ ကမ္ဗောဒီးယားလိုနိုင်ငံမျိုးမှာ ထေရဝါဒသာသနာတော်ကြီး ဆက်လက်ရှင်သန်နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ ကြိုးစားကြရပါမယ်။ ဤသည်ကား မီမိကမ္ဗောဒီးယာတွင်ဝါဆို၍ ပရိယတ်ပဋိပတ်စနစ်တကျထွန်းကားအောင်အားထုတ်လိုသော စိတ်ရင်းစေတနာဖြစ်ပါတယ်။ ဤမှန်ကန်သောသစ္စာစကားကြောင့် သတ္တဝါအနန္တချမ်းသာသုခရရှိကြပါစေ။

သစ္စာမြိုင်တောရနှင့် ဗုဒ္ဓဓမ္မ ပြည်ပသားတို့၏ကြည်ညိုသဒ္ဓါ ဆက်စပ်မှု

သစ္စာမြိုင်တောရနှင့် ဗုဒ္ဓဓမ္မ ပြည်ပသားတို့၏ကြည်ညိုသဒ္ဓါ ဆက်စပ်မှု

(အလုပ်တကာအလုပ်ထဲတွင်သာသနာ့တာဝန်သည်အခက်ခဲဆုံးအသိမ်မွေ့ဆုံးဖြစ်၏။ စားစရာအစာများ မိမိလက်တကမ်းတွင်ရှိနေသည့်တိုင်အောင် ဝိနည်းကြောင့် ဆွမ်းငတ်ခဲ့သောအကြိမ်ပေါင်းမနည်းတော့သလို ငွေသည် ကပ္ပိယကာရကထည့်ထားသော မိမိအနီးအပါးအိပ်ထဲတွင်ရှိနေသည့်တိုင်အောင် ဝိနည်းအရငွေမကိုင်အပ်၍ အမောပြေအပန်းပြေဖျော်ရည်လေးတစ်ခွက်ပင် မသောက်ခဲ့ရသည်ကို အကြိမ်ကြိမ်ကြုံခဲ့ဘူးပေ၏။

ပြည်ပတွင်အလှူရှင်များရှိနေသည့်တိုင်အောင် ကပ္ပိယကာရကမရှိဘဲအလှူမခံအပ်၍ စွန့်ခဲ့ရသည့်အကြိမ်လည်းမနည်းတော့ပေ။ ယခုအသက်အရွယ်တွင်ကား တရားကိုသာအသက်နဲ့လဲ အားထုတ်အံ့။ မိမိသေသွားသောအခါ ပြည်တွင်းပြည်ပမှမိမိ၏တပည့်ဒါယကာများအား တရားအနံ့အသက်ဖြင့်သာ စိတ်ချမ်းသာစွာကျန်ခဲ့စေအံ့ဟုမကြာမကြာစိတ်ဖြစ်ပေ၏။)

သစ္စာမြိုင်တောရဆရာတော်နှင့် နိုင်ငံခြားယောဂီကင်း၍မဖြစ်နိုင်ပေ အကြောင်းမှာဆရာတော်သည် ဓမ္မစစ်စစ်ကို ဗုဒ္ဓဘာသာနှင့်မရောထွေးစေဘဲ ပေါ်လွင်အောင်ပြောပြနိုင်သောကြောင့်တည်း။ ထို့ကြောင့် သစ္စာမြိုင်တောရသို့ရောက်လာပြီးဆရာတော်သင်ပြပေးသလိုအားထုတ်ကြသော နိုင်ငံခြားယောဂီများသည် ဗုဒ္ဓဘာသာကိုလည်းအရိုသေမပျက် ဓမ္မကိုလည်းနှလုံးသားသို့ရောက်အောင် ဆောင်ထားရမည်ကို ရှင်းရှင်းသိမြင်အားထုတ်ကြလေတော့၏။

Meditating means nothing other than mindfully living at the present moment by observing everything you do in daily life beginning with in-breath and out-breath in a particular time to truly update human brain 🧠, heart ♥️ and mind. Therefore, everybody, human being can do it sincerely.

တရားထိုင်တယ်ဆိုတာ လူ့ဦးနှောက် လူ့နှလုံးသား လူ့စိတ်ကို update လုပ်ရန် ပစ္စုပ္ပန်တည့်တည့် အချိန်တစ်ခု၌ ဝင်သက်ထွက်သက်ကို ရှုမှတ်ခြင်းနှင့်အစပြု၍ နေ့စဉ်ဘဝတွင် လုပ်သမျှတိုင်းကို သတိထားနေထိုင်ခြင်းမှတပါး အခြားမဟုတ်ဆိုသည်ကို နားလည်စေချင်သည်။ ထို့ကြောင့် လူသားဖြစ်သူလူတိုင်း ရိုးသားစွာအားထုတ်နိုင်ပါကြောင်း။

တောဆိုသည်မှာ

တောဆိုသည်မှာ the meaning forest meditation center

ရေပန်းများလည်းကောင်းနေ၏။ သစ်ခွတွေလည်းပွင့်နေ၏။ တရားတကယ်အားထုတ်မယ့်ယောဂီအစစ်တွသာလိုအပ်ပေ၏။ စားလိုက်အိပ်လိုက်အဆင်ပြေသလိုနေလိုက်ဟူသော အစဉ်အလာယောဂီဆိုလျှင်ကားအဆင်ပြေမည်မထင်ပေ။ မတော်ကံဆိုးလျှင်ကားမြွေအကိုက်ခံရနိုင်ပ၏။ တောင်ပေါ်လှေခါးထစ်ကချော်ကျပြီးဒုက္ခရောက်နိုင်ပါတယ်။

