အပူအအေးလောကသဘာဝနှင့် သတိပဋ္ဌာန်အခြေခံသောဝိပဿနာဆက်စပ်ပုံနှင့် လက်တွေ့အသုံးဝင်လှပုံ

အပူအအေးလောကသဘာဝနှင့် သတိပဋ္ဌာန်အခြေခံသောဝိပဿနာဆက်စပ်ပုံနှင့် လက်တွေ့အသုံးဝင်လှပုံ

မနက်ဖန်မန္တလေးခဏလာမလို့လို့ အတော်စဉ်းစားနေရတယ်။ သတိပဋ္ဌာန်အခြေခံသောဝိပဿနာ Mindfulness-Based Vipassanā အပူကာကရိယာကို တတ်ဆင်ပြီးဆင်းရလိမ့်မယ်။ Mindfulness-Based Vipassanā tool က ရုပ်ကိုအပူထိသော်လည်း စိတ်ဖိစီးမှုမဖြစ်အောင် ခုခံအားကောင်းအောင် စွမ်းဆောင်ပေးနိုင်တဲ့ကရိယာတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲက attention ခလုပ်ကိုဖွင့်ပြီး ပူတယ်အေးတယ် analyze မလုပ်ဘဲ အရှိကိုအရှိအတိုင်း mindfully and wisely observe လုပ်ပေးနေရုံမျှပါပဲ။ မမေ့မလျှော့တဲ့သတိတရားတော့လိုတာပေါ့။

☝️🧘‍♂️😍ဒီနေရာမှာ ဗြိတိသျှကဗျာဆရာကြီး Rudya Kipling ရဲ့ “If” ဆိုတဲ့ ကဗျာထဲကစာသားလေးကိုသွားအမှတ်ရတယ် အဲဒါက “If you can meet triumph and disaster, treat those impostures just the same, you will be a man, my son.” တဲ့။ အကယ်၍သင်ဟာ ပူခြင်းအေးခြင်းအောင်မြင်ခြင်းကျရှုံးခြင်းနှစ်ခုနှင့်တွေ့နိုင်သည်ရှိသော် ထိုနှစ်မျိုးစလုံးကို ခဏနေပျောက်ကွယ်(အနိစ္စ)သွားကြမည့်အရာတွေပဲဟု အရည်အသွေးတူရှုမြင်နိုင်သည်ရှိသော် မင်းဟာလူဖြစ်ပြီငါ့သား”တဲ့။ ဝိပဿနာစွမ်းအားတွေအများကြီးပါနေတာကိုတွေ့ရလို့ ဘုန်းဘုန်းအလွန်နှစ်သက်ရသောကဗျာလေးပါ။☝️🧘‍♂️😍

တကယ်ဆို ကမ္ဗောဒီးယားကိုသွားမယ်လို့စီစဉ်နေတာ။ မပြီးပြတ်သေးတဲ့သတိပဋ္ဌာန်အခြေခံသောဝိပဿနာ သင်တန်းတရားစခန်းထပ်ပြီးဖွင့်လှစ်သင်ပြပေးဖို့ သွားဖို့လိုနေတာပါ။ သူတို့လည်း အပူသက်သာတဲ့လကိုပင့်ဖို့စီစဉ်နေတယ်ဆိုတာကိုတော့သိထားပြီးသားပါ။ မိမိကိုယ်တိုင်ကလည်း အသက်ကြီးအလွန်မကြီးသေးခင် ကမ္ဗောဒီးယားနိုင်ငံရဲ့ထေရဝါဒဘယ်လောက်အထိ အခိုင်အမာရှိနေသေးလဲဆိုတာကို လေ့လာရင်းတရားစခန်းများဖွင့်လှစ်ပြီးသင်ပြပေးရင်း တစ်ဝါလောက်ဝါဆိုပြီး ကမ္ဗောဒီးယားကညီတော်နောင်တော်သံဃာတော်များနဲ့ချစ်ခင်ရင်းနှီးစွာနေထိုင်ပြီးလေ့လာကြည့်မယ်လို့စဉ်းစားနေတာလည်းပါပါတယ်။

ဒါပေမဲ့မနေ့က တပည့်ကြီးတစ်ယောက်ဖြစ်တဲ့ မန္တလေးကအထက်တန်းပြ ရူပဗေဒဆရာမကြီးဒေါ်ချောအိလှိုင်က ကမ္ဗောဒီးယားမှာ အပူလွန်ကဲလို့ ကျောင်းတွေတောင် ခဏစာသင်ချိန်လျှော့ထားရကြောင်း သတိပေးလာတော့ စဉ်းစားနေရတယ်။ အေးတဲ့ရာသီမှာမွေးလာတော့ အပူတော့ကြောက်တယ်။ ခုတောင်ပေါ်မှာက 27C ဆိုတော့နေလို့ အတော်ကို ကောင်းနေပါသေးတယ်။ တရားထိုင်ရတာလည်း သဘာဝအအေးဓာတ်နဲ့ပဲထိုင်လို့ရနေပါတယ်။ ညပိုင်းနဲ့မနက်အစောမှာပိုပြီးထိုင်လို့ကောင်းပါတယ်။

တကယ်တော့ ပရိယတ်ပဋိပတ် သာသနာတော်နှစ်ရပ်ပြိုင်တူထွန်းကားနိုင်ဖို့ဆိုတာ အတော်အတန့်အသိဉာဏ်မျိုးနဲ့ မဖြစ်နိုင်ပါဘူး။ မိမိ၏ခမည်းတော်ကြီး ပြောသွားတဲ့ “တရားပြဆရာကောင်းမရရင် အပါယ်လားသူများတတ်တယ်”ဆိုတဲ့ စကားဟာ သူ့အတွေ့အကြုံသူ့အသက်အရွယ်နဲ့ပြောသွားတာဖြစ်နေလို့ မှန်သလောက်မှန်တယ်ဆိုရမှာပါ။

ဓမ္မစစ်ဆိုတာဟာ ဘာသာတရားတွေနဲ့မဆိုင်ပါဘူး။ အလွန်သိမ်မွေ့နက်နဲခက်ခဲပါတယ်။ ဒါပေမဲ့ သတိလေးထားပြီးဉာဏ်နဲ့ခန္ဓာမှာဈာန်သွင်းကြည့်နိုင်ရင်တော့ အသေအချာမြင်နိုင်ပါတယ်။ ဒီလိုဓမ္မစစ်စစ်ကိုမြင်လာတဲ့အခါတော့ ဘာသာတရားဆိုတဲ့ယုံကြည်မှုသက်သက်ဟာမိမိရဲ့ကိလေသာတွေနဲ့ကျဉ်းမြောင်းဆင်းရဲလှတဲ့စိတ်ကို အကျဉ်းချထားတာနဲ့အတူတူသာဖြစ်ပါတယ်ဆိုတာပိုမြင်လာပါလိမ့်မယ်။

အဲဒီအခါအစွဲတွေပြုတ်ထွက်ပါတယ်။ တရားနာရုံသက်သက်သီအိုရီနဲ့ အစွဲပြုတ်အသိ knowledge တော့ရပါမယ် တကယ်အစွဲမပြုနိုင်သေးပါဘူး။ လက်တွေ့ကျင့်သုံးတော့မှသာ သမာဓိပညာအစွမ်းအလိုက် အစွဲပြုတ်ရပါတယ်။ ဓမ္မစစ်ကိုမြင်နိုင်ဖို့က names and labels တွေကိုခွာပြီး လေ့လာရှုပွားနိုင်မှသာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း names and labels တွေထဲမှာ ကျဉ်းချကာ ဘာသာရေးအကျဉ်းသမားအဖြစ်ဖြင့်မနေသင့်ပါဘူး။ သတိပဋ္ဌာန်အခြေခံသောဝိပဿနာကို ဘက်တွေ့ကျင့်သုံးကာ နာမည်ပညတ်တွေမှထွက်နိုင်အောင်ကြိုးစားရပါမယ်။

ဒီဓမ္မအစစ်ထွန်းကားနိုင်ဖို့က ရဟန်းမှန်သမျှအတွက် ကမ္ဘာ့ဘယ်နိုင်ငံမှာနေနေ ဝိနည်းကိုအသက်နဲ့လဲထိမ်းနိုင်မှု ဂုဏ်လာဘ်ပရိတ်သတ်မငဲ့ကွက်မှု ဓမ္မဝိနယကိုသာဦးထိပ်ထားမှုတွေနဲ့အများကြီးကိုဆိုင်ပါတယ်။ ဓမ္မဝိနယ ပရိယတ်ပဋိပတ် ဒီနှစ်ခုမထွန်းကားရင်လည်း သာသနာအစစ် ဓမ္မအစစ်ထွန်းကားဖို့မဖြစ်နိုင်ပါဘူး။

