မပြီးနိုင်မစီးနိုင်မဟာဂန္ဓာရုံနှင့် tourism

မပြီးနိုင်မစီးနိုင်မဟာဂန္ဓာရုံနှင့် tourism

နားလည်လို့လုပ်တတ်ရင်အလွယ်လေး အများနဲ့လုပ်တယ်ဆိုတာ personal feeling ကို ရှေ့တန်းမတင်ရဘူး။ မညီသေးရင် သက်ဆိုင်သူတွေပါနိုင်သမျှပါအောင် စိတ်ရှည်စွာထည့်သွင်းစဉ်းစားဆွေးနွေးပြီး အချိန်ယူ၍စဉ်းစားရပါတယ်။ အထူးသဖြင့်ပညာရေးဆန်ဆန်အလုပ်လုပ်နေကြတဲ့ မဟာဂန္ဓာရုံလိုစာသင်တိုက်မျိုးနဲ့ဆိုရင်ပိုလို့တောင်စိတ်ရှည်အချိန်ယူညှိုနှိုင်းဖို့လိုပါတယ်။ ဆရာတော်များကိုလျှောက်ထားရပါတယ်။ ဆရာတော်များရဲ့ဆန္ဒမပါဘဲဘာမျှလုပ်လို့မရပါဘူး။ စည်းကမ်းဥပဒေဆိုတာမျိုးဟာလည်းရေးဆွဲနေစဥ်မှာ လက်တွေ့မဟုတ်သေးတဲ့အတွက် မှားနိုင်ပါတယ်။ လက်တွေ့မြေပြင်မှာကျင့်သုံးတဲ့အခါ ကီးမကိုက်တာ မှားနေတာဆိုရင်ပြုပြင်ရဲရမှာပါ။ မပြုပြင်လို့မှမရဘဲ။

ဘုန်းကြီးကတော့အများစိတ်ချမ်းသာစေရအောင် ကူညီပေးတာပါ။ စည်းနဲ့ကမ်းနဲ့လည်းဖြစ်မယ်။ အများလည်းစိတ်ချမ်းသာမယ်ဆိုရင် ဘုန်းကြီးအနေနဲ့ကူညီဆောင်ရွက်ပေးမှာပါ။ ဒီအသက်ဒီအရွယ်အထိ သာသနာတော်ကိုကြည်ညိုလို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ ဆန္ဒနဲ့အညီ ကြိုးစားနေထိုင်နေတာပါ။ ဆရာတော်ကြီးမှာတောရဆောက်တည်ချင်ပါလျှက် ပရိယတ္တိစာရေးစာချသံယောဇန်များပြီးတောမထွက်လိုက်ရတာကို ဖြည့်ဆည်းချင်လို့တောရဆောက်တည်ကျင့်သုံးနေတာ ခုဆိုရင်တောရဝါ ၁၆ ဝါရှိနေပါပြီ။

ငွေအလှူမခံကိုင်တွယ်သာယာခြင်းမရှိဘဲ ကိုယ့်ဆွမ်းကိုခံစား ကိုယ့်ဓမ္မဝိနယကိုယ်အားထုတ်နေတာ နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ ရဟန်းဘဝဆိုတာ လောကီအရှုပ်အထွေးကင်းဝေးပြီး ဓမ္မဝိနယသက်သက်ဖြင့်နေထိုင်ကျင့်ကြံလျှက် သူများကိုလည်းလမ်းမှန်ပြပေးဖို့ဖြစ်ရမှာပါ။ ကိုယ်တစ်ယောက်တည်းချမ်းသာဖို့ဆိုရင် ဒီလောက်အားမထုတ်ပါ။ ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ အဓိဋ္ဌာန်အတိုင်းနေထိုင်ပါတယ်။

“ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက် ငါဆောင်ရွက်သည်၊
ဆက်လက်တည်တံ့ပါစေသော်”။