ဆရာတော်နှင့်သစ္စာမြိုင်တောရတပည့်သားသမီးများ၏စေတနာမေတ္တာဖြင့်အားထုတ်နိုင်အောင်ပံ့ပေးနေသော မေတ္တာကိုကားခံယူထားရန်လိုအပ်ပေ၏။ အကြောင်းမှာသစ္စာမြိုင်တောရသည် အစဉ်အလာအတိုင်းမဟုတ်ဘဲ မေတ္တာစစ်စစ်ကိုအခြေခံကာမိသားစုစိတ်ဓာတ် သာသနာပြုစိတ်ဓာတ်ဖြင့် ဓမ္မအစစ်ကိုသာဝေမျှပေးနိုင်ရန် ဝိုင်းဝန်းကာသာသနာ့တာဝန်အစစ်ကိုထမ်းဆောင်နေကြခြင်းကြောင့်တည်း။

သို့သော်ယနေ့အချိန်အထိ သစ္စာမြိုင်တောရ၏ဓမ္မဝိနယကိုသာရိုးသားစွာအားထုတ်မှု တစ်ကမ္ဘာလုံးအထိ ဓမ္မစစ်စစ်များပြန့်နှံ့ကာ “ဗဟုဇနဟိတာယ”ဟူသော ဗုဒ္ဓသြဝါဒနှင့်အညီ လူသားတိုင်းချမ်းသာစေရေးအတွက် ရိုးသားစွာမေတ္တာထားခြင်းတို့ကြောင့် ယနေ့အထိသစ္စာမြိုင်တောရ မိသားစုဝင်တပည့်သားသမီးများ တရားစခန်းဝင်ရောက်ကြသောယောဂီများအားလုံး ချမ်းသာစွာတရားစစ်များကို အားထုတ်နေကြရပေ၏။

တောဆိုသည်မှာ ရိုးသားဖြူစင်သော သစ်ပင်ပန်းမာရ်တွေရယ် သားရဲတိရစ္ဆာန်ပေါင်းစုံရယ် ဓမ္မကိုတကယ်အားထုတ်လိုကြတဲ့ ယောဂီသူတော်ကောင်းတွေရယ်ပျော်မွေ့နေကြမှသာတင့်တယ်ခြင်းနှင့်ပြည့်စုံပေ၏။ ဘာသာရေးဆန်ဆန်ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ပသ ဆူညံမှုတွေနဲ့ဆိုလျှင်ကား တရားစစ်တရားမှန်ကိုမြင်စေနိုင်သော သမာဓိအစစ်ကိုထူထောင်ဖို့ခက်နိုင်ပေ၏။

“သတိပဋ္ဌာန်အခြေခံသောဝိပဿနာ” Mindfulness-Based Vipassanā ကိုအားထုတ်ရာ တောရသာသနာဆိုသည်မှာ တိတ်ဆိတ်ငြိမ်သက်မှု(ကာယဝိဝေက)၊ လာဘသက္ကာရသိလောကကိုမမျှော်လင့်မှု(စိတ္တဝိဝေက)နှင့်ပြည့်စုံမှသာ အနှစ်သာရနှင့်ပြည့်စုံနိုင်ပေ၏။ တော်သလိုနေထိုင်မည့်အစဉ်အလာသမားအတွက် တောထဲမှာခက်ခဲနိုင်သည်ကိုလည်းကြိုတင်သတိထားစေချင်ပေ၏။ မြို့ပေါ်ကရိပ်သာများကဲ့သို့ ဇိမ်ခံပစ္စည်းဘာတစ်ခုမျှမရှိခြင်းကြောင့်တည်း။

ဘုန်းဘုန်းချစ်သောရွှေဂိုက်များသို့ မေတ္တာကြီးကြီးဖြင့်

ဘုန်းဘုန်းချစ်သောရွှေဂိုက်များသို့ မေတ္တာကြီးကြီးဖြင့်

မဟာဂန္ဓာရုံဆရာတော်ကြီး၏ဆန္ဒတော်နှင့် ယခုလက်ရှိလုပ်ဆောင်နေပုံတစ်စိတ်တစ်ဒေသကို ယှဉ်တွဲသိရှိနားလည်နိုင်ရန်နှင့် အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြရန်

မိမိအနေဖြင့်ကား tourism နှင့်မဟာဂန္ဓာရုံ အခြေအနေတွင် ရပ်တည်ချက်မပြောင်းပါ။ ဒီလောက်ပရိယတ်ပဋိပတ်ဂုဏ်သိက္ခာဖြင့် နေလိုလလို နှစ်ပေါင်းများစွာရပ်တည်လာသော မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို tourist attraction အဖြစ်မျှ မလုပ်စေချင်ပါ။ မိမိသည်သာ ဆရာတော်ကြီးများ၏နေရာဖြစ်ခဲ့သော် “No Tourist”ဟူသော signpost ကို ချက်ချင်းကောက်ချိတ်မိမည်မှာ အလွန်သေချာလှပေ၏။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ ဆန္ဒတော်ကိုမိမိရောက်လေရာတွင် အကောင်အထည်ဖေါ်ဆောင် ကျင့်သုံးနေခြင်းကြောင့်တည်း။

မိမိ၏တောရကျောင်းတိုက်တွင် ✖️ပြည်တွင်းပြည်ပမှဘုရားဖူးလျှောက်လည်တိုးရစ်သက်သက်ကို✖️လုံးဝဥဿုံလက်မခံပါ။ သို့သော်တရားအားထုတ်လိုလျှင်ကား ပြည်တွင်းပြည်ပမခွဲခြားဘဲ အားလုံးကိုလက်ခံပေ၏။ မိမိ၏တောရသို့လာလိုသော နိုင်ငံခြားသားတိုင်းကိုလည်း စကားစမည်ပြောရုံသက်သက်ဆို လုံးဝမလာဖို့ ပြဿားစွာပြောရပေ၏။ အမှန်တကယ်တရားအားထုတ်လိုက (၇) ရက်တိတိနေထိုင်ခွင့်ပေးပြီးသင်ပြပေး၏။ အားထုတ်စေ၏။ ဒီလိုမဟုတ်ရင်ဗရုပ်သုက္ခ တိုးရစ်မှန်သမျှအကုန်ရောက်လာက မိမိအတွက်တရားအားထုတ်ရန် များစွာအနှောက်အယှက်ဖြစ်နိုင်ပေ၏။

မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို စတင်ထူထောင်တော်မူခဲ့သော ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသသည် တိတ်ဆိတ်ငြိမ်သက်ပြီး တရားမဲ့သောပရိသတ်နှင့် တရားမဲ့သောလာဘ်လာဘကင်းသည့် ဝိဝေကကိုလိုလားနှစ်သက်တော်မူ၏။ စာပေသင်ယူရာ၌ပင် စာကိုအသံထွက်၍ပြန်ဆိုခြင်းမပြုရဘဲ တိုးတိုးတိတ်တိတ်ပြန်ဆိုရပေ၏။ ဤသည်ကို ယခုလက်ရှိ သက်တော် ၆၀ ကျော် ၇၀ ပတ်ဝန်းကျင်ဆရာတော်များ အားလုံးသိပြီးဖြစ်ကြပေ၏။ ထိုဆရာတော်များ၏ ဆုံးမသင်ပြသြဝါဒဖြင့်မိမိကိုယ်တိုင်ပင် စာကိုတိတ်တိတ်ဆိတ်ဆိတ်ကျက်မှတ်ရန် ကြိုးစားခဲ့သလို မိမိသင်ပြပေးရ၍ မိမိထံစာပြန်ကြသော တပည့်များကိုလည်း တိုးတိုးစာပြန်ကြရန် တိုက်တွန်းလုပ်ကိုင်ခဲ့ဘူးပေ၏။

ဤကဲ့သို့တိတ်ဆိတ်ခြင်းငြိမ်သက်ခြင်း တရားမရှိသောပရိတ်သတ် တရားမပါသောလာဘ်လာဘများမှကင်းဆိတ်မှု(ဝိဝေက)ကိုနှစ်သက်၍ ဧကစာရီတောရဆောက်တည်ကျင့်သုံးနေသည်မှာ ၁၆ နှစ်ပင်ရှိခဲ့ပေပြီ။ မိမိတောရဆောက်တည်ကျင့်သုံးခြင်းသည်လည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ ဆန္ဒတော်အတိုင်းအားထုတ်နေခြင်းတည်း။ ဆရာတော်ဘုရားကြီးသည် တောရဆောက်တည်ကျင့်သုံးကာ ဓမ္မဝိနယစစ်စစ်ဖြင့် နေထိုင်လိုသောဆန္ဒအလွန်ပြင်းပြတော်မူခဲ့ပေ၏။

သို့သော်ပရိယတ္တိစာပေကိုလည်း သံယောဇန်ကြီးကာ နောင်လာနောက်သားများ စာပေသင်ယူလေ့လာရေးတွင်လွယ်ကူစေရန်အကျိုးငှာ ဘာသာဋီကာကျမ်းများစွာကိုရေးသားလျှက် သာသနာပြုလိုစိတ်ပြင်းပြ၍ တောထွက်တောရဆောက်တည်ရန် အခွင့်မသာဖြစ်ခဲ့ရပေ၏။ ဆရာတော်ဘုရားကြီး၏ ဘာသာဋီကာတို့သည်လည်း အမှန်တကယ်ပင်ထိရောက် အကျိုးရှိလှပေ၏။ မိမိတို့တောရဆောက်တည် အားထုတ်ကြသော မဟာဂန္ဓာရုံမျိုးဆက်များအတွက် အထူးကိုအကျိုးများပေ၏။ အကြိမ်ကြိမ်ကြည့်ရှုရ၍စာအုပ်များပင် စုပ်ပြတ်နေလေပြီ။

🌲🌲🌲🧘‍♂️🧘‍♂️🧘‍♂️ဤကဲ့သို့ကျမ်းပြုစာချဆရာတော်ကြီးဘဝနှင့်ပင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို တောရကျောင်းသဘွယ်တိတ်ဆိတ်ငြိမ်သက်အောင် ဖန်တီးတော်မူခဲ့ပေ၏။ ဝိနည်းတော်နှင့်အညီနေထိုင်၍ရအောင် စနစ်တကျဖန်တီးတော်မူထားခဲ့၏။ ဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိသူသည် ဝိနည်းလေးစားဖို့ သဒ္ဓါတရားကောင်းကောင်းဖြင့် ပရိယတ္တိစာပေသင်ယူဖို့ တရားဘာဝနာအားထုတ်ဖို့လည်း အဖြစ်နိုင်ဆုံးဟုယုံကြည်တော်မူခဲ့ပေ၏။ ထို့ကြောင့်ပင်မဟာဂန္ဓာရုံကျောင်းတိုင်ကြီးတွင်နေထိုင်လိုသော ရဟန်းသံဃာမှန်သမျှသည် “စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ—“စသည့်စည်းကမ်းချက် ၁၀ ချက်ကို အစဉ်အတိုင်းလိုက်နာရမည်ဟု ချမှတ်ကျင့်သုံးစေတော်မူခဲ့ပေ၏။🌲🌲🌲🧘‍♂️🧘‍♂️🧘‍♂️

မိမိသည်တောရဆောက်တည်ကျင့်သုံးကာ ဤအချက်တို့ကိုဆက်လက်လိုက်နာ၍ ဆရာတော်ဘုရားကြီး၏ဆန္ဒတော်အတိုင်း နိုင်ငံတကာနှင့်ရင်ဘောင်တန်းလျက် သာသနာ့တာဝန်ထမ်းဆောင်နိုင်သော professional Theravāda Buddhist monk တစ်ပါးဖြစ်လာရန် ရိုးသားစွာအားထုတ်နေခြင်းမျှသာတည်း။ ထို့ကြောင့်အများမှားနေသောအမှားတို့ကိုထပ်မံ၍ မမှားလိုပေ။ ဤအကြောင်းကြောင့်ပင်မိမိ၏တောရဌာနတွင် အမှန်တကယ်သဒ္ဓါထက်သန်ပြီး မိမိအတွက်သူတပါးအတွက်သာသနာပြုလိုစိတ်အမှန်တကယ်ရှိသော သူတော်ကောင်းများကိုသာ ၁ မှ စ၍မွေးမြူမည်ဟု ဆုံးဖြတ်ထားပေ၏။