ဒီနှစ်ခုကိုအချိုးညီညီပေါင်စပ်ပေးနိုင်မှသာ ပဋိဝေဓဆိုတဲ့သာသနာစစ် ဓမ္မစစ်ထွန်းကားနိုင်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းသော ခမာလူမျိုးများနေထိုင်ရာ ကမ္ဗောဒီးယားလိုနိုင်ငံမျိုးမှာ ထေရဝါဒသာသနာတော်ကြီး ဆက်လက်ရှင်သန်နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ ကြိုးစားကြရပါမယ်။ ဤသည်ကား မီမိကမ္ဗောဒီးယာတွင်ဝါဆို၍ ပရိယတ်ပဋိပတ်စနစ်တကျထွန်းကားအောင်အားထုတ်လိုသော စိတ်ရင်းစေတနာဖြစ်ပါတယ်။ ဤမှန်ကန်သောသစ္စာစကားကြောင့် သတ္တဝါအနန္တချမ်းသာသုခရရှိကြပါစေ။

သစ္စာမြိုင်တောရနှင့် ဗုဒ္ဓဓမ္မ ပြည်ပသားတို့၏ကြည်ညိုသဒ္ဓါ ဆက်စပ်မှု

သစ္စာမြိုင်တောရနှင့် ဗုဒ္ဓဓမ္မ ပြည်ပသားတို့၏ကြည်ညိုသဒ္ဓါ ဆက်စပ်မှု

(အလုပ်တကာအလုပ်ထဲတွင်သာသနာ့တာဝန်သည်အခက်ခဲဆုံးအသိမ်မွေ့ဆုံးဖြစ်၏။ စားစရာအစာများ မိမိလက်တကမ်းတွင်ရှိနေသည့်တိုင်အောင် ဝိနည်းကြောင့် ဆွမ်းငတ်ခဲ့သောအကြိမ်ပေါင်းမနည်းတော့သလို ငွေသည် ကပ္ပိယကာရကထည့်ထားသော မိမိအနီးအပါးအိပ်ထဲတွင်ရှိနေသည့်တိုင်အောင် ဝိနည်းအရငွေမကိုင်အပ်၍ အမောပြေအပန်းပြေဖျော်ရည်လေးတစ်ခွက်ပင် မသောက်ခဲ့ရသည်ကို အကြိမ်ကြိမ်ကြုံခဲ့ဘူးပေ၏။

ပြည်ပတွင်အလှူရှင်များရှိနေသည့်တိုင်အောင် ကပ္ပိယကာရကမရှိဘဲအလှူမခံအပ်၍ စွန့်ခဲ့ရသည့်အကြိမ်လည်းမနည်းတော့ပေ။ ယခုအသက်အရွယ်တွင်ကား တရားကိုသာအသက်နဲ့လဲ အားထုတ်အံ့။ မိမိသေသွားသောအခါ ပြည်တွင်းပြည်ပမှမိမိ၏တပည့်ဒါယကာများအား တရားအနံ့အသက်ဖြင့်သာ စိတ်ချမ်းသာစွာကျန်ခဲ့စေအံ့ဟုမကြာမကြာစိတ်ဖြစ်ပေ၏။)

သစ္စာမြိုင်တောရဆရာတော်နှင့် နိုင်ငံခြားယောဂီကင်း၍မဖြစ်နိုင်ပေ အကြောင်းမှာဆရာတော်သည် ဓမ္မစစ်စစ်ကို ဗုဒ္ဓဘာသာနှင့်မရောထွေးစေဘဲ ပေါ်လွင်အောင်ပြောပြနိုင်သောကြောင့်တည်း။ ထို့ကြောင့် သစ္စာမြိုင်တောရသို့ရောက်လာပြီးဆရာတော်သင်ပြပေးသလိုအားထုတ်ကြသော နိုင်ငံခြားယောဂီများသည် ဗုဒ္ဓဘာသာကိုလည်းအရိုသေမပျက် ဓမ္မကိုလည်းနှလုံးသားသို့ရောက်အောင် ဆောင်ထားရမည်ကို ရှင်းရှင်းသိမြင်အားထုတ်ကြလေတော့၏။

Meditating means nothing other than mindfully living at the present moment by observing everything you do in daily life beginning with in-breath and out-breath in a particular time to truly update human brain 🧠, heart ♥️ and mind. Therefore, everybody, human being can do it sincerely.

တရားထိုင်တယ်ဆိုတာ လူ့ဦးနှောက် လူ့နှလုံးသား လူ့စိတ်ကို update လုပ်ရန် ပစ္စုပ္ပန်တည့်တည့် အချိန်တစ်ခု၌ ဝင်သက်ထွက်သက်ကို ရှုမှတ်ခြင်းနှင့်အစပြု၍ နေ့စဉ်ဘဝတွင် လုပ်သမျှတိုင်းကို သတိထားနေထိုင်ခြင်းမှတပါး အခြားမဟုတ်ဆိုသည်ကို နားလည်စေချင်သည်။ ထို့ကြောင့် လူသားဖြစ်သူလူတိုင်း ရိုးသားစွာအားထုတ်နိုင်ပါကြောင်း။

ကမ္ဘာမှာအားကောင်းခိုင်မာစွာ ထွန်းကားလာနေပြီဖြစ်သောထေရဝါဒသံဃာနှင့် မြန်မာ့ထေရဝါဒသံဃာတို့ ဘယ်လို update လုပ်၍ညှိုယူကျင့်သုံးကြမည်နည်း

ကမ္ဘာမှာအားကောင်းခိုင်မာစွာ ထွန်းကားလာနေပြီဖြစ်သောထေရဝါဒသံဃာနှင့် မြန်မာ့ထေရဝါဒသံဃာတို့ ဘယ်လို update လုပ်၍ညှိုယူကျင့်သုံးကြမည်နည်း

မိမိ၏ဘွဲ့ရပညာတတ်ရဟန်းတစ်ပါးဘဝဖြင့် အနှစ်(၃၀) သာသနာပြုခရီးနှင့်လေ့လာသင်ယူခဲ့မိသော သင်ခန်းစာအချို့

ဖောင်ဒေးရှင်းအလွန်ကောင်းသည့် ထေရဝါဒနှင့် မိမိစိုးရိမ်မိသော ရွှေမြန်မာတို့၏ ခေါက်ရိုးကျိုးနေသော အစဉ်အလာယုံကြည်မှု။ အားလုံးအဆင်ပြေပါစေ။ ကမ္ဘာကြီးနှင့်သဟဇာတဖြစ်ပါစေ။ ၂၁ ရာစုကြီး၏ ကမ္ဘာ့ထေရဝါဒနှင့် update လုပ်ကာ သိက္ခာရှိရှိပူးပေါင်းမိပါစေ။ ဓမ္မအစစ်အမှန်ဖြင့်ငြိမ်းချမ်းမှုအမှန်ရကြပါစေ။ အရာရာတွင်နောက်ကျကျန်ရစ်လေ့ရှိသော မိမိချစ်သော မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှုတစ်ခု။

ရဟန်းသံဃာလောကတွင်လည်း ရှေးက ဓမ္မဝိနယကို ဦးထိပ်ပန်ဆင်ကာ သီလသမာဓိပညာ သိက္ခာသုံးပါးကို စင်ကြယ်အောင်အားထုတ်ကြသော်လည်း ယခုအခါတွင်ကား လောကီဘက်တွင် အတွေးအားသန်ကာ Dr ဘွဲ့ PhD ဘွဲ့များကို ပြည်ပတွင် ဝိနည်းပျက်ခံလျှက် လူများနှင့်ရောနှောကာ သွားရောက်သင်ကြားပြီး နိုင်ငံတကာအဆင့်တွင်မဆိုစလောက်မျှအရည်အသွေးဖြင့် သာသနာပြုဟုအမည်ခံကြပြန်၏။ဤသည်လည်းခေတ်အခါအရ အလိုက်လွဲကုန်ကြခြင်းတည်း။

သာသနာကိုနိုင်ငံတကာအဆင့်မီအလေးစားခံရအောင်ကမ္ဘာ့အသိုင်းအဝိုင်းတွင်ဝင်ဆန့်လာအောင်ကား သီလသမာဓိပညာသိက္ခာသုံးပါးကို အဖြူဆုံးအဆင့်ကို အားထုတ်ခြင်းမှတပါးအခြားမရှိပေ။ ယခုအခါအနောက်နိုင်ငံများတွင် သိက္ခာသုံးပါးကိုရိုးသားဖြူစင်စွာအားထုတ်လိုကြသော အားထုတ်ရန်အားသန်ယုံကြည်ကြသော ဘိက္ခုဗောဓိကဲ့သို့သော ပါဠိကျမ်းတတ် သူရဲ့လူ့ဘဝကရခဲ့ပြီးဖြစ်သော PhD ဘွဲ့ကိုစွန့်လွှတ်ကာ ရဟန်းခံလာပြီး သာသနာ့တာဝန်ဆောင်အများအပြားပေါ်ထွန်းလာခဲ့ပေပြီ။