ချစ်စရာလေးစားစရာပညာတတ် senior junior ဂိုက်အလိမ္မာများဖတ်ကြစေဖို့

ချစ်စရာလေးစားစရာပညာတတ် senior junior ဂိုက်အလိမ္မာများဖတ်ကြစေဖို့

တကယ်ဆိုဘုန်းဘုန်းဂိုက်တွေကို ပြည်တွင်းက ဘာသာရေး လူမှုရေး နိုင်ငံရေး သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြည်ပသားများသိမြင်လာအောင် ဆောင်ရွက်ပေးကြရသောကြောင့် ပြည်တွင်းမှအချက်အလက်အမှန်များကို ပြည်ပသို့တင်ပို့နိုင်သော ရေကြည်ပေါက်လေးများအဖြစ်မှတ်ယူကာ မြန်မာပြည်လိုမတိုးမတက်မဖွံ့ဖြိုးသေးဘဲ ကြမ်းတမ်းစွာဘဝကိုရုန်းကန်နေကြရတဲ့ “သဲကန္တာရထဲကရေကြည်တစ်ပေါက်”လို့ ဘုန်းဘုန်းတင်စားခဲ့ဘူးပါတယ်။ ဒါကြောင့်ဂိုက်ဆိုသူတွေကို senior တွေကိုရော Junior ကိုရော ဘုန်းဘုန်းမေတ္တာရှိပါတယ်။ တရားနဲ့ပတ်သက်တာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တာ curious သက်သက်မဟုတ်ဘဲ serious ဖြစ်တယ်ဆိုရင် တကယ်လက်ခံရှင်းပြပေးပါတယ်။ Why do you shave your hair? လောက်ဆိုရင်တော့ ရှင်းပြပေးဖို့စိတ်မဝင်စားပါဘူး။

ခုလည်းရွှေဂိုက်များတာဝန်ရှိသူများက ဆရာတော်များကိုခဏခဏအပူကပ်နေခြင်းထက် လက်ရှိစည်းကမ်းအတိုင်းသာ ဖြစ်နိုင်သမျှဝိုင်းပြီးပူးပေါင်းဆောင်ရွက်ကြပါလို့မေတ္တာရပ်ခံပါရစေ။ ဒီတိုးရစ်ရှုပ်ထွေးတဲ့အချိန်ဟာ ဆွမ်းခံကြွချိန်လေးမျှသာပါ။ တကယ်ဆိုရင် မနက် ၉:၃၀ နာရီမှ ၁၀:၃၀ ၁၁ နာရီ တစ်နာရီပိုပိုမျှလောက်သာကြာတာပါ။ အဲဒါကို မဖြစ်နိုင်တဲ့စကားတွေ ကမ္ဘာပျက်တော့မဲ့အခြေအနေစကားတွေကို မြောက်ကိုးရီးယားနဲ့အမေရိကန် နယူကလီးယားကိစ္စဖြေရှင်းနေသလိုမျိုးတွေ ပြောနေကြမည့်အစား ဂိုက်များရယ် လက်ရှိဆွမ်းစားချိန်အခိုက်မှာ တာဝန်ချပေးထားတဲ့ သံဃာများရယ် ညီညွတ်စွာဝိုင်းဝန်းတိုင်ပင်စောင့်ရှောက်ကြမယ်ဆိုရင် အဆင်ပြေမှာပါ။

မဟာဂန္ဓာရုံကျောင်းတိုက်ဆိုတာက ဟိုရှေးပဝေသနီ ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရှိစဉ်ကတည်းက နိုင်ငံတကစိတ်ဝင်စားခံခဲ့ရတဲ့ကျောင်းတိုက်ကြီးပါ။ ဒါကြောင့်နိုင်ငံတကာက တကယ့်ပညာရှင်တွေ ပါရဂူကြီးတွေသုတေသနစာတန်း doctorate dissertation ရေးလိုတဲ့သူတွေ မကြာကြာရောလာပြီးပညာယူကြရလောက်အောင် အစဉ်အလာရှိခဲ့တဲ့ကျောင်းတိုက်ကြီးပါ။ ယခုဘာမဟုတ်တဲ့ စည်းမဲ့ကမ်းမဲ့ undisciplined tourists တိုးရစ်များကြောင့်သာ စကားများစရာဖြစ်လာခဲ့တာပါ။

သို့သော် ခုတလောဘုန်းဘုန်းတို့တွေဆွေးနွေးတိုင်ပင် ဆရာတော်ကြီးထံလျှောက်ထားပြီးလုပ်သင့်တဲ့လှုပ်ရှားမှုတွေကို လုပ်လိုက်ကြတဲ့အခါ positive result တစ်ခုတော့ရလာတာအမှန်ပါ။ ဒါကိုအားလုံးဝမ်းသာဖို့ကောင်းပါတယ်။ ခေတ်ရေစီးကြောင်းမှာလျှောက်လှန်းနေကြတဲ့ပညာတတ်များပီပီ သဘောကြီးကြီးနဲ့ဝိုင်းဝန်းဆောင်ရွက်ကြရင် ရေရှည်ဖြစ်နိုင်ခြေရှိတယ်လို့ဘုန်းဘုန်းမြင်ပါတယ်။