ယခုမိမိတို့ကျောင်းတိုက်ကြီးအတွက်လည်း မိမိဆန္ဒအတိုင်းဆိုလျှင် “No Tourist” to Mahagandhayon ဟူသော signpost ကိုချိတ်လျှက် တိုးရစ်သက်သက်ဝင်ရောက်ခွင့်ကို ပိတ်ပါမည်။ ပဓာနသာသနာ့တာဝန်ဖြစ်သော ပရိယတ်ပဋိပတ်တာဝန်ကိုသာ ပြည်တွင်းပြည်ပမှရောက်လာကြသော ရဟန်းသံဃာသူတော်ကောင်း လူသူတော်ကောင်းများအား လေ့လာသင်ယူကျင့်သုံးစေလျှက် နိဗ္ဗာန်နှင့်ဆီလျှော်အောင်ကျင့်သုံးနေထိုင်စေပါမည်။ နေထိုင်သွားပါမည်။ ဤအချက်ကို tourism တွင်လုပ်ကိုင်နေကြသော ထေရဝါဒီသူတော်ကောင်း အမျိုးကောင်းသားအမျိုးကောင်းသမီးများလည်း အထူးနှလုံးသွင်းစေလိုပါသည်။

ယခုသော် မိမိသည် Tourist များနှင့်ပတ်သက်၍ လက်ရှိဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသဆရာတော်ကြီးနှင့် ဘဒ္ဒန္တမဟိန္ဒ (အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ကြီးများအပါအဝင် ဆရာတော်အများစု၏ နှစ်ပေါင်းများစွာပွားများလာကြသော မေတ္တာနှလုံးသားသည်တားမြစ်ပိတ်ပင်ရန် မဖြစ်နိုင်လောက်အောင်နူးညံ့နေကြဆဲဖြစ်၍သာ နိုင်ငံခြားသားအများအပေါ် ပိတ်ပင်ရန်ဆန္ဒမရှိသေးသဖြင့်အားလုံးစိတ်ချမ်းသာမှုရှိစေရန် အလျှော်အတိုင်းဖြစ်သင့်သလောက်ဖြစ်ရန် လုပ်ဆောင်ပေးနေခြင်းမျှသာတည်း။ မိဆန္ဒအရဆိုလျှင် မနေ့ကတရုတ်တို့ရန်ဖြစ်သတ်ပုတ်ကြသည်အထိ အခြေအနေကို ကျောင်းတိုက်အပေါ်ဂါရဝကင်းမဲ့လာသည်ဟု ခံစားရပေ၏။ ထို့ကြောင့် ယခု မန္တလေး tourism မှ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ ညွှန်မှူး ဒုညွှန်မှူးများဖြင့် တွေ့ဆုံညှိုနှိုင်းလုပ်ဆောင်ကာ plan သုံးခုချမှတ်ထားပါပြီ။

ယခု plan A အရ ဆရာတော်ကြီးများဆန္ဒရှိသလို ပိတ်လည်းမပိတ်သေးဘဲ ကျောင်းတိုက်ကိုလည်း မလိုအပ်သည်များဖြင့်မရှုပ်ထွေးစေရအောင် စောင့်ကြည့်ကာလတွင် ဆောင်ရွက်စရာများကို စတင်ဆောင်ရွက်နေကြပေပြီ။ မိမိအနေဖြင့်ကား ကျောင်းတိုက်ကြီးရဲ့ဂုဏ်သိက္ခာကို ပစ်စလက်ခတ်ထိခိုက်မှုကို လုံးဝလက်ခံမည်မဟုတ်ပါ။ မိမိကြည်ညိုလေးစားတန်ဖိုးထားရသော ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ မွန်မြတ်စွာလေးနက်စွာ တည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် ဆရာတော်အများစု၏မေတ္တာဆန္ဒနှင့်လည်းလျှော်ညီအောင် ကျောင်းတိုက်အတွက်လည်း အနှောက်အယှက်မဖြစ်စေရအောင် tourism မှတာဝန်ရှိသူများကို ဆရာတော်နှင့်တွေ့ဆုံပေးကာ လျှောက်ထားညှိုနှိုင်းစေခဲ့၏။

plan B အရ ဆိုလျှင် အကယ်၍သံဃာတော်များအား ဆွမ်းစားချိန်အနှောက်အယှက်အရမ်းဖြစ်လာသော် ဆရာတော်များလည်း စိတ်အနှောက်အယှက်ဖြစ်သည်ဟု ခံစားချက်ဖြစ်ပေါ်လာသည်ရှိသော် tourist များအားဆွမ်းစားကျောင်းအထိလာကြည့်ရန်ပိတ်ပါမည်။ ဒီဘက်ကဆွမ်းခံပုံစံကို ယခုကျောင်းတိုက်၏ မြောက်ဘက်က ကားကြီးများရပ်ရာ ကွင်းပြင်ထဲတွင် LED board ထောင်၍ အဲဒီမှာသာ တိုက်ရိုက် live လွှင့်ထုတ်ပြသပေးပြီး အဲဒီမှာသာ LED board ၌ ကြည့်ချင်သလောက်ကြည့်လျှက် ပြန်ကြရန် စီစဉ်ထားပါကြောင်း။