မြန်မာသံဃာတော်များက ရဟန်းအဖြစ်ခံယူပြီးကာမှ Dr ဘွဲ့ PhD ဘွဲ့စသည်တို့အတွက်အားထုတ်ခြင်းသည်လည်း နောက်ကျခြင်းသာမက ပြောင်းပြန်ပင်ဖြစ်နေပြန်သေး၏။ အင်္ဂလိပ်စာအင်္ဂလိပ်စကားကိုကား တကယ့်ကိုတတ်ကျွမ်းအောင်အားထုတ်ဖို့လိုကိုလိုအပ်ပါသည်။မတတ်လျှင်လည်းမပူပါနှင့် တကယ်တရားစစ်လာရင် ဘာသာပြန်ပေးမည့်သူအလိုလိုပေါ်လာပေလိမ့်မည်။ (ဝေဘူဆရာတော်ကိုကြည့်)။

မိမိတရုတ်ပြည်ပီကင်းသွားစဉ်က မိမိတရုတ်စကားမတတ်ပါ။ သို့သော်သူတို့ဓမ္မကိုအမှန်တကယ်နာယူကျင့်ကြံလိုသောအခါ သူတို့တွေဘာသာပြန်ပေးမည့်သူကို ရအောင်ရှာပေး၍ နာယူအားထုတ်ကြသည်ကိုကိုယ့်တွေ့ဖြစ်ပါသည်။ အင်္ဂလိပ်စာအင်္ဂလိပ်စကားတတ်ဖို့ ဓမ္မကိုအိုင်းစတိုင်းတို့ ပြောဆိုသလိုပ္ပံနည်းကျကျင့်သုံးဖို့သည်ကားလိုအပ်ပေ၏။ ဤကား “သတိပဋ္ဌာန်အခြေခံသောဝိပဿနာ”ကို လက်တွေ့ကျင့်သုံးဖို့မှတပါးအခြားနည်းမရှိပေ။ မိမိ၏တပည့်များအား မိမိဤသို့သြဝါဒပေး၏။

သို့သော် မိမိ၏တပည့်အများအပြားပင် ပြည်ပထွက်ကာ Dr ဘွဲ့ PhD ဘွဲ့များကိုယူထားပြီးသူများရှိပေ၏။ ထိုဘွဲ့များကိုယူရန်လည်းတက္ကသိုလ်အသီးသီးတွင်သင်ယူနေကြဆဲလည်းရှိနေပေ၏။ သို့သော်နိုင်ငံတကာအဆင့်အတန်းဝင်အောင်ကား မစွမ်းနိုင်ကြသေးသည်ကို တွေ့နေရပေသေး၏။ ပြည်တွင်းတွင် ယခုလက်ရှိမိမိလေးစားမိသော ဆရာတော်ကြီးကား ဆရာတော်ကြီးအရှင်ဉာဏိဿရဖြစ်ပေ၏။ ရှင်ငယ်ရဟန်းငယ်များ အတုယူစံထားထိုက်၏။

မိမိသည်ကား တောရဝိနည်းဝိပဿနာသာသနာတော်ကို ပိုမြတ်နိုး၍ မိမိလေးစားကြည်ညိုရသော ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသအားဦးထိပ်ထားလျှက် နိုင်ငံတကာအဆင့်မီ ပရိယတ်ပဋိပတ်ကိုလုံးဝဥဿုံအခြေခံသည့်တောရသာသနာတစ်ခုဖြစ်လာအောင် ရိုးသားစွာကြိုးစားနေဆဲတည်း။ ဖြစ်သလောက်ဖြစ်လာနေသည့်တိုင်အောင် အားရမှုမရှိလှသေးပေ။

မိမိခံစားနေရသည်ကား မြန်မာတို့သည် ဒေါင်းတစ်ကောင်မျှားတစ်စင်းနေထိုင်တတ်၏။ အပေါ်ယံ၌ ပြုံးပြနှုတ်ဆက်နေသည့်တိုင်အောင် အနှစ်သာရအားဖြင့်စည်းလုံးညီညွတ်မှုနည်း၏။ မကျေနပ်လျှင် ညှိုနှိုင်းအဖြေရှာကြရမည့်အစား စိတ်ခံစားမှုအရခွဲထွက်ကာ “ငါလည်းလုပ်တတ်ပါတယ်”ဟူသောမာနဖြင့် တစ်စင်ထောင်တတ်၏။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းသည် ကျစ်လစ်သိပ်သည်းမှုအတွက် အာမခံချက်မရှိပေ။ အင်အားချိနဲ့ကာ ပန်းတိုင်မှာမှိန်လာပြီး အလှမ်းဝေး၍ဝေး၍သွားလေတော့၏။ ဤကားယနေ့အထိအရာရာနောက်ကျကျန်နေရခြင်း၏ပြယုဂ်ထဲမှတစ်ခုဖြစ်ပေ၏။

ဤကားမြန်မာတို့ကြားဝယ်အမှန်တကယ် ဖြစ်နေသောအခြေအနေတစ်ခုဖြစ်ပေ၏။ ထို့ကြောင့်ပန်းတိုင်ကောင်း ခေါင်းဆောင်ကောင်းရှိသော်လည်း ပန်းတိုင်ရောက်အောင် နှစ်ပေါင်းများစွာယက်ကန်ကန်ဖြင့်လှော်ခတ်နေကြရသည်ကားယနေ့အချိန်အထိပင်ဖြစ်လေတော့၏။

Personal နှင့် professional နှစ်ခုကို မခွဲခြားတတ်ကြဘဲ ရောထွေးရှုမြင်ကာ “ရေအိုးဖင်ပေးအေးအေးနေမည်”ဟူသောအယူအဆဖြင့် အပြင်ထွက်ထိုင်ကာ လုပ်ချင်ရာလုပ်၍ အဖွဲ့အစည်းပျက်သွားသည်ကိုပင် “ငါမပါလို့”ဟူသော အယူအဆဖြင့်ဝမ်းသာနေတတ်သည်အထိ အတွေးအခေါ်တို့နိမ့်ကျသွားသူများပင်ရှိလာပေတော့၏။

အဓိကအားနည်းချက်ကြီးသည်ကား နိုင်ငံတကာအဆင့်အတန်းရှိက္ခာရှိသော အဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်မှုအလေ့အထမရှိခြင်းပင်တည်း။

အခြေခံစာသင်ကျောင်းမှာကတည်းက နိုင်ငံတကာအဆင့်အတန်းဝင်အောင်မိမိတို့၏ ကျောင်းသူကျောင်းသားများကို နိုင်ငံတကာအဆင့်အတန်းရှိသိက္ခာရှိပရဟိတအဖွဲ့အစည်းများ ငြိမ်ချမ်းစွာပြဿနာဖြေရှင်းရေး ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်ရေး စည်းလုံးညီညွတ်စွာတရားနည်းကျကျ ပြဿနာကို မျက်နှာချင်းဆိုင်ဆွေးနွေးဖြေရှင်းလျှက် ဂုဏ်သိက္ခာရှိစွာနေထိုင်တတ်အောင် အလေ့အကျင့်ကောင်းများဖြင့်နိုင်ငံတကာစံချိန်မီအောင်လေ့ကျင့်ပျိုးထောင်ပေးရေးတို့သည်မဖြစ်မနေလိုအပ်လှပေ၏။ ထိုကဲ့သို့သောအတွေ့အကြုံကောင်းများရှိထားသည့် ဆရာဆရာမများကသင်ကြားလေ့လ့ကျင့်ပေးလျှင်လည်းဖြစ်နိုင်ပေ၏။

(မနေ့ကလိုင်းပေါ်မှာ တကွဲတပြားပြောခဲ့တဲ့ Dhamma talk နားယူချင်သူများ တစ်ပေါင်းတည်းနာယူနိုင်ရန်စုပေါင်း၍ပြန်တင်ပေးလိုက်သည်။)

ကျောင်းသားနှင့်လူငယ်များအတွက်

ကျောင်းသားနှင့်လူငယ်များအတွက်

ကျောင်းအုပ်ဆရာဆရာမကြီးများ ဆရာဆရာမများ ရပ်မိရပ်ဖများ ကျောင်းသားမိဘများနှင့် ပြည်တွင်းပြည်ပသာသနာ့ဝန်ထမ်းအမြင်ကျယ်သော ဘုန်းတော်ကြီးများ ပူးပေါင်းမိက ကလေးများပညာရေး အလွန်ကောင်းစရာရှိ၏။ အမှန်ဆိုရသော်ကျောင်းသားလူငယ်များသည် အနာဂတ်၏မျော်လင့်ချက်ရောင်ကြည်များတည်း။ သူတို့တွေကို အယူအဆတစ်ခုတည်းမှာလှောင်ပိတ်မထားဘဲ ဝေဖန်ပိုင်းခြားတတ်တဲ့အသိဉာဏ်အမြင်ရအောင်သာ လေ့ကျင့်ပျိုးထောင်ပေးသင့်ပေ၏။