ခုကိုက အရင်နဲ့စာရင်ဘုန်းဘုန်းတို့အများကြီးစိတ်ချမ်းသာရပါပြီ။ စည်းကမ်းတွေလည်းအများကြီးကောင်းလာပါပြီ။ ဆေးသောက်ခြင်းစကားများခြင်းမရှိတော့သလို ပြောရင်လည်းသေချာလေးလေးနက်နက်လိုက်နာလာတာကိုတွေ့နေရပါပြီ။ သူတို့တွေအတွက်ကန့်သတ်ပြီး ကြိုးလေးတန်းထားတာမျှကိုပင် တိုးတာဝှေ့တာတွေမတွေ့ရတော့ဘဲ ငြိမ်သက်စွာကြည်ညိုတတ်လာတာကိုတွေ့ရပါပြီ။ ဒါဟာစိတ်ကြည်နူးစရာပါ။ ဘုန်းဘုန်းကနေ့စဉ် on the ground ထိမ်းသိမ်းပေးရတာမို့ကိုယ်တွေ့ပြောနေတာပါ။ ဗလာဗလာပြောနေတာမဟုတ်ပါ။

ပြီးတော့ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ senior junior tourist guides ပေါင်းစုံများကိုလည်း သနားလို့ဝိုင်းလုပ်ပေးနေတာပါ။ သူတို့လေးတွေလည်းတလေးတစားပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရလို့ကြည်နူးပီတိဖြစ်ရပါတယ်။ တခါတလေဘုန်းဘုန်းသာသနာပြုကိစ္စနဲ့ ပြည်ပထွက်တောရကျောင်းသွားချိန်ဖြစ်နေလျှင်ပင် ဆက်သွယ်ဆောင်ရွက်လို့လွယ်ကူအောင် ဓမ္မာစရိယတန်း ကျမ်းပြီးဓမ္မာစရိယ အင်္ဂလိပ်စာလည်းအထိုက်အလျှောက်တတ်နေပြီဖြစ်တဲ့ တပည့်တွေကိုတာဝန်ပေးထားပြီးပါပြီ။ လိုအပ်လာရင်ဆရာတော်ကြီးတွေကိုလျှောက်ထားပြီး ဆရာတော်များရဲ့ဆန္ဒအတိုင်းဆောင်ရွက်ကြဖို့မှာထားပြီးပါပြီ။

ဒီတော့ဘုန်းဘုန်းအားလုံးချမ်းသာဖို့ဘယ်လောက်အထိမေတ္တာထားနေတယ်ဆိုတာကို တကယ်နားလည်ပေးကြဖို့ပါ။ အခက်အခဲဆိုတာက မြန်မာပြည်ရဲ့ဘယ်နေရာမှာမဆိုရှိနေဆဲပါ။ ဟိုတုန်းက အဆင်မသင့်ရင် ထောင်ထဲအထိရောက်နိုင်တဲ့အခက်အခဲတွေကို ဘုန်းဘုန်းတို့တွေ ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ ခုအချိန်မှာ အဆင်မပြေတာကို စိတ်ရှည်ရှည်သဘောထားကြီးကြီးနဲ့ ဝိုင်းပြီးဆွေးနွေးအဖြေရှာရင် အဖြေထွက်တစ်စုံတရာဖြစ်နိုင်တဲ့ခေတ်ပါ။ အခက်အခဲဆိုတာကတော့ရှိနေမှာပါ။ “You can’t make an omelette without breaking egg”. တဲ့ ကြက်ဥကြော်တာတောင်မှ ဥကိုမခွဲဘဲကြော်လို့မရပါဘူးတဲ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။