Plan C အရဆိုလျှင် မထိမ်းနိုင်တော့၍ completely disturbed and annoyed ဖြစ်လာသောအခါ tourist လည်ပတ်ခွင့်ကို လုံးဝအပြီးပိတ်လိုက်တော့မည်ဟု စီစဉ်နေပါကြောင်း ဟော်တယ်ခရီးသွားနှင့် senior junior guides များအား အသိပေးလိုက်ပါရစေ။ ဤကားပြောင်းလဲလာသော ခေတ်ကာလအခြေအနေနှင့် လက်ရှိမဟာဂန္ဓာရုံဆရာတော်ကြီးများနှင့်အတူ ဆရာတော်အများစု၏ မေတ္တာဆန္ဒကိုစနစ်တကျဖြည့်ဆည်းပေးရန် မန္တလေးဟော်တယ်ခရီးသွားအသင်းရယ် ဂိုက်အသင်းရယ် မိမိရယ် အကောင်းဆုံးဖြစ်အောင် ညှိုနှိုင်းစီစဉ်ဖန်တီးကြခြင်းမျှသာတည်း။ အားလုံးပူးပေါင်းဆောင်ရွက်ကာ အကောင်းဆုံးဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံပါရစေ။ ဘုန်းဘုန်းရဲ့ဆန္ဒအတိုင်းဆိုလျှင် တိုးရစ်သက်သက်ကို ပိတ်ပစ်ဖို့သာဆန္ဒရှိပါကြောင်း။

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနှံ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကျိုးနပ်ပါစေ။

မပြီးနိုင်မစီးနိုင်မဟာဂန္ဓာရုံနှင့် tourism

မပြီးနိုင်မစီးနိုင်မဟာဂန္ဓာရုံနှင့် tourism

နားလည်လို့လုပ်တတ်ရင်အလွယ်လေး အများနဲ့လုပ်တယ်ဆိုတာ personal feeling ကို ရှေ့တန်းမတင်ရဘူး။ မညီသေးရင် သက်ဆိုင်သူတွေပါနိုင်သမျှပါအောင် စိတ်ရှည်စွာထည့်သွင်းစဉ်းစားဆွေးနွေးပြီး အချိန်ယူ၍စဉ်းစားရပါတယ်။ အထူးသဖြင့်ပညာရေးဆန်ဆန်အလုပ်လုပ်နေကြတဲ့ မဟာဂန္ဓာရုံလိုစာသင်တိုက်မျိုးနဲ့ဆိုရင်ပိုလို့တောင်စိတ်ရှည်အချိန်ယူညှိုနှိုင်းဖို့လိုပါတယ်။ ဆရာတော်များကိုလျှောက်ထားရပါတယ်။ ဆရာတော်များရဲ့ဆန္ဒမပါဘဲဘာမျှလုပ်လို့မရပါဘူး။ စည်းကမ်းဥပဒေဆိုတာမျိုးဟာလည်းရေးဆွဲနေစဥ်မှာ လက်တွေ့မဟုတ်သေးတဲ့အတွက် မှားနိုင်ပါတယ်။ လက်တွေ့မြေပြင်မှာကျင့်သုံးတဲ့အခါ ကီးမကိုက်တာ မှားနေတာဆိုရင်ပြုပြင်ရဲရမှာပါ။ မပြုပြင်လို့မှမရဘဲ။

ဘုန်းကြီးကတော့အများစိတ်ချမ်းသာစေရအောင် ကူညီပေးတာပါ။ စည်းနဲ့ကမ်းနဲ့လည်းဖြစ်မယ်။ အများလည်းစိတ်ချမ်းသာမယ်ဆိုရင် ဘုန်းကြီးအနေနဲ့ကူညီဆောင်ရွက်ပေးမှာပါ။ ဒီအသက်ဒီအရွယ်အထိ သာသနာတော်ကိုကြည်ညိုလို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ ဆန္ဒနဲ့အညီ ကြိုးစားနေထိုင်နေတာပါ။ ဆရာတော်ကြီးမှာတောရဆောက်တည်ချင်ပါလျှက် ပရိယတ္တိစာရေးစာချသံယောဇန်များပြီးတောမထွက်လိုက်ရတာကို ဖြည့်ဆည်းချင်လို့တောရဆောက်တည်ကျင့်သုံးနေတာ ခုဆိုရင်တောရဝါ ၁၆ ဝါရှိနေပါပြီ။

ငွေအလှူမခံကိုင်တွယ်သာယာခြင်းမရှိဘဲ ကိုယ့်ဆွမ်းကိုခံစား ကိုယ့်ဓမ္မဝိနယကိုယ်အားထုတ်နေတာ နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ ရဟန်းဘဝဆိုတာ လောကီအရှုပ်အထွေးကင်းဝေးပြီး ဓမ္မဝိနယသက်သက်ဖြင့်နေထိုင်ကျင့်ကြံလျှက် သူများကိုလည်းလမ်းမှန်ပြပေးဖို့ဖြစ်ရမှာပါ။ ကိုယ်တစ်ယောက်တည်းချမ်းသာဖို့ဆိုရင် ဒီလောက်အားမထုတ်ပါ။ ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ အဓိဋ္ဌာန်အတိုင်းနေထိုင်ပါတယ်။

“ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက် ငါဆောင်ရွက်သည်၊
ဆက်လက်တည်တံ့ပါစေသော်”။