လူငယ်များ ဘာပိုက်ဆံမျှမကုန်စေဘဲ မိမိအသိဉာဏ်နှင့်အချိန်ကိုသာ အသုံးချတတ်မယ်ဆိုရင် အင်္ဂလိပ်စာအင်္ဂလိပ်စကား ကောင်းကောင်းတတ်နိုင်သည်ကိုအထူးသတိပြုသင့်ပေ၏။ ထို့ကြောင့်အချိန်မီတတ်လာအောင်ကြိုးစားကြပါဟုတိုက်တွန်းချင်၏။ အင်္ဂလိပ်စာစကားဟုပြောဆိုမိတိုင်း နိုင်ငံတကာဟူသောဝေါဟာရကပါလာတတ်ပေ၏။

မိမိတို့ရဲ့ဦးနှောက်အတွေးအခေါ်အသိဉာဏ် နေပုံထိုင်ပုံစသည်တို့ကိုလည်း နိုင်ငံတကာစံချိန်မီအောင် update လုပ်ကြရပေမည်။ မိမိ၏ယဉ်ကျေးမှုရိုးရာအစဉ်အလာ ကိုးကွယ်ရာယုံကြည်မှုဘာသာတရားအပေါ် တန်ဖိုးထားရမည်ဖြစ်သလို သူတပါးတို့၏ဘာသာရေးဆိုင်ရာယုံကြည်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကိုလည်း အလေးထားလေးစားသမှုပြုရပါမည်။ ဤသို့ပြုမူနိုင်သောအရည်အသွေးစိတ်နေစိတ်ထားသည်ကား လူသားတစ်ယောက်တွင်ရှိသင့်ရှိထိုက်သော နိုင်ငံတကာစံချိန်မီအရည်အသွေးဖြစ်ပေ၏။

အင်္ဂလိပ်စာစကားကျွမ်းကျင်စွာတတ်လာရင် သင်တို့၏ဘဝအသက်မွေးဝမ်းကြောင်းအတွက် ၇၅%လောက်အထိ အခိုင်အမာအာမခံနိုင်ပါတယ်။ ပညာတတ်သိက္ခာရှိစွာအလုပ်လုပ်နေထိုင်ကြသော လူကြီးလူကောင်းဆန်သည့်သူများနှင့်တွေ့ဆုံဆက်ဆံရကာ သင့်အရည်အသွေးလည်း တိုးတက်လာနိုင်ပေ၏။

ပြီးလျှင်ကွန်ပျူစာစီစာရိုက် PowerPoint, excel အင်္ဂလိပ်မြန်မာ နှစ်မျိုးလုံးတတ်ထားရပေမည်။ ထို့ကြောင့်အရွယ်ရှိစဉ်မှာပင် အချိန်တွေသိပ်ပြီးမဖြုန်းပါနှင့်။ ဘာမဟုတ်တဲ့ကိုးရီးကားဇာတ်လမ်းတွဲတွေကြည့်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကိုသတ်မပစ်လိုက်ကြပါနှင့်ဟု မှာပါရစေ။

Only time will tell the truth whether you will be learned In English or not. Strike when the iron is hot and mould when the pot is wet.

သင်အနာဂတ်ကိုသင်သာဖန်တီးရမည်။ အင်္ဂလိပ်စာစကားနှင့်ကွန်ပျူတာအင်တာနက်သည် သင်အသုံးပြုတတ်မည်ဆိုက သင်နှင့်အရင်းနှီးဆုံးသော သင့်ဘဝကိုပြောင်းလဲပေးနိုင်သည့် ပညာရပ်နယ်ပယ်တစ်ခုဖြစ်ကြောင်းကိုအထူးသတိပြုစေချင်ပါသည်။ အချိန်ရှိခိုက်လုံလစိုက်ပါ။

တောဆိုသည်မှာ

တောဆိုသည်မှာ the meaning forest meditation center

ရေပန်းများလည်းကောင်းနေ၏။ သစ်ခွတွေလည်းပွင့်နေ၏။ တရားတကယ်အားထုတ်မယ့်ယောဂီအစစ်တွသာလိုအပ်ပေ၏။ စားလိုက်အိပ်လိုက်အဆင်ပြေသလိုနေလိုက်ဟူသော အစဉ်အလာယောဂီဆိုလျှင်ကားအဆင်ပြေမည်မထင်ပေ။ မတော်ကံဆိုးလျှင်ကားမြွေအကိုက်ခံရနိုင်ပ၏။ တောင်ပေါ်လှေခါးထစ်ကချော်ကျပြီးဒုက္ခရောက်နိုင်ပါတယ်။

ဆရာတော်နှင့်သစ္စာမြိုင်တောရတပည့်သားသမီးများ၏စေတနာမေတ္တာဖြင့်အားထုတ်နိုင်အောင်ပံ့ပေးနေသော မေတ္တာကိုကားခံယူထားရန်လိုအပ်ပေ၏။ အကြောင်းမှာသစ္စာမြိုင်တောရသည် အစဉ်အလာအတိုင်းမဟုတ်ဘဲ မေတ္တာစစ်စစ်ကိုအခြေခံကာမိသားစုစိတ်ဓာတ် သာသနာပြုစိတ်ဓာတ်ဖြင့် ဓမ္မအစစ်ကိုသာဝေမျှပေးနိုင်ရန် ဝိုင်းဝန်းကာသာသနာ့တာဝန်အစစ်ကိုထမ်းဆောင်နေကြခြင်းကြောင့်တည်း။

သို့သော်ယနေ့အချိန်အထိ သစ္စာမြိုင်တောရ၏ဓမ္မဝိနယကိုသာရိုးသားစွာအားထုတ်မှု တစ်ကမ္ဘာလုံးအထိ ဓမ္မစစ်စစ်များပြန့်နှံ့ကာ “ဗဟုဇနဟိတာယ”ဟူသော ဗုဒ္ဓသြဝါဒနှင့်အညီ လူသားတိုင်းချမ်းသာစေရေးအတွက် ရိုးသားစွာမေတ္တာထားခြင်းတို့ကြောင့် ယနေ့အထိသစ္စာမြိုင်တောရ မိသားစုဝင်တပည့်သားသမီးများ တရားစခန်းဝင်ရောက်ကြသောယောဂီများအားလုံး ချမ်းသာစွာတရားစစ်များကို အားထုတ်နေကြရပေ၏။

တောဆိုသည်မှာ ရိုးသားဖြူစင်သော သစ်ပင်ပန်းမာရ်တွေရယ် သားရဲတိရစ္ဆာန်ပေါင်းစုံရယ် ဓမ္မကိုတကယ်အားထုတ်လိုကြတဲ့ ယောဂီသူတော်ကောင်းတွေရယ်ပျော်မွေ့နေကြမှသာတင့်တယ်ခြင်းနှင့်ပြည့်စုံပေ၏။ ဘာသာရေးဆန်ဆန်ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ပသ ဆူညံမှုတွေနဲ့ဆိုလျှင်ကား တရားစစ်တရားမှန်ကိုမြင်စေနိုင်သော သမာဓိအစစ်ကိုထူထောင်ဖို့ခက်နိုင်ပေ၏။

“သတိပဋ္ဌာန်အခြေခံသောဝိပဿနာ” Mindfulness-Based Vipassanā ကိုအားထုတ်ရာ တောရသာသနာဆိုသည်မှာ တိတ်ဆိတ်ငြိမ်သက်မှု(ကာယဝိဝေက)၊ လာဘသက္ကာရသိလောကကိုမမျှော်လင့်မှု(စိတ္တဝိဝေက)နှင့်ပြည့်စုံမှသာ အနှစ်သာရနှင့်ပြည့်စုံနိုင်ပေ၏။ တော်သလိုနေထိုင်မည့်အစဉ်အလာသမားအတွက် တောထဲမှာခက်ခဲနိုင်သည်ကိုလည်းကြိုတင်သတိထားစေချင်ပေ၏။ မြို့ပေါ်ကရိပ်သာများကဲ့သို့ ဇိမ်ခံပစ္စည်းဘာတစ်ခုမျှမရှိခြင်းကြောင့်တည်း။

မနက်လင်းရင်အိပ်ယာပေါ်မှာတရားနှင့်စနိုင်ပါစေ

မနက်လင်းရင်အိပ်ယာပေါ်မှာတရားနှင့်စနိုင်ပါစေ

အိပ်ယာပေါ်မှာကတည်းက ၅ မိနစ်လောက်စလုပ်ကြည့်ပါ။ ငါးမိနစ်ဆိုပြီးအထင်မသေးနဲ့ နေ့စဉ်သာလုပ်ဖြစ်အောင်ကြိုးစားပါ။ အကျိုးတရားကမနည်းလှပါဘူး။ ဒါကလုပ်ချင်ပါလျှက်မလုပ်ဖြစ်သူကို လုပ်ဖြစ်စေချင်လို့တိုက်တွန်းတာပါ။ ဒီနေ့ခေတ်မှာ တရားအားထုတ်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းလို့မမှတ်ပါနဲ့ ဥရောပအမေရိကဘက်မှာလည်း အားထုတ်နေကြပါပြီ။ လူမျိုးစုံအရောင်အသွေးစုံ ဘာသာဝါဒစုံ all walks of life တရားအားထုတ်လာကြတဲ့ခေတ်အခါပါ။