ဒါကြောင့်လက်ရှိမြန်မာ့ယဉ်ကျေးမှု မြန်မာ့စိတ်နေစိတ်ထားများအရ အရာရာကိုစိတ်ရှည်သည်းခံ အသိဉာဏ်ကိုသုံးပြီးကျော်ဖြတ်နိုင်အောင်ကြိုးစား ဖို့လိုပါတယ်။ တဆိတ်ရှိ Facebook ပေါ်တက်ပြီး ကိုယ့်ခံစားချက်အတိုင်းဖွတာမျိုးတွေမလုပ်ကြပါနဲ့လို့မေတ္တာရပ်ခံချင်ပါတယ်။ ဘုန်းဘုန်းတို့မြန်မာပြည်သားအချင်းချင်း အနှစ်သာရအားဖြင့်စည်းလုံးညီညွတ်နေကြမှသာ တိုင်းပြည်နဲ့လူမျိုးအားအင်ရှိနေမှာပါ။ သူများတိုင်းတပါးက စော်ကားလို့မရမှာပါ။ ကိုယ့်အချင်းချင်း အနှစ်သာရရှိရှိမညီညွတ်ရင် ကိုယ်သာနစ်နာကြမှာပါ။ သတိထားကြဖို့အသိဉာဏ်ရှိကြဖို့လိုပါတယ်။

မိမိတို့မြန်မာပြည်ရဲ့ အခြေအနေဟာ နိုင်ငံတကာပုံစံအထိအဆင့်မမြင့်သေးဘူးဆိုတာ အတွေ့အကြုံရှိသူတိုင်းသိပါတယ်။ ခံစားကြည့်နိုင်ပါတယ်။ တတ်နိုင်သမျှ ညီညွတ်မှုတွေပြိုကွဲပြီး ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့ လုပ်ရပ်မျိုး အပြောအဆိုအပြုအမူအရေးအသားမျိုးတွေကိုရှောင်ကြပါလို့ မေတ္တာရပ်ခံပါရစေ။ ဘုန်းကြီးတို့ ၅၀ မျိုးဆက်တွေဟာ ကိုယ့်အတွက်ကိုယ်ခံစားဖို့ထက် နောင်မျိုးဆက်တွေအတွက် ကိုယ်ကြိုးစီးပွားကိုစွန့်လွှတ်ပြီး သင်ခန်းစာကောင်းတွေထားခဲ့ဖို့သာကြိုးစားသင့်ပါကြောင်း။ သို့မှသာမြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်၎င်း သင့်တို့ရဲ့သားသားမီးမီးမြေးမြစ်မျိုးဆက်အတွက်၎င်း တာဝန်ကျေမည်ဖြစ်ပါကြောင်း အပ္ပမာဒေန သမ္ပာဒေထ။

အားလုံးသတ္တဝါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ

အားလုံးသတ္တဝါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ
🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️🧘‍♂️

“အသက်သာကြီး၊ ဉာဏ်မကြီး၊ ကြီးတာအလကား။
အသက်လည်းကြီး၊ ဉာဏ်လည်းကြီး၊ ကြီးတာတန်ဖိုးများ”။

“အသက်ငါးဆယ်မှ ကျော်ကြသူငါ။
သေမင်းနယ်ထဲ ရဲရဲဝင်ကာ။
ဘယ်နေ့ဘယ်ရက် နေ့ရက်မသေချာ။
တရားပွား စောင့်စားသက်မွေးပါ။”

“တရားမပွား ပျော်ပါးနေလျှင်။
မေ့လျှော့ပေါ့ဆ ဗာလလိုပင်။
သေမည့်ဘေးနှင့် အရေးကြုံလျှင်။
သင်ဘာများ အားထားသေမည်ထင်။”

အင်း—မိမိသည် ✔️🧘‍♂️ဧကသနိက် ✔️ပတ္တပိဏ္ဍ ✔️ခလုပစ္ဆာဓုတင်များကို ✔️🧘‍♂️ရာသက်ပန်ပြည်ပနိုင်ငံများတရားပြကြွလျှင်ပင် ကပ္ပိယဒါယကာဖြင့် မဖြစ်ဖြစ်အောင်ကျင့်ကြံအားထုတ်နေတာ ယခုဆိုလျှင် နှစ်ပေါင်းသုံးဆယ်လောက်ရှိေနပါပြီ။ ဘယ်တုန်းကမှဘာအကြေင်းကြောင့်မျှမဖျက်ပါ။