ချစ်စရာလေးစားစရာပညာတတ် senior junior ဂိုက်အလိမ္မာများဖတ်ကြစေဖို့

ချစ်စရာလေးစားစရာပညာတတ် senior junior ဂိုက်အလိမ္မာများဖတ်ကြစေဖို့

တကယ်ဆိုဘုန်းဘုန်းဂိုက်တွေကို ပြည်တွင်းက ဘာသာရေး လူမှုရေး နိုင်ငံရေး သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြည်ပသားများသိမြင်လာအောင် ဆောင်ရွက်ပေးကြရသောကြောင့် ပြည်တွင်းမှအချက်အလက်အမှန်များကို ပြည်ပသို့တင်ပို့နိုင်သော ရေကြည်ပေါက်လေးများအဖြစ်မှတ်ယူကာ မြန်မာပြည်လိုမတိုးမတက်မဖွံ့ဖြိုးသေးဘဲ ကြမ်းတမ်းစွာဘဝကိုရုန်းကန်နေကြရတဲ့ “သဲကန္တာရထဲကရေကြည်တစ်ပေါက်”လို့ ဘုန်းဘုန်းတင်စားခဲ့ဘူးပါတယ်။ ဒါကြောင့်ဂိုက်ဆိုသူတွေကို senior တွေကိုရော Junior ကိုရော ဘုန်းဘုန်းမေတ္တာရှိပါတယ်။ တရားနဲ့ပတ်သက်တာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တာ curious သက်သက်မဟုတ်ဘဲ serious ဖြစ်တယ်ဆိုရင် တကယ်လက်ခံရှင်းပြပေးပါတယ်။ Why do you shave your hair? လောက်ဆိုရင်တော့ ရှင်းပြပေးဖို့စိတ်မဝင်စားပါဘူး။

ခုလည်းရွှေဂိုက်များတာဝန်ရှိသူများက ဆရာတော်များကိုခဏခဏအပူကပ်နေခြင်းထက် လက်ရှိစည်းကမ်းအတိုင်းသာ ဖြစ်နိုင်သမျှဝိုင်းပြီးပူးပေါင်းဆောင်ရွက်ကြပါလို့မေတ္တာရပ်ခံပါရစေ။ ဒီတိုးရစ်ရှုပ်ထွေးတဲ့အချိန်ဟာ ဆွမ်းခံကြွချိန်လေးမျှသာပါ။ တကယ်ဆိုရင် မနက် ၉:၃၀ နာရီမှ ၁၀:၃၀ ၁၁ နာရီ တစ်နာရီပိုပိုမျှလောက်သာကြာတာပါ။ အဲဒါကို မဖြစ်နိုင်တဲ့စကားတွေ ကမ္ဘာပျက်တော့မဲ့အခြေအနေစကားတွေကို မြောက်ကိုးရီးယားနဲ့အမေရိကန် နယူကလီးယားကိစ္စဖြေရှင်းနေသလိုမျိုးတွေ ပြောနေကြမည့်အစား ဂိုက်များရယ် လက်ရှိဆွမ်းစားချိန်အခိုက်မှာ တာဝန်ချပေးထားတဲ့ သံဃာများရယ် ညီညွတ်စွာဝိုင်းဝန်းတိုင်ပင်စောင့်ရှောက်ကြမယ်ဆိုရင် အဆင်ပြေမှာပါ။

မဟာဂန္ဓာရုံကျောင်းတိုက်ဆိုတာက ဟိုရှေးပဝေသနီ ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရှိစဉ်ကတည်းက နိုင်ငံတကစိတ်ဝင်စားခံခဲ့ရတဲ့ကျောင်းတိုက်ကြီးပါ။ ဒါကြောင့်နိုင်ငံတကာက တကယ့်ပညာရှင်တွေ ပါရဂူကြီးတွေသုတေသနစာတန်း doctorate dissertation ရေးလိုတဲ့သူတွေ မကြာကြာရောလာပြီးပညာယူကြရလောက်အောင် အစဉ်အလာရှိခဲ့တဲ့ကျောင်းတိုက်ကြီးပါ။ ယခုဘာမဟုတ်တဲ့ စည်းမဲ့ကမ်းမဲ့ undisciplined tourists တိုးရစ်များကြောင့်သာ စကားများစရာဖြစ်လာခဲ့တာပါ။

သို့သော် ခုတလောဘုန်းဘုန်းတို့တွေဆွေးနွေးတိုင်ပင် ဆရာတော်ကြီးထံလျှောက်ထားပြီးလုပ်သင့်တဲ့လှုပ်ရှားမှုတွေကို လုပ်လိုက်ကြတဲ့အခါ positive result တစ်ခုတော့ရလာတာအမှန်ပါ။ ဒါကိုအားလုံးဝမ်းသာဖို့ကောင်းပါတယ်။ ခေတ်ရေစီးကြောင်းမှာလျှောက်လှန်းနေကြတဲ့ပညာတတ်များပီပီ သဘောကြီးကြီးနဲ့ဝိုင်းဝန်းဆောင်ရွက်ကြရင် ရေရှည်ဖြစ်နိုင်ခြေရှိတယ်လို့ဘုန်းဘုန်းမြင်ပါတယ်။

ခုကိုက အရင်နဲ့စာရင်ဘုန်းဘုန်းတို့အများကြီးစိတ်ချမ်းသာရပါပြီ။ စည်းကမ်းတွေလည်းအများကြီးကောင်းလာပါပြီ။ ဆေးသောက်ခြင်းစကားများခြင်းမရှိတော့သလို ပြောရင်လည်းသေချာလေးလေးနက်နက်လိုက်နာလာတာကိုတွေ့နေရပါပြီ။ သူတို့တွေအတွက်ကန့်သတ်ပြီး ကြိုးလေးတန်းထားတာမျှကိုပင် တိုးတာဝှေ့တာတွေမတွေ့ရတော့ဘဲ ငြိမ်သက်စွာကြည်ညိုတတ်လာတာကိုတွေ့ရပါပြီ။ ဒါဟာစိတ်ကြည်နူးစရာပါ။ ဘုန်းဘုန်းကနေ့စဉ် on the ground ထိမ်းသိမ်းပေးရတာမို့ကိုယ်တွေ့ပြောနေတာပါ။ ဗလာဗလာပြောနေတာမဟုတ်ပါ။