လုပ်နေကျအလေ့အထရှိသူက တစ်နာရီလည်းလုပ်နိုင်ပါတယ်။ ပထမနာရီမှာတရားနှင့်စဖြစ်စေချင်လို့ပါ။ ဒီလိုမဟုတ်ရင် အတွေးစိတ်တွေထဲမှာ fighting လို့ အားပေးသယောင်နဲ့ ကိုယ့်ကိုယ်အပူတောထဲဆွဲခေါ်နေတဲ့စိတ်နောက်ကိုလိုက်မိနေတတ်ပါတယ်။ “မင်းကဘာကောင်လဲ ဘာကောင်မလဲ ငါ့ကိုဒီလိုလာမကြောနဲ့မောသွားမယ်။ ငါကအမှန်အတိုင်းလုပ်တာလေ မင်းကလမ်းမှားနေတာ” စသည်ပေါ့ကွယ် crazy 😜 thought 💭 တွေက going on and on နေတတ်တယ်။ ဘယ်တော့မှမဆုံးနှိုင်တဲ့သံသရာပေါ့။ ငြီးငွေ့စိတ်ကုန်စရာကြီးပါ။ ဒါကြောင့် အိပ်ယာထထချင်း အနည်းဆုံး ၅ မိနစ်လောက်တော့ တရားနဲ့စနိုင်အောင်စကြစေချင်ပါတယ်။

ဘုန်းဘုန်းဆိုရင် မနက် ၃ နာရီမှ ၅ နာရီအထိ နေ့တိုင်းအိပ်ယာပေါ်မှာပဲထိုင်ဖြစ်တယ်။ နှစ်ပေါင်း ၃၀ လောက်ဆိုတော့ အကျင့်ရနေပါပြီ။ ဒီနောက်တော့ အများသူငါအတွက် အားဖြစ်စရာ အားတက်စရာ အပူငြိမ်းစရာ တရားအချို့ကိုရေးပါတယ်။ တကယ်တော့ မနက် ၃ နာရီမှ ၅ နာရီဆိုတဲ့ အချိန်အပိုင်းအခြားဟာ တောထဲမှာလိုပဲပတ်ဝန်းကျင်ကအလွန်တိတ်ဆိတ်နေလို့ပေါ့။ ပြီးတော့ ဒါက ရဟန်းသံဃာရဲ့ professional အလုပ်လေ။ ဒါမလုပ်ရင် ရဟန်းဘဝဟာ သာမာန်လူတွေနဲ့မထူးဘူးပေါ့။ ရဟန်းဘဝဆိုတာ သာမာန်လူတွေလို ကလေးစိတ်တွေနဲ့ အယူအဆတွေအားပြိုင် ဥစ္စာဓနတွေအားပြိုင် မိတ်ဆွေအပေါင်းအသင်းတွေအားပြိုင် သားသမီးချင်းအားပြိုင်ရတဲ့ဘဝမျိုးမှမဟုတ်ဘဲ။

ကိုယ်ကျင့်တရားဝိနည်းကိုကျင့်ကြံအားထုတ်မှုရယ် လောဘဒေါသမောဟ အပြစ်ကင်းစင်တဲ့ စိတ်ချမ်းသာမှုစစ်စစ်ရယ်ကိုသာ ကိုယ်ပိုင်ဖြစ်အောင်လုပ်ရတဲ့ အလွန်မွန်မြတ်လေးနက်တဲ့ဘဝပါ။ သို့မှသာကြည်ညိုလှူဒါန်းသဒ္ဓါပန်းပွင့်ကြတဲ့ဒကာဒကာမများမှာလည်း ကောင်းကျိုးရစေနိုင်မှာပါ။ သုပ္ပဋိပန္နစတဲ့သံဃာဂုဏ်နဲ့ညီညွတ်အောင်အားထုတ်နေလို့ပေါ့။

အမှန်ဆိုသော် ဒီနေ့သိပ္ပံခေတ်ကြီးမှာ တရားထိုင်တာဟာ သာမာန်လူသားများအတွက်လည်း stress-released technique ဖြစ်နေလို့ တကယ့်ကိုအားထုတ်သင့်တဲ့အလုပ်ပါ။ နေ့စဉ်ဘဝအခက်အခဲတွေကို resilience လုပ်နိုင်တယ်ဆိုတာကို သိပ္ပံပညာကတွေ့ရှိထားပြီးပါပြီ။ဒါကြောင့်လည်း ဘုန်းဘုန်းအနေနဲ့ အားပေးလမ်းပြ မေတ္တာတရားဖြင့် နှိုးဆော်ပေးနေရတာပါ။ အားထုတ်ဖြစ်ကြပါစေ။

ဓမ္မဝိနယဘက်မှာလည်းဖွံ့ဖြို့ဖို့လိုပါပြီ

ဓမ္မဝိနယဘက်မှာလည်းဖွံ့ဖြို့ဖို့လိုပါပြီ (Line Walker 2 ရုပ်ရှင်ရိုက်ကွင်းမှရခဲ့သောသင်္ခန်းစာကို သင်ယူကာ သာသနာဘက်နှင့် ဆက်စပ်ကြည့်မိခြင်း)

ဓမ္မဘက်မှာလည်း ခေါင်တုံးသင်္ကန်းဝတ်ထားရုံမျှဖြင့် မပြီးသေးပါဘူး။ ဝိနည်းကိုတကယ်လေးစားပြီး ကိလေသာအရိပ်အငွေ့ကင်းစင်အောင် ဝိပဿနာကို professionally အားထုတ်ထားဖို့လိုအပ်ပါတယ်။ အနောက်တိုင်းနိုင်ငံကကိုယ်တော်တွေ တကယ်ကျင့်ပြီးရောက်ရောက်လာမှ နောင်တသံဝေဂရနေလို့မဖြစ်ပါဘူး။ တချို့ကမြန်မာစိတ်နဲ့ကိုယ်တိုင်အားမထုတ်ဘဲ သူများကိုသာစာကျက်ဟောဖို့အားထုတ်နေတာကိုယ်တွေ့ပါ။ ရှက်စရာပါ။ ဟိုဘက်ကလူတွေက အထင်မကြီးပါဘူး။ အဲဒီလိုမျိုးက ကိုယ့်အနားပင်အချို့ရှိနေ၍ စိတ်မကောင်းပါ။ မြန်မာကိုဘယ်လို update လုပ်ရမယ်လို့ကိုစဉ်းစားရခက်နေပါတယ်။ တစ်အုံလုံးကိုတာဝန်သိစိတ်တွေနဲ့ လူမျိုးကြီးစိတ်မွေးပြီး သက်ဆိုင်သူတွေစုပေါင်းပြီး နေရာဌာနတိုင်းမှာသတ္တိရှိရှိပြုပြင်ဖို့လိုနေတာပါ။

ဓမ္မဝိနယကိုလည်း ကိုယ်ကလက်တွေ့အားမထုတ်မကျင့်ကြံဘဲ အနောက်နိုင်ငံကလက်တွေ့သမားပညာရှင်တွေကို သင်ပြဖို့ဆိုတာ မိနစ်ပိုင်းမျှမှာဖြစ်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြဿနာတွေရှိလာနိုင်ပါတယ်။ ပေါ့ပေါ့တန်တန် အပြီးစလွယ်စိတ်မထားသင့်ပါဘူး။ အရည်အသွေးအမှန်မရှိဘဲ well-trained and qualified professional မဖြစ်ဘဲဆိုရင်တော့ တရားစခန်းဖွင့်ပြသပေးဖို့ဆိုတာမျိုးဟာ အတော်အလှန်းဝေးပြီး မဖြစ်နိုင်ပါဘူး။ အဲဒီကိစ္စမျိုးမှာအနောက်နိုင်ငံပညာတတ်အသိုင်းအဝိုင်းကိုသွားပြီးမိဖျန်းမိရင် မြန်မာကိုအထင်သေးခံရဖွယ်ရှိ၍ အတော်စိတ်ပျက်ပါတယ်။

မိမိသည်မိမိ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ပြည်ပသို့ထွက်၍တရားပြပေးနေသော မြန်မာထဲကမြန်မာဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။ မိမိတို့မြန်မာ့စိတ်နေစိတ်ထား လက်တွေ့သုတေသနအားနည်းပုံ ပရိတ်သတ်ကြိုက်ကြိုက်မကြိုက်ကြိုက်ဟောပြီးထပြန်သာဓုခေါ်သံအလိုလိုကြားရသော တရားဟောစနစ်စသည်တို့ကိုသိနေ၍ နိုင်ငံတကာအဆင့်တွင် ဤသို့ဤပုံမျိုးတရားဟောရန်မလွယ်ကူပုံကိုသိစေချင်ပါတယ်။ ပေါ့ပေါ့နေ၍မရပါ။

