အသက်ငါးဆယ်၊ ငါ့အရွယ်ကား၊
ကြီးရင့်ဇာရာ၊ တိုး၍လာလည်း၊
နာခြင်းဗျာဓိ၊ ကင်းနေဘိ၍၊
စိတ်၏လိုရာ၊ ကိုယ်လည်းပါလျှက်၊
ကိုယ်ကျိုးသူ့ကျိုး၊ ရွက်သည်ပိုးကာ၊
လှုပ်ရှားတက်ကြွ၊ လုပ်နေရ၏။
ငါ၏အရွယ်၊ သက်ငါးဆယ်တွင်၊
အများကောင်းကျိုး၊ ငါထမ်းပိုး၍၊
ငါ့ဝိနည်းနှင့်၊ ငါ့ကျင့်သင့်သည့်၊
စည်းကမ်းများစွာ၊ ကျင့်ကြံကာပင်၊
ငါထမ်းပိုးလာ၊ အလွန်ကြာခဲ့။
တောကိုလည်းထွက်၊ တရားစက်ကို၊
လည်ပတ်စေရန်၊ စိတ်အားမာန်ဖြင့်၊
တစ်ထပ်သောဆွမ်း၊ မပင်ပန်းရန်၊
ဆွမ်းခံစားလျက်၊ အသက်ဆက်ကာ၊
တရားကိုသာ၊ ငါကျင့်လာခဲ့။
ယခုအခါ၊ တရားအစာကို၊
ငါမျှဝေကာ၊ ကျွေးချင်တာကြောင့်၊
ပြည်တွင်းပြည်ပ၊ အနှံကြွ၍၊
ပင့်ဖိတ်တိုင်းသာ၊ ငါ့မေတ္တာဖြင့်၊
ကြွရောက်ပေးဝေ၊ ကျင့်ကြံစေခဲ့။
တောရတွင်ကား၊ ပရိယတ်အားနှင့်၊
ပဋိပတ်ပါ၊ ကျင့်ချင်တာကြောင့်၊
ရွေးချယ်လက်ခံ၊ ဝိနည်းသန်၍၊
ဉာဏ်လည်းထက်မျက်၊ အကျင့်ဖက်တွင်၊
မငြိုမငြင်၊ ကျင့်နိုင်လျင်သာ၊
လက်ခံစဉ်းစား၊ နေစေငြားအံ့။
ဤကားငါ၏ မက်မိသမျှ အိပ်မက်လှတည်း။