ဘဝသည် plan ချ၍နေထိုင်မှသာ မိမိရည်မှန်းချက်များ လုပ်ရပ်များအပေါ်ပြန်လည်သုံးသပ်နိုင်ပေလိမ့်မည်။ သို့မှသာချွတ်ချော်တိမ်းပါးမှုများမှသင်္ခန်းစာယူတတ်ခြင်း၊ ရှေ့ဆက်ရမည့်လမ်းခရီးအတွက် ပိုမိုတိကျစွာ ဆက်လက်အားထုတ်ခြင်းများကိုပြုနိုင်ပေလိမ့်မည်။ သို့မဟုတ်က ပေါ့တန်တန်ဖြင့်သာ ဘဝကိုဖြတ်သန်းနေသူတစ်ယောက် ဖြစ်ကောင်းဖြစ်သွားနိုင်ပေ၏။ ထိုသို့ဖြစ်လျှင် မိမိ၏တန်ဖိုးရှိလှသောဘဝမှ ဘာတစ်ခုကိုမျှ သင်္ခန်းစာယူတတ်မည်မဟုတ်တော့ပေ။
ယခုအခါမိမိသည်အသက် ၅၀-ပြည့်မြောက်ခဲ့ပေပြီ။ ၅၁-နှစ်အထဲသို့ ဝင်ရောက်ခဲ့ပေပြီ။ “ငါကာင်းမှုတွေဘာတွေလုပ်ထားပြီးပြီနည်း။ လူသားများကောင်းကျိုးချမ်းသာအတွက် ငါဘာတွေလုပ်ထားပေးပြီပြီနည်း”ဟု ပြန်လည်စဉ်းစားမိသောအခါ အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးတွေကို ကြိုးစားအားထုတ်ခဲ့သည်ကား သက်သေပြစရာအခိုင်အမာ ရှိပေ၏။ ချွတ်ချော်တိမ်းပါးမှုများမရှိဘူးလားဟုဆိုသော် မိမိကချွတ်ချော်သည်ဟု မထင်မှတ်သည့်တိုင်အောင် သူတပါးက ချွတ်ချော်တိမ်းပါးသည်ဟု မှတ်ယူထားသည့်အရာများရှိနိုင်ပေ၏။
ဗုဒ္ဓအရှင်မြတ်ပြီးလျှင် ဉာဏ်ပညာအရာ၌ အထူးချွန်အထက်မျက်ဆုံးဖြစ်သော အရှင်သာရိပုတြာကဲ့သို့သော ပညာရှင်ဉာဏ်ကြီးရှင်သည်ပင် တပည့်ရွှေပန်းတိမ်သည်လေးကို တရားပြပေးသောနည်းသည် မှားယွင်းနေသောကြောင့် မြတ်ဗုဒ္ဓပြုပြင်ပေးတော်မူခဲ့ရပေ၏။ အရှင်သာရိပုတြာ၏ ထူးခြားချက်ကား ၇-နှစ်သားကိုရင်လေးပင်ဖြစ်ပါစေ သူ့ကိုထောက်ပြဝေဖန်လျှင် ရိုရိုသေသေလက်ခံတတ်သလို ထောက်ပြဝေဖန်ကြရန်လည်း ရိုသေစွာဖိတ်မန္တကပြုထားပေ၏။ ပညာတတ်ပညာရှိတို့၏ အပြုအမူပေတည်း။
မိမိသည်လည်း အနှစ် ၅၀-အထိဘဝခရီးရှည်မာရသွန်ပွဲကြီးကိုနွဲလျှက် အခက်အခဲများစွာကိုတွေ့ကြုံဖြတ်သန်းလျှက် ပြေးလာခဲ့သည်မှာ အကောင်းဆုံးအလုပ်တွေကိုသာ အကောင်းဆုံးစိတ်စေတနာဖြင့် တစိုက်မတ်မတ်အားထုတ်ခဲ့။ ခလုပ်မထိဆူးမငြိသေးပေ။ ရောဂါအနာတရလည်းကင်းနေဆဲတည်း။ လုပ်ရသည့်အလုပ်သည်လည်း မိမိ၏ကာမဂုဏ်ချမ်းသာခံစားမှုကို စွန့်လွှတ်ကာ အများချမ်းသာစေသောအလုပ်များသာဖြစ်၏။ မေတ္တာကရုဏာကိုယ်ကျင့်သီလပညာခန္တီစာဂ စသည့်သူတော်ကောင်းတရားတို့ကို အခြေခံလုပ်ရသောအလုပ်ဖြစ်၍ အများထံမှလည်းမေတ္တာရောင်ပြန် ပြန်၍ရနေပေ၏။