ဝိနည်းအရငွေမကိုင်ဘူးဆိုရင် တကယ်မကိုင်ပါနှင့် မလိမ်ညာမဖြီးဖျန်းပါနှင့် ဗုဒ္ဓဓမ္မကိုထဲထဲဝင်ဝင်လေ့လာသင်ယူနေကြသော အချို့ဥရောပအမေရိကမှဓမ္မချစ်ခင်သူများဟာဝိနည်းကိုနားလည်နေကြပါပြီ။ ရွှေမြန်မာနိုင်ငံထဲမှာ ရွှေတန်အောင်အားနာသည်းခံတတ်သော ရွှေမြန်မာတို့ကိုဖြီးဖျန်းလို့ရပေမဲ့ တိုးတက်ဖွံ့ဖြိုးပြီးသောဟိုဘက်ကလက်တွေ့သမားပညာတတ်ပညာရှင်များသည်ကား လက်ခံမည်မဟုတ်ပါ။ မလိုလား၍လက်မခံခြင်းမုန်း၍လက်မခံခြင်းမဟုတ်ပါ။ အခြေအမြစ်ကျသော ပညာစစ်စစ်ကိုလိုလား၍သာ ဖြီးမှုဖျန်းမှုကိုလက်မခံခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ပြည်တွင်းတွင်ပေါ့ပေါ့ပါးတရားကိုဟော အလိုလိုသာဓုခေါ်သံကြားရတတ်တဲ့နိုင်မှာ ရက်ရောတဲ့အလှူပေါင်းစုံဖြင့်ဇိမ်ရှိရှိနေထိုင်ကာ ပေါ့ပေါ့ပါးပါး ဖြီးဖျန်းပြီးပေါ့ပေါ့နေခဲ့လို့ တကယ့် quality ကို well-trained မလုပ်ခဲ့လို့ အခုရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း ဟောင်ကောင်လိုနိုင်ငံလေးငယ်ပေမဲ့ well-trained and qualified professional တွေရောက်လာတဲ့အခါ ရက်ပိုင်းအတွင်းမှာပဲ ဗလာဗလာတွေများစွာထွက်ပေါ်လာတာကို စိတ်မကောင်းစွာတွေ့ရပါတယ်။

တရားရေးမှာလည်း နိရောဓသစ္စာဖြစ်တဲ့နိဗ္ဗာကိုပင်အနည်းဆုံးအဆင့်ကိုယ့်ဉာဏ်နှင့်ကိုယ်သိနေအောင် ဝိပဿနာကိုအသေအချာအားထုတ်ထားသင့်ပါတယ်။ ဇိမ်နဲ့အိပ်ဇိမ်နဲ့စား ရွှေတန်အောင်သည်းခံတတ်တဲ့ ရွှေမြန်မာဒါယကာတွေနှင့်နေထိုင်ကာ ပြည်တွင်းမှာ သူတို့တွေရဲ့မေတ္တာကြောင့် မြန်မာအချင်းချင်းမှာသာ ဖြီးချင်ဖြီးချင်လို့ရပေမဲ့ နိုင်ငံတကာအဆင့်မှာ မြန်မာတွေးမြန်မာခေါ်နှင့် သွားမလုပ်မိကြစေဖို့ သတိပေးလိုက်ပါရစေ။

တကယ့်ကိုနိုင်ငံတကာအတွေးအခေါ်နှင့်သာ ဓမ္မဝိနယအစစ်အမှန်ကိုကျင့်ကြံတွေးခေါ်ပြောဆိုဖို့ အလုပ်လုပ်ဖို့စိတ်ကူးကြပါလို့ ကိုယ်တွေ့နှင့်နှိုင်းယှဉ်ကာ တိုက်တွန်းလိုက်ပါရစေ။ နှိုက်နှိုက်ချွတ်မေးတာဖြေတာကို နှိုက်နှိုက်ချွတ်ချွတ်စိတ်ရှည်လက်ရှည်အဖြေပေးနိုင်အောင်ကြိုးစားထားကြပါလို့လည်းထပ်မံတိုက်တွန်းလိုက်ပါရစေ။

ဟောင်ကောင်လိုနိုင်ငံငယ်လေးက well-trained and qualified professional တွေရောက်လာတော့မှ ခြေမကိုင်မိလက်မကိုင်မိ ဗလာဗလာပြောဆိုနေကြတာမျိုးကို ထေရဝါဒသာသနာအား ပိဋကသုံးပုံနှုတ်ငုံဆောင်နိုင်လောက်အောင် ချစ်ခင်မြတ်နိုးစွာ ထိမ်းသိမ်းနိုင်စွမ်းရှိတဲ့ မြန်မာ့သံဃာ့အသိုင်းအဝိုင်းမှာလည်း မဖြစ်စေလိုပါ။ ထိုအခါကြမှ “သာကီမျိုးဟေ့ဒို့ဗမာ ပြည်ပသံဃာအလိုမရှိ ပြည်ပဗုဒ္ဓဘာသာအလိုမရှိ ပြည်ပဗုဒ္ဓဘာသာ မောင်းထုတ်မောင်းထုတ်”စသည် အော်နေ၍မရပါ။

နိုင်ငံတကာမှာ တရားတစ်ပွဲဆုံးသည်နှင့် သာဓုခေါ်သံအလိုလိုကြားရမည် မဟုတ်ပါကြောင်း။ ကမ္ဗောဒီးယားလိုနိုင်ငံမျိုးမှာပင် တရားပွဲဆုံးသည်နှင့် အလိုလိုကြားရသောသာဓုခေါ်သံမရှိပါကြောင်း။ တကယ်အားထုတ်ကြပါ။ တကယ်ကျင့်ကြပါ။ သိပ္ပံနည်းကျတဲ့ ဗုဒ္ဓဓမ္မကို လက်တွေ့စာတွေ့ကိုက်ညီအောင် ကျင့်ကြံအားထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ အပ္ပမာဒေန သမ္ပာဒေထ။

ဒါလေးကိုလည်းကြုံကြိုက်တုံးမှတ်သားကြပါ
“ပရိယတ်ပဋိပတ် ဤနှစ်ရပ် သေချာပေါင်းစပ်ပါ။
အချီုးညီစွာ ပေါင်းစပ်ပါမှ ပဋိဝေဒ ပေါ်ရမည်မှတ်ပါ။
သိပ္ပံနည်းကျ လမ်းညွှန်ပြ ဗုဒ္ဓသာသနာ။
လေးစားဦးခိုက် ရိုသေထိုက် စိတ်မိုက်ပြုပြင်ရာ။
ဒိဋ္ဌိအကြိုက် အယူမိုက် အပါယ်ဆိုက်လေရာ။
ဒိဋ္ဌိကွာချင် ဝိပဿနာသင် လျှင်လျှင်ကျင့်ကြံပါ”။

မေတ္တာဘာဝနာ သိပ္ပံပညာနှင့် လူသားများ၏နေ့စဉ်ဘဝ ဆက်စပ်လာပုံ

မေတ္တာဘာဝနာ သိပ္ပံပညာနှင့် လူသားများ၏နေ့စဉ်ဘဝ ဆက်စပ်လာပုံ

အိမ်မှာမိသားစုစားဝတ်နေရေးဖြေရှင်းဖို့ တနိုင်တပိုင်အိမ်ဆိုင်ဖွင့်ထားသူ ဈေးကူရောင်းဖို့ဝန်ထမ်းရှာမရတာ၊ တနိုင်တပိုင်အထည်ဆိုင်လေးတွေ ဝန်ထမ်းရဖို့မလွယ်တာ တနိုင်တပိုင်တောင်သူလုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဖို့ခက်ခဲနေတာ တစ်ခုခုကတော့ ချွတ်ယွင်းနေတာအမှန်ပဲ။ အချို့ဆိုနှစ်ပေါင်းများစွာလုပ်စားနေတာကိုယ်တွေ့ပါ။ ဒါတွေဟာဘာကြောင့်ဖြစ်နေတာလဲ။

သေချာတာကတော့ နေရာတိုင်းမှာအဆင်မပြေမှုတွေရှိနေတာအမှန်။ နိုင်ငံရေးကြောင့်လား။ စီးပွားရေးကြောင့်လား။ ပညာရေးကြောင့်လား။ အစွမ်းအစမရှိကြလို့လား။ ညည်းညူသံတွေကြားရတိုင်းစိတ်မချမ်းသာဘူး။ နှစ်ပေါင်း ၃၀ ကျော်လောက် ဓမ္မဝိနယနှင့်အညီ သာသနာ့တာဝန်ထမ်းဆောင်လာခဲ့တဲ့ သက်တော် ၅၄ နှစ်ရှိနေပြီဖြစ်တဲ့ ငွေလည်းမကိုင်ဘဲကိုယ့်ဆွမ်းကိုယ်ခံစားနေတဲ့ ဆရာတော်တစ်ပါးအနေနဲ့ကတော့ ပြေလည်ကြပါစေလို့မေတ္တာပို့သပေးနေရုံမှတပါး ဘာမျှလုပ်မပေးနိုင်တာအတွက်စိတ်မကောင်းဖြစ်ပါတယ်။