ပြီးတော့ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ senior junior tourist guides ပေါင်းစုံများကိုလည်း သနားလို့ဝိုင်းလုပ်ပေးနေတာပါ။ သူတို့လေးတွေလည်းတလေးတစားပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရလို့ကြည်နူးပီတိဖြစ်ရပါတယ်။ တခါတလေဘုန်းဘုန်းသာသနာပြုကိစ္စနဲ့ ပြည်ပထွက်တောရကျောင်းသွားချိန်ဖြစ်နေလျှင်ပင် ဆက်သွယ်ဆောင်ရွက်လို့လွယ်ကူအောင် ဓမ္မာစရိယတန်း ကျမ်းပြီးဓမ္မာစရိယ အင်္ဂလိပ်စာလည်းအထိုက်အလျှောက်တတ်နေပြီဖြစ်တဲ့ တပည့်တွေကိုတာဝန်ပေးထားပြီးပါပြီ။ လိုအပ်လာရင်ဆရာတော်ကြီးတွေကိုလျှောက်ထားပြီး ဆရာတော်များရဲ့ဆန္ဒအတိုင်းဆောင်ရွက်ကြဖို့မှာထားပြီးပါပြီ။

ဒီတော့ဘုန်းဘုန်းအားလုံးချမ်းသာဖို့ဘယ်လောက်အထိမေတ္တာထားနေတယ်ဆိုတာကို တကယ်နားလည်ပေးကြဖို့ပါ။ အခက်အခဲဆိုတာက မြန်မာပြည်ရဲ့ဘယ်နေရာမှာမဆိုရှိနေဆဲပါ။ ဟိုတုန်းက အဆင်မသင့်ရင် ထောင်ထဲအထိရောက်နိုင်တဲ့အခက်အခဲတွေကို ဘုန်းဘုန်းတို့တွေ ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ ခုအချိန်မှာ အဆင်မပြေတာကို စိတ်ရှည်ရှည်သဘောထားကြီးကြီးနဲ့ ဝိုင်းပြီးဆွေးနွေးအဖြေရှာရင် အဖြေထွက်တစ်စုံတရာဖြစ်နိုင်တဲ့ခေတ်ပါ။ အခက်အခဲဆိုတာကတော့ရှိနေမှာပါ။ “You can’t make an omelette without breaking egg”. တဲ့ ကြက်ဥကြော်တာတောင်မှ ဥကိုမခွဲဘဲကြော်လို့မရပါဘူးတဲ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။

ဒါကြောင့်လက်ရှိမြန်မာ့ယဉ်ကျေးမှု မြန်မာ့စိတ်နေစိတ်ထားများအရ အရာရာကိုစိတ်ရှည်သည်းခံ အသိဉာဏ်ကိုသုံးပြီးကျော်ဖြတ်နိုင်အောင်ကြိုးစား ဖို့လိုပါတယ်။ တဆိတ်ရှိ Facebook ပေါ်တက်ပြီး ကိုယ့်ခံစားချက်အတိုင်းဖွတာမျိုးတွေမလုပ်ကြပါနဲ့လို့မေတ္တာရပ်ခံချင်ပါတယ်။ ဘုန်းဘုန်းတို့မြန်မာပြည်သားအချင်းချင်း အနှစ်သာရအားဖြင့်စည်းလုံးညီညွတ်နေကြမှသာ တိုင်းပြည်နဲ့လူမျိုးအားအင်ရှိနေမှာပါ။ သူများတိုင်းတပါးက စော်ကားလို့မရမှာပါ။ ကိုယ့်အချင်းချင်း အနှစ်သာရရှိရှိမညီညွတ်ရင် ကိုယ်သာနစ်နာကြမှာပါ။ သတိထားကြဖို့အသိဉာဏ်ရှိကြဖို့လိုပါတယ်။

မိမိတို့မြန်မာပြည်ရဲ့ အခြေအနေဟာ နိုင်ငံတကာပုံစံအထိအဆင့်မမြင့်သေးဘူးဆိုတာ အတွေ့အကြုံရှိသူတိုင်းသိပါတယ်။ ခံစားကြည့်နိုင်ပါတယ်။ တတ်နိုင်သမျှ ညီညွတ်မှုတွေပြိုကွဲပြီး ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့ လုပ်ရပ်မျိုး အပြောအဆိုအပြုအမူအရေးအသားမျိုးတွေကိုရှောင်ကြပါလို့ မေတ္တာရပ်ခံပါရစေ။ ဘုန်းကြီးတို့ ၅၀ မျိုးဆက်တွေဟာ ကိုယ့်အတွက်ကိုယ်ခံစားဖို့ထက် နောင်မျိုးဆက်တွေအတွက် ကိုယ်ကြိုးစီးပွားကိုစွန့်လွှတ်ပြီး သင်ခန်းစာကောင်းတွေထားခဲ့ဖို့သာကြိုးစားသင့်ပါကြောင်း။ သို့မှသာမြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်၎င်း သင့်တို့ရဲ့သားသားမီးမီးမြေးမြစ်မျိုးဆက်အတွက်၎င်း တာဝန်ကျေမည်ဖြစ်ပါကြောင်း အပ္ပမာဒေန သမ္ပာဒေထ။

အားလုံးသတ္တဝါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ

အားလုံးသတ္တဝါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ
🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️

“အသက်သာကြီး၊ ဉာဏ်မကြီး၊ ကြီးတာအလကား။
အသက်လည်းကြီး၊ ဉာဏ်လည်းကြီး၊ ကြီးတာတန်ဖိုးများ”။

“အသက်ငါးဆယ်မှ ကျော်ကြသူငါ။
သေမင်းနယ်ထဲ ရဲရဲဝင်ကာ။
ဘယ်နေ့ဘယ်ရက် နေ့ရက်မသေချာ။
တရားပွား စောင့်စားသက်မွေးပါ။”

“တရားမပွား ပျော်ပါးနေလျှင်။
မေ့လျှော့ပေါ့ဆ ဗာလလိုပင်။
သေမည့်ဘေးနှင့် အရေးကြုံလျှင်။
သင်ဘာများ အားထားသေမည်ထင်။”

