သစ္စာမြိုင်တောရဓမ္မမိသားစု၏ ယခုနှစ်သင်္ကြန်တရားစခန်းနှင့်ထူးခြားဖြစ်စဉ်
ယခုတစ်ပတ်တရားစခန်းတွင် အသက် ၈၅ နှစ်ရှိနေပြီဖြစ်သော မိမိနှင့်နှစ်ပေါင်း ၃၀ ကျော်လောက်ဝေးနေပြီဖြစ်သော မိမိ၏ဒါယကာကြီး တရားစခန်း ဝင်ရောက်အားထုတ်သည်ကား ထူးခြားဖြစ်စဉ်ဟုဆိုရမည်။ ဒကာကြီးသည် မိမိဟောကြားသင်ပြနေသော တရားအနှစ်အသားများကိုနှစ်ထောင်းအားရဖြစ်သွားသည်ကား အထူးခြားဆုံးဟုဆိုရပေမည်။ မိဘကျေးဇူးအထူးဆပ်ခွင့်ရလိုက်ခြင်းပေတည်း။
မိဘများကို ပုခုံးပေါ်တင်ပြီးတစ်သက်လုံးအထူးကျေးဇူးဆပ်လျှင်ပင် ကြေနိုင်ဖွယ်မရှိသောမိဘကျေးဇူးသည် ဓမ္မဖြင့်ဆပ်လျှင်ကား အမှန်တကယ်ကြေနိုင်လေတော့၏။ ယခုအခါမိမိသင်ပြနေသောတရားအနှစ်များကို ဒကာကြီးသည် သူပင်မကသူ့အသိုင်းအဝိုင်းကိုပါ သိစေချင်နေသည်ကားအလွန်ထူးခြားနေပေ၏။
မိမိဆုံးမသင်ပြပေးခဲ့ပြီး အဆင်မပြေလျှင် ဆူပူသည်ကိုပင် သည်းခံလျှက် မိမိအားအမြဲတစေ မိသားစုစိတ်နှလုံးသားဖြင့်နေပေးသော မိမိ၏တပည့်ဒါယကာအရင်းများဖြစ်ကြသည့် ဦးခင်စိုးဒေါ်စပယ်အောင်မိသားစု၏နူးညံ့သိမ်မွေ့သည့်မေတ္တာ ရက်ရောဖော်ရွေသည့် စိတ်ဓာတ်များကြောင့် မိမိ၏ဖခင်ကြီး သစ္စာမြိုင်တောရသို့တရားစခန်းဝင်ရန်ရောက်လာခဲ့ရခြင်းဖြစ်ပေ၏။
မိမိ၏ဖခင်ကြီးတရားစခန်းဝင်စဉ် ဓမ္မဖြင့်နေတတ်ထိုင်တတ်အောင် မိမိကိုယ်တိုင်စိတ်တိုင်းကျလေ့ကျင့်ပျိုးထောင်ပေးထားပြီးဖြစ်သောမိမိ၏သစ္စာမြိုင်တောရ ဓမ္မမိသားစုဝင်ဓမ္မသားသမီးများသည်လည်း အရည်အသွေးပြည့်ဝစွာ နွေးထွေးသောမေတ္တာတရားများဖြင့် ဆက်ဆံမှုကြောင့် မိမိ၏ဖခင်ကြီး ရသင့်ရထိုက်သော တရားအသိကိုရသွားခြင်းဖြစ်ပေ၏။
မိမိ၏တပည့်အရင်းဖြစ်သည့် တီကျစ်မှသန်းထိုက်ကိုလေးသည်လည်း တိုက်တိုက်ဆိုင်ဆိုင်တရားစခန်းဝင်ရောက်လာကာ တစ်စခန်းလုံးဒကာကြီးကိုအနီးကပ်ပြုစုပေးသွား၍ မိမိမွေးခဲ့ရသည့်တပည့်များ၏အရည်အသွေးကိုခံစားရမိကာ ပို၍ကြည်နူးရပေသေး၏။
ဤတပည့်ဒါယကာများသည် တရားနှင့်ထိုက်တန်ကြ၏။ သာသနာပြုရန်ကံအကြီးကြီးရှိကြ၏။ နိုင်ငံတကာအဆင့် သာသနာပြုအလုပ်လုပ်ရန်အလွန်ထိုက်တန်ကြ၏။ မိမိ၏တပည့်ဒါယကာများ၏ဓမ္မအရည်အသွေးကို မိမိကိုတိုင်ထိထိမိမိခံစားမိ၍ သာသနာပြုအလုပ်အတွက်အားတက်မှုဖြစ်ရပေ၏။
ဤတရားစခန်းတွင် စင်္ကာပူမှတပည့်မလေးသည် သူ့ကိုယ်သူမိမိထံ၌လေ့လာသင်ယူခွင့်ရ၍ကံကောင်းသည်ဟုအကြိမ်ကြိမ်ဆို၏။ ယောဂီဒကာမလေးတစ်ယောက်သည်ကား စာဖတ်၍မရသောမျက်စိစာဖတ်၍ရလာသည်ဟုဆို၏။ ဇက်နာ၍ဦးခေါင်းလှည့်မရသော ယောဂီဒကာတစ်ယောက်က ဦးခေါင်းလှည့်ရသွား၍စိတ်ချမ်းသာသည်ဟုဆို၏။ အသံမထွက်၍ စာသင်ရန်အခက်အခဲဖြစ်နေတာအနည်းငယ်ကြာနေပြီဖြစ်သော ယောဂီတစ်ယောက်က အသံပြန်ထွက်လာ၍ဝမ်းသာသည်ဟု အကြောင်းကြားလာ၍စိတ်ချမ်းသာရ၏။ တရားစခန်းမဝင်ဘူးသေးသော မိမိ၏ဆွေမျိုးလိုဒါယကာဒါယကာမများ တရားစခန်းဝင်ရောက်အားထုတ်ကြသည်လည်း ထူးခြားဖြစ်စဉ်တည်း။
အင်း မေတ္တာတရားနှင့်ဓမ္မအရည်အသွေးပေါင်းစပ်မိသောအခါ ချမ်းသာမှုတွေသရဖူဆောင်းပါပေါ့ဟု ရှုမြင်မိလေတော့၏။
အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနံံှ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကျိုးနပ်ပါစေ။