မနက်ကို ၃ နာရီမှ ၅ နာရီအထိတရားထိုင်ပါတယ်။ ရှေ့တစ်နာရီက ကိုယ့်အတွက် “ကိလေသေ ဘိန္ဒတီတိ ဘိက္ခု” “သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်အညီ ကိလေသာကင်းစင်ရေး စိတ်သန့်စင်ရေး ခုခေတ်သိပ္ပံနည်းကျဝေါဟာရများနှင့်ဆီလျှော်အောင်ပြောရမည်ဆိုက စိတ်သည် ဦးနှောက်နှင့်ဆက်သွယ်မိတဲ့အခါ ရှင်းလင်းစွာဆက်သွယ်နိုင်ရေး တရားနှင့်ပတ်သက်လာလျှင်ကိုယ်နှင့်အသက်ကိုပါမငဲ့မကွက်အားထုတ်နိုင်ရေးတို့အတွက် စိတ်ကိုအပြင်ထွက်ခွင့်မပေးဘဲအားထုတ်ရပါတယ်။

နောက်တစ်နာရီကတော့ ပြည်တွင်းမှမိမိနှင့်အနီးစပ်ဆုံး တပည့်ဒါယကာများမှသည် တစ်နိုင်ငံလုံးအထိ၊ ပြည်ပတွင်လည်းမိမိရောက်ခဲ့သော နိုင်ငံများမှအနီးဆုံးကူညီလှူဒါန်းတရားစခန်းတွေဖြစ်ပေါ်အောင်အားထုတ်ပေးကြသည့် ကလျာဏမိတ္တသူတော်ကောင်းများနှင့် အနီးကပ်သင်ပြပေးသည့်အတိုင်း စနစ်တကျစိတ်ပါလက်ပါ အားထုတ်ခဲ့ကြသော ယောဂီများမှသည် တစ်ကမ္ဘာလုံးအထိ မေတ္တာပို့သရသော မေတ္တာဘာဝနာအလုပ်ကိုအားထုတ်ရပါတယ်။ ပြီးတော့မှသာ ကိုယ်ရေးချင်သော၊ စာဖတ်သေူများအားတရားနှင့်အားအင်ဖြစ်စေမည့် ဖတ်လိုက်ရင်းပင် အားတက်စေမည်ဖြစ်သော တရားစာသားများကိုရေးလေ့ရှိပါတယ်။

မေတ္တာဘာဝနာကတော့အထူးကိုအားထုတ်ရပါတယ်။ ဒါယကာတစ်ဦးစီတစ်မိသားစုချင်းစီရဲ့မျက်နှာတွေကို စိတ်နဲ့မြင်အောင်အာရုံပြုစေ့စေ့ကြည့်ပြီးအအေးဓာတ်များရအောင်ပို့သရပါတယ်။ ဒါကိုလည်း ခုခေတ်သိပ္ပံက စမ်းသပ်ထားပြီးသားပါ။ မေတ္တာပို့သတဲ့ sender နဲ့ မေတ္တာအပို့ခံရသူ receiver တို့ကို တစ်ခန်းစီခြားထားပြီး neuroscientist တစ်ယောက်က သိပ္ပံနည်းကျ ECG မှာစောင့်ကြည့်သလို စောင့်ကြည့်စမ်းသပ်ပါတယ်။ sender ဆီက energy ဟာ receiver ဆီကိုသွားသလို receiver ကလည်း အဲဒီ energy ကို လက်ခံရရှိတယ်ဆိုတာကို သိပ္ပံနည်းကျ စမ်းသပ်ထားပြီးသားပါ။

ဒါကြောင့် မိမိတို့ရဲ့အိပ်ယာထထချင်း ပထမဆုံးနာရီတွေမှာ ဘုန်းဘုန်းရဲ့ ဖြူစင်တဲ့စိတ်နဲ့ ပို့သတဲ့မေတ္တာကိုခံယူရရှိလိုသူတွေဟာ မနက် ၄ နာရီမှ ၅ နာရီကြားကို တစ်ချက်လောက်ပဲ ဘုန်းဘုန်းရှိတဲ့နေရာနဲ့ဘုန်းဘုန်းပုံရိပ်ကို လက်အုပ်လေးချီပြီးသံဃာ့ဂုဏ်တော် ၉ ပါးနဲ့ သီလသမာဓိပညာအရည်အသွေးကို မိမိမြင်နိုင်သလောက်ဉာဏ်မီသလောက် မျက်စိဖွဖွမှိတ်၍ လက်အုပ်ချီအာရုံပြုလျှက် ဖြူစင်သော receiver တစ်ခုအဖြစ်နေပေးပါ။ ဘုန်းဘုန်းဆီက မေတ္တာ energy ဟာ ECG မှာ လိုလှုပ်ရှားပြီးသင်တို့တစ်ယောက်စီထံသို့ရောက်လာကာ သင်တို့၏တစ်နေ့တာအတွက် ကျန်းမာချမ်းသာ ဘေးရန်များကင်းကွာလျှက် အခက်အခဲတွေကိုကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း သိပ္ပံနည်းကျသတိပေးလိုက်ပါရစေ။

ရဟန်းဘဝဖြင့်ယနေ့အထိ နှစ်ပေါင်းသုံးဆယ်လောက် အားထုတ်ထားသောသီလသမာဓိပညာစွမ်းအားဖြင့်ပို့လွှတ်ပေးသော မေတ္တာ energy စွမ်းအားတို့ဟာ သင်တို့၏ဘဝအတွက် တစ်စုံတရာအတိုင်းအတာတစ်ခုအထိ ထိရောက်နိုင်ဘွယ်ရှိပါကြောင်း။

မှတ်ချက်။ ။ မိမိအပေါ်အမြင်မှားယွင်းကာ ဒေါသအာဃာတရှိနေသူများအားလည်း ကြီးသောငယ်သောမခွဲခြား ရဟန်းပဲလူပဲမခွဲခြား မိမိမေတ္တာပို့ချိန်တွင် လုံးဝဥဿုံမိမိခွင့်လွှတ်ထားသည်ကို သစ္စာပြုပြီးမှ မေတ္တာပို့သပါကြောင်း။ ဗုဒ္ဓအပေါ်အမြင်မားယွင်းလျက် တိုက်ခိုက်ရန် မလျှော်ကံစွာ ကြံစည်အားထုတ်နေသော နာဠာဂီရိဆင် အင်္ဂလိမာလ ဒေဝဒတ်တို့ပင် မေတ္တာစစ်ကို ခံယူရရှိနိုင်ကြပေသေး၏ဟု နှလုံးမူကာ ထို နံနက် ၄ နာရီမှ ၅ နာရီအထိ အချိန်လေးဝယ် receiver ကောင်းတစ်ယောက်အဖြစ်နေထိုင်ပေးရန်မမေ့ဖို့သတိပေးလိုက်ပါရစေ။ သင်တို့တို့၏ နေ့စဉ်ဘဝအတွက်ဘုန်းဘုန်း၏ဖြူစင်သောမေတ္တာသည် အစွမ်းကောင်းသောအားဆေးတစ်လက်အဖြစ်တော့ ပံ့ပိုးပေးနိုင်မှာပါလို့ယုံကြည်မိပါကြောင်း။ ခု ၅၄ နှစ်အရွယ်တွယ် “ငါသည်အလုပ်လည်းလုပ်ရင်း သေဖို့လည်းပြင်တော့မည်”ဟု အဓိဋ္ဌာန်ဖြင့်ကြိုးစားနေပါကြောင်း။

မေတ္တာအားကြီးစွာဖြင့်
သင်တို့အားအမြဲမေတ္တာထားနေမည့်
ဘုန်းဘုန်း။

မေတ္တာတရားသိပ္ပံနည်းကျမကျ ပို့လွှတ်ကရမရ ဉာဏ်ဖြင့်ဆင်ချင်သင့်ပုံ

မေတ္တာတရားသိပ္ပံနည်းကျမကျ ပို့လွှတ်ကရမရ ဉာဏ်ဖြင့်ဆင်ချင်သင့်ပုံ

ဒီမနက် ၄ နာရီမှ ၅း၃၀ နာရီအတွင်း မိမိသိပ္ပံနည်းကျ လွှင့်ထုတ်လိုက်သော မေတ္တာဓာတ်များသည် ECG wave များကဲ့သို့ သင့်တို့တစ်ဦးစီထံသို့ဦးတည်သွားကြ၏။ သင်တို့၏ receiver ကောင်းလျှင် ထိုမေတ္တာဓာတ်ကို ဖမ်းယူရရှိပေလိမ့်မည်။ သင်တို့၏ receiver သည် သင်တို့အတွက် ထိုမေတ္တာဓာတ်ထုတ်လွှတ်ပေးရာ sender station 🚉 နှင့် WiFi ချိတ်သလို ကွက်တိချိတ်မိနေဖို့တော့ လိုအပ်ပေ၏။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့လက်ခံရရှိလာသည်ဟု စတင်သိရှိလာနိုင်ပေ၏။