ထို့ကြောင့်မိမိနှင့်ဆက်စပ်သူများ စိတ်ချမ်းသာမှုများကြပေ၏။ မိမိသည်တခါတလေ အဆင်မပြေ၍ဆူငေါက်မိလျှင်ပင် မိမိအပေါ်နားလည်ပေးသောတပည့် ဒါယကာများသာများပေ၏။ ယခုအခါဝိပဿနာအကျင့်ကို ကိုယ်တိုင်အားထုတ်ခဲ့သည်မှာ ၂၈-နှစ်ပင်ကျော်လာခဲ့ပေပြီ။ အခြားသူများကိုလည်း သင်ပြပေးကာအားထုတ်စေခဲ့ပေ၏။ ပြည်တွင်း၌သာမက ပြည်ပသို့လည်းသွားရောက် သင်ပြကျင့်ကြံစေခဲ့ပေ၏။ တောရဆောက်တည်ကျင့်ကြံအားထုတ်နေသည်ပင် ယခုအခါ ၁၅ နှစ်မြောက်သို့ရောက်ခဲ့ပေပြီ။
သို့သော်အတိတ်တို့သည် သင်ခန်းစာယူစရာများသာတည်း။ မှန်ကန်ကောင်းမွန်သောလုပ်ရပ်များဘက်ကရော မှားယွင်းချွတ်ချော်သော လုပ်ရပ်များဘက်ကရော သင်ခန်းစာယူရုံမှတပါး အခြားဘာမျှအသုံးဝင်မည်မဟုတ်ပေ။ အတိတ်ကအောင်မြင်မှုများကို အမှတ်ရလျှက် တပြုံးပြုံးဖြင့်နေထိုင်ခြင်းသည်လည်း လက်တွေ့မကျတော့သလို အတိတ်က ကျရှုံးမှုတွေအပေါ် တတွေးတွေးဖြင့် ဝမ်းနည်းပူဆွေးနေခြင်းသည်လည်း အဓိပ္ပါယ်မဲ့လှပေ၏။ အသက်အရဆိုလျှင်မိမိသည် အသက်(၁၀၀)နေရမည်ဆိုခဲ့သော် ယခုအခါအသက်(၅၀)ဟူသည် ထက်ဝက်ကျိုးလာခဲ့ပေပြီ။ အတွေ့အကြုံတို့သည်လည်း လွန်စွာမှများပြားခဲ့ပေပြီ။
မိမိသည် (၅၁)နှစ်မှစ၍ ပြီးခဲ့သောအတိတ်များထက် ပို၍ပို၍အကောင်းဆုံးများကို ထပ်၍ကြိုးစားမည်။ ပြည်တွင်းပြည်ပမခွဲခြားပဲ လူကိုလူဟုပင်ရှုမြင်နိုင်သော ဒီထက်ပို၍တိတိကျကျဆိုရသော် သတ္တဝါမှန်သမျှသည် ယောက်ျားမိန်းမလိင်ကွဲပြားမှုမရှိ ရုပ်နှင့်နာမ်သဘောသဘာဝမျှသာဖြစ်၏ဟူသော တကယ့်ပရမတ္ထစစ်စစ်ကိုရှုမြင်နိုင်သော ဉာဏ်စစ်စစ်ရအောင် အားထုတ်မည်။ အထူးသဖြင့်မိမိသည် ယခုအခါ senior-aged သို့ရောက်လာ၍ junior-aged များအတွက် အားဆေးတစ်ခွက်ဖြစ်အောင်နေထိုင်မည်။
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသော ဂဏ္ဍများ၌ မိမိတတ်နိုင်သမျှ မိမိအားကြည်ညိုလေးစားမှုရှိကြသော လူကြီးလူငယ်တပည့်ဒါယကာများနှင့်တွဲဖက်၍ အကောင်းဆုံးဖြစ်အောင် ကူညီထောက်ပံ့သွားမည်။ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာတရားရှုနည်းကို မိမိကိုယ်တိုင်လည်းပို၍လက်တွေ့ကျစွာ ကျင့်ကြံအားထုတ်မည်။ စိတ်ဝင်စားကြသောပါရမီရှင် သူတော်ကောင်းများအားလည်း ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ စနစ်တကျသင်ပြကျင့်ကြံစေမည်။
အထူးသဖြင့်တော့ ကျန်ရှိနေသော မိမိ၏ဘဝနေထိုင်နည်း အရည်အသွေးဖြင့် လူကြီးလူငယ်အားလုံးအတွက် အားတက်စရာဖြစ်အောင် နေထိုင်သွားလိုသော စိတ်ဆန္ဒအခိုင်အမာရှိပေ၏။