မပြီးနိုင်မစီးနိုင်မဟာဂန္ဓာရုံနှင့် tourism
နားလည်လို့လုပ်တတ်ရင်အလွယ်လေး အများနဲ့လုပ်တယ်ဆိုတာ personal feeling ကို ရှေ့တန်းမတင်ရဘူး။ မညီသေးရင် သက်ဆိုင်သူတွေပါနိုင်သမျှပါအောင် စိတ်ရှည်စွာထည့်သွင်းစဉ်းစားဆွေးနွေးပြီး အချိန်ယူ၍စဉ်းစားရပါတယ်။ အထူးသဖြင့်ပညာရေးဆန်ဆန်အလုပ်လုပ်နေကြတဲ့ မဟာဂန္ဓာရုံလိုစာသင်တိုက်မျိုးနဲ့ဆိုရင်ပိုလို့တောင်စိတ်ရှည်အချိန်ယူညှိုနှိုင်းဖို့လိုပါတယ်။ ဆရာတော်များကိုလျှောက်ထားရပါတယ်။ ဆရာတော်များရဲ့ဆန္ဒမပါဘဲဘာမျှလုပ်လို့မရပါဘူး။ စည်းကမ်းဥပဒေဆိုတာမျိုးဟာလည်းရေးဆွဲနေစဥ်မှာ လက်တွေ့မဟုတ်သေးတဲ့အတွက် မှားနိုင်ပါတယ်။ လက်တွေ့မြေပြင်မှာကျင့်သုံးတဲ့အခါ ကီးမကိုက်တာ မှားနေတာဆိုရင်ပြုပြင်ရဲရမှာပါ။ မပြုပြင်လို့မှမရဘဲ။
ဘုန်းကြီးကတော့အများစိတ်ချမ်းသာစေရအောင် ကူညီပေးတာပါ။ စည်းနဲ့ကမ်းနဲ့လည်းဖြစ်မယ်။ အများလည်းစိတ်ချမ်းသာမယ်ဆိုရင် ဘုန်းကြီးအနေနဲ့ကူညီဆောင်ရွက်ပေးမှာပါ။ ဒီအသက်ဒီအရွယ်အထိ သာသနာတော်ကိုကြည်ညိုလို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ ဆန္ဒနဲ့အညီ ကြိုးစားနေထိုင်နေတာပါ။ ဆရာတော်ကြီးမှာတောရဆောက်တည်ချင်ပါလျှက် ပရိယတ္တိစာရေးစာချသံယောဇန်များပြီးတောမထွက်လိုက်ရတာကို ဖြည့်ဆည်းချင်လို့တောရဆောက်တည်ကျင့်သုံးနေတာ ခုဆိုရင်တောရဝါ ၁၆ ဝါရှိနေပါပြီ။
ငွေအလှူမခံကိုင်တွယ်သာယာခြင်းမရှိဘဲ ကိုယ့်ဆွမ်းကိုခံစား ကိုယ့်ဓမ္မဝိနယကိုယ်အားထုတ်နေတာ နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ ရဟန်းဘဝဆိုတာ လောကီအရှုပ်အထွေးကင်းဝေးပြီး ဓမ္မဝိနယသက်သက်ဖြင့်နေထိုင်ကျင့်ကြံလျှက် သူများကိုလည်းလမ်းမှန်ပြပေးဖို့ဖြစ်ရမှာပါ။ ကိုယ်တစ်ယောက်တည်းချမ်းသာဖို့ဆိုရင် ဒီလောက်အားမထုတ်ပါ။ ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ အဓိဋ္ဌာန်အတိုင်းနေထိုင်ပါတယ်။
“ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက် ငါဆောင်ရွက်သည်၊
ဆက်လက်တည်တံ့ပါစေသော်”။