အင်း—မိမိသည် ✔️🧘‍♂️ဧကသနိက် ✔️ပတ္တပိဏ္ဍ ✔️ခလုပစ္ဆာဓုတင်များကို ✔️🧘‍♂️ရာသက်ပန်ပြည်ပနိုင်ငံများတရားပြကြွလျှင်ပင် ကပ္ပိယဒါယကာဖြင့် မဖြစ်ဖြစ်အောင်ကျင့်ကြံအားထုတ်နေတာ ယခုဆိုလျှင် နှစ်ပေါင်းသုံးဆယ်လောက်ရှိေနပါပြီ။ ဘယ်တုန်းကမှဘာအကြေင်းကြောင့်မျှမဖျက်ပါ။

ပုံမှန်အားဖြင့်မိမိသည် မနက် ၉:၀၀ နာရီ ဆွမ်းခံထွက် ၉:၄၅ နာရီလောက်ဆိုရင် ဆွမ်းဘုဉ်းပေးပါတယ်။ ခုတော့ ကျောင်းတိုက်သို့ လာရောက်လည်ပတ်ကြသော တရုတ်တိုးရစ်တို့မငြိမ်မသက်ဖြစ်ရာကနေ ဆရာတော်ကြီးများစိတ်ချမ်းသာမှုနှင့် သံဃာများဆွမ်းခံကြွရာတွင် တိုးရစ်များကြောင့်အနှေက်အယှက်မဖြစ်စေရန် ဆွမ်းစားကျောင်းဘက်တွင် တပည့်ဦးပဉ္ဇင်းများနှင့်အတူ ဝိုင်းဝန်းထိမ်းသိမ်းပေးနေရ၍ ပုံမှန်စားချိန်မဟုတ်တော့ဘဲ ပိုက်ဆာသည်ကိုအောင့်အဉ်းကာ ဆွမ်းစားကျောင်းတွင်ထိမ်းသိမ်းရေးတာဝန်ပြီးမှ ၁၀:၄၅နာရီခန့်တွင်ဆွမ်းစားရပေ၏။

မိမိတို့ဝိုင်းဝန်းစောင့်ရေှာက်ပေးနေခြင်းမှာစနစ်တကျ စည်းကမ်းရှိရှိ ဂါရဝတရားအပြည့်ဖြင့် သံဃာနှင့်ကျောင်းတိုက်ဂုဏ်ကိုကြည်ညိုနိုင်ကြစေရန်ရိုးသားစွာအားထုတ်နေခြင်းသာတည်း နိုင်ငံရေးသဘော လာဘ်လာဘသဘော စသည်များမပါဝင်ပါကြောင်း မိမိအနေဖြင့်ဆိုရသော် ဆွမ်းချိန်ပုံမှန်မဖြစ်၍ အစာအိမ်ရောဂါပင် မဖြစ်စေရအောင် သတိဖြင့်ထိမ်းသိမ်းစောင့်ရေှာက်နေရပါကြောင်း။ ဤကား မိမိ၏ကျောင်းတိုက်နှင့်သာသနာတော်အပေါ်ထားသော စေတနာသာဖြစ်ပေတော့၏။

ဤဖေဖေါ်ဝါရီလသည်မိမိ၏ မွေးလလည်းဖြစ်သောကြောင့် ဖြစ်သမျှကိလေသာတို့ကို သတိပဋ္ဌာန်အခြေခံသော ဝိပဿနာဖြင့် သွားရပ်ထိုင်လျှောင်းဣရိယာပုထ်လေးပါးလုံးတွင် အဆက်မပြတ်ရှုမှတ်ပွါးများကာ လာမည့်ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်မည့် မိမိ၏ ၅၃ နှစ်ပြည့်မွေးနေ့ ၅၄ ကြမ်မြောက်မွေးနေ့တွင် ဤမဟာဂန္ဓရုံကျောင်းတိုက်၌ပင် မိမိ၏တပည့်ဒါယကာများနှင့်အတူ သံဃာကုန်သံဃိကဆွမ်းကပ်လှူကြမည်ဖြစ်ပါကြောင်း။

ညနေခင်းဘက်တွင် မိမိ၏တပည့်များနှင့်အတူ စစ်ကိုင်းမန္တလေးစသည်တို့၌ လက်လှမ်းမီဘိုးဖွားရိမ်သာများသို့ သွားရောက်ကာ ဒါနကုသိုလ်ယူမည်ဖြစ်ပါကြောင်း။ ထို့ကြောင့်မိမိသည် ဤမွေးလတွင် တတ်နိုင်သမျှ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာအကျင့်မြတ်ဖြင့် မိမိသူတပါးနှစ်ဦးသား စိတ်ချမ်းသာအောင်ကြိုးစားနေထိုင်နေပါကြောင်း သူတော်ကောင်းများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေသော်။

My 54th birthday is coming soon; it is February 12, 2019. From now onward, I’m practicing ‘Mindfulness-Based Vipassanā” meditation intensively from moment to moment by being non-judgmentally aware of all the negative and positive emotions that are very conditioned to see them as they are till February 12, 2019, my birthday.

Only then will I be able to experience with true happiness without getting involved in the negative and positive emotions and be able to achieve Right Understanding. Everybody, Buddhist or non-Buddhist can achieve the same quality of true happiness and Right Understanding when you can practice “Mindfulness-Based Vipassanā” meditation as I do. This is actually the technique that can make everyone of us truly happy when it is practiced.

If you are Buddhist, it will make you a happy Buddhist. If you are a Christian, it will make you a happy Christian. If you are a Muslim,it will make you a happy Muslim. If you are a Jewish, it will make you a happy Jewish. If you are a Hindu, it will make you a happy Hindu by making you not to get involve in any negative 👎 and positive 👍 emotions by seeing them as they are and by letting them go.