သို့မဟုတ်က ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည် အချီးနှီးဖြစ်သွားစရာရှိပေ၏။ အမှန်ဆိုလျှင် ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည်အချီးနှီးမဖြစ်တန်ရာ။ မိမိတို့ sender များ receiver များ quality မကောင်းအရည်အသွေးမမီသောကြောင့်သာ မေတ္တာဓာတ်သည် ဘယ် receiver ထံကိုဝင်ရမည်ဟုရှာမတွေ့ခဲ့သော် receiver ၏ WiFi ဖြင့်မချိတ်ဆက်မိခဲ့သော် လမ်းတွင်အချီးအနှီးဖြစ်သွားနိုင်စရာရှိပေ၏။

receiver အများစု၏ WiFi သည် မေတ္တာတရားအာရုံနှင့်မချိတ်ဆက်မိဘဲ လောဘအာရုံ ဒါသအာရုံ မောဟအာရုံ မာနအာရုံ ဣဿာမစ္ဆရိယအာရုံ အစရှိသည်တို့နှင့်သာ ချိတ်ဆက်မိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ ထို့ကြောင့် receiver များသည် ထိုလောဘဒေါသမောဟမာန စသည့်အပူဓာတ်သဘာဝများကိုသာ လက်ခံရရှိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ အအေးဓာတ်ဖြစ်သော မေတ္တာဓာတ်သဘာဝကိုရရှိလိုက သင်တို့၏ receiver ကို မနက်စောစော အိပ်ယာထထချင်း မေတ္တာအာရုံနှင့် ချိတ်မိဆက်မိအောင် တည့်တည့်ထားကြပါကုန်။

အမှန်ဆိုရသော် သင်တို့၏နေ့စဉ်ဘဝအလုပ်အကိုင်များ ပေါင်းသင်းဆက်ဆံရေးများ အဖုအထစ်မရှိပြေလည်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းဖို့ သင်တို့အတွက်မေတ္တာစွမ်းအား အအေးဓာတ်သဘာဝလိုအပ်ပေ၏။ ဒေါသမလိုအပ်ပေ။ ဤကားသိပ္ပံနည်းကျ ဗုဒ္ဓအလိုကျ မေတ္တာတရားထုတ်လွှတ်ပို့သနည်း မေတ္တာအအေးဓာတ်သဘာဝကို စနစ်တကျလက်ခံရယူနည်းဖြစ်ပေ၏။ အပ္ပမာဒေန သမ္ပာဒေထ။

မေး။ ။ အရှင်ဘုရား–လမ်းလျှောက်၍ မေတ္တာပို့လို့ရရဲ့လားဘုရား? တပလ္လင်ခွေထိုင်ပြီးတော့ပဲမေတ္တာပို့ရမှာလား?

မေး။ ။ အရှင်ဘုရား–လမ်းလျှောက်၍ မေတ္တာပို့လို့ရရဲ့လားဘုရား? တပလ္လင်ခွေထိုင်ပြီးတော့ပဲမေတ္တာပို့ရမှာလား?

Q: Venerable Sir, can we do loving-kindness meditation Mettāhhāvanā by walking or just in sitting posture?

အဖြေ။ ။ကျမ်းဂန်နဲ့ညှိုကြည့်ရအောင်နော်။ ကျမ်းဂန်နှင့်ညှိုရင် အဖြေထွက်လာမှာပါ။

According to Mettā Sutta, we can do loving-kindnesses meditation Mettāhhāvanā by walking, sitting, standing and by reclining. The most important thing you have to do is that you have to steadily develop the mind of love, Mettā to unconditionally send it to all living creatures for their benefits and happiness. At that time, you should not discriminate between friends and enemies so that your loving-kindness becomes powerful.

“တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝ.တာသ ဝိတမိဒ္ဓော။
ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာ.ရမိ.ဓမာဟု”။ ဒါက မေတ္တာသုတ်လာကျမ်းဂန်အဆိုပါ။ ဗုဒ္ဓကိုယ်တော်တိုင်ဟောထားတာပါ။ သူ့အဓိပ္ပါယ်လေးကိုလည်းမကျယ်မကျဉ်း လေ့လာကြည့်ကြရအောင်။

တိဋ္ဌံ တိဋ္ဌန္တော ဝါ-ရပ်နေစဉ်သော်လည်းကောင်း၊ စရံ စရန္တော ဝါ-လမ်းလျှောက်နေစဉ်သော်လည်းကောင်း၊ နိသိန္နော ဝါ-ထိုင်နေစဉ်သော်လည်းကောင်း၊ သယာနော ဝါ-အိပ်နေစဉ်သော်လည်းကောင်းယာဝတာ- အကြင်သို့သောကာလပတ်လုံး ဝိတမိဒ္ဓေါ-အိပ်ချင်ငိုက်မြည်းထိနမိဒ္ဓကင်းစင်နေသည် အဿ-ဖြစ်ရာ၏။ တာဝတာ-ထိုမျှထိနမိဒ္ဓကင်းစင်နေသောကာလပတ်လုံး ဧတံသတိံ-ဤမေတ္တာဖြင့်နေထိုင်သောသတိတရားကို အဓိဋ္ဌေယျ-အဓိဋ္ဌာန်ခိုင်ခိုင်စိတ်မယိုင်အောင် စွဲစွဲမြဲမြဲပွားများအားထုတ်ရာ၏။ ဣဓ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်၌ ဧတံသတိံ-ဤမေတ္တာပွားများသတိထား၍နေထိုင်ခြင်းကို၊ ဗြဟ္မဝိဟာရံ-အရိယာနေဗြဟ္မာနေသို့ စိတ်နေသန့်ရှင်း ကောင်းမြတ်သောနေထိုင်ခြင်းဟူ၍ အာဟု-ဗုဒ္ဓစသည်အရိယာမည်ရသူတော်ကောင်းတို့က တစ်သံတည်းဆိုကြကုန်၏။

မေတ္တာဘာဝနာပွားများသူသည် ပွားများချိန်၌ သွားခြင်းရပ်ခြင်းထိုင်ခြင်းလျှောင်းခြင်းဟူသော ဣရိယာပုထ်လေးပါးတစ်ပါးပါးတွင် ပွားများနိုင်ကြောင်းဆိုထား၏။ တင်ပလ္လခွေထိုင်၍မျက်စိမှိတ်ကာထိုင်လျှက်ဣယာပုထ်ဖြင့်သာ ပွားရမည်မဟုတ်ပေ။ ရပ်နေနေ လမ်းလျှောက်နေနေ အိပ်ယာထဲလှဲနေနေ မေတ္တာပွားပို့နေသောသတိသာ မလွတ်ကင်းစေဘဲပွားရန် မေတ္တာသုတ်တွင်ဗုဒ္ဓကိုယ်တိုင်ညွှန်ပြတော်မူထားပေ၏။ ဘုန်းဘုန်းဆိုလျှင် ထိုင်နာရီဝက် လမ်းလျှောက်တစ်နာရီပွားများလေ့ရှိ၏။

ဤသို့မေတ္တာပွားများနေသောအချိန်သည် ဗြဟ္မာကြီးများလို မြင့်မြတ်သောသူတို့၏နေထိုင်ခြင်းဟုမိန့်တော်မူထားပေ၏။ ထို့ကြောင့်မေတ္တာတရားဖြင့်နေထိုင်ခြင်းကို ဗြဟ္မဝိဟာရတရားဖြင့်နေထိုင်ခြင်းဟုခေါ်ရပေ၏။

ဤကား လမ်းလျှောက်၍ မေတ္တာပွားရင်ရပါသလားဟူသော မေးခွန်းကိုကျမ်းဂန်နှင့်အညီဖြေကြားခြင်းတည်း။ ဗုဒ္ဓတရားတော်အရ စိတ်ထိုင်နေဖို့လိုရငါးဖြစ်၏။ ရုပ်ကတင်ပလ္လင်ခွေထိုင်နေသော်လည်း စိတ်ကလျှောက်သွားနေလျှင် တရားထိုင်သည်မခေါ်နိုင်ပေ။ ရုပ်ကလမ်းလျှောက်နေသော်လည်း စိတ်ကတရားအားရုံတစ်ခုမှာ ငြိမ်နေအောင်နေလျှင် တရားအားထုတ်သည်မည်၏။

ဥပမာ။ ။ လမ်းလျှောက်နေရင်းနဲ့ပင် “အမေကျမ်းမာချမ်းသာပါစေ။ အမေ့လိုသတ္တဝါအနန္တလည်း ကျန်းမာချမ်းသာပါစေ”။ လို့ ဤဝါကျလေးနှစ်ကြောင်းလောက်ကိုပင် ထပ်ခါထပ်ခါစိတ်မလွင့်စေဘဲ စိတ်ကိုငြိမ်ပြီး အမေနဲ့သတ္တဝါအနန္တအပေါ်စိတ်ငြိမ်ပြီးမေတ္တာစိတ်ဖြစ်နေမယ်ဆိုရင် လမ်းလျှောက်ရင်း ရထားပေါ်ကားပေါမှာထိုင်နေရင်းလဲ တစ်နာရီပို့တစ်နာရီမေတ္တာပို့လို့ရနေပါပြီ။