ပုံမှန်အားဖြင့်မိမိသည် မနက် ၉:၀၀ နာရီ ဆွမ်းခံထွက် ၉:၄၅ နာရီလောက်ဆိုရင် ဆွမ်းဘုဉ်းပေးပါတယ်။ ခုတော့ ကျောင်းတိုက်သို့ လာရောက်လည်ပတ်ကြသော တရုတ်တိုးရစ်တို့မငြိမ်မသက်ဖြစ်ရာကနေ ဆရာတော်ကြီးများစိတ်ချမ်းသာမှုနှင့် သံဃာများဆွမ်းခံကြွရာတွင် တိုးရစ်များကြောင့်အနှေက်အယှက်မဖြစ်စေရန် ဆွမ်းစားကျောင်းဘက်တွင် တပည့်ဦးပဉ္ဇင်းများနှင့်အတူ ဝိုင်းဝန်းထိမ်းသိမ်းပေးနေရ၍ ပုံမှန်စားချိန်မဟုတ်တော့ဘဲ ပိုက်ဆာသည်ကိုအောင့်အဉ်းကာ ဆွမ်းစားကျောင်းတွင်ထိမ်းသိမ်းရေးတာဝန်ပြီးမှ ၁၀:၄၅နာရီခန့်တွင်ဆွမ်းစားရပေ၏။

မိမိတို့ဝိုင်းဝန်းစောင့်ရေှာက်ပေးနေခြင်းမှာစနစ်တကျ စည်းကမ်းရှိရှိ ဂါရဝတရားအပြည့်ဖြင့် သံဃာနှင့်ကျောင်းတိုက်ဂုဏ်ကိုကြည်ညိုနိုင်ကြစေရန်ရိုးသားစွာအားထုတ်နေခြင်းသာတည်း နိုင်ငံရေးသဘော လာဘ်လာဘသဘော စသည်များမပါဝင်ပါကြောင်း မိမိအနေဖြင့်ဆိုရသော် ဆွမ်းချိန်ပုံမှန်မဖြစ်၍ အစာအိမ်ရောဂါပင် မဖြစ်စေရအောင် သတိဖြင့်ထိမ်းသိမ်းစောင့်ရေှာက်နေရပါကြောင်း။ ဤကား မိမိ၏ကျောင်းတိုက်နှင့်သာသနာတော်အပေါ်ထားသော စေတနာသာဖြစ်ပေတော့၏။

ဤဖေဖေါ်ဝါရီလသည်မိမိ၏ မွေးလလည်းဖြစ်သောကြောင့် ဖြစ်သမျှကိလေသာတို့ကို သတိပဋ္ဌာန်အခြေခံသော ဝိပဿနာဖြင့် သွားရပ်ထိုင်လျှောင်းဣရိယာပုထ်လေးပါးလုံးတွင် အဆက်မပြတ်ရှုမှတ်ပွါးများကာ လာမည့်ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်မည့် မိမိ၏ ၅၃ နှစ်ပြည့်မွေးနေ့ ၅၄ ကြမ်မြောက်မွေးနေ့တွင် ဤမဟာဂန္ဓရုံကျောင်းတိုက်၌ပင် မိမိ၏တပည့်ဒါယကာများနှင့်အတူ သံဃာကုန်သံဃိကဆွမ်းကပ်လှူကြမည်ဖြစ်ပါကြောင်း။

ညနေခင်းဘက်တွင် မိမိ၏တပည့်များနှင့်အတူ စစ်ကိုင်းမန္တလေးစသည်တို့၌ လက်လှမ်းမီဘိုးဖွားရိမ်သာများသို့ သွားရောက်ကာ ဒါနကုသိုလ်ယူမည်ဖြစ်ပါကြောင်း။ ထို့ကြောင့်မိမိသည် ဤမွေးလတွင် တတ်နိုင်သမျှ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာအကျင့်မြတ်ဖြင့် မိမိသူတပါးနှစ်ဦးသား စိတ်ချမ်းသာအောင်ကြိုးစားနေထိုင်နေပါကြောင်း သူတော်ကောင်းများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေသော်။

My 54th birthday is coming soon; it is February 12, 2019. From now onward, I’m practicing ‘Mindfulness-Based Vipassanā” meditation intensively from moment to moment by being non-judgmentally aware of all the negative and positive emotions that are very conditioned to see them as they are till February 12, 2019, my birthday.

Only then will I be able to experience with true happiness without getting involved in the negative and positive emotions and be able to achieve Right Understanding. Everybody, Buddhist or non-Buddhist can achieve the same quality of true happiness and Right Understanding when you can practice “Mindfulness-Based Vipassanā” meditation as I do. This is actually the technique that can make everyone of us truly happy when it is practiced.

If you are Buddhist, it will make you a happy Buddhist. If you are a Christian, it will make you a happy Christian. If you are a Muslim,it will make you a happy Muslim. If you are a Jewish, it will make you a happy Jewish. If you are a Hindu, it will make you a happy Hindu by making you not to get involve in any negative 👎 and positive 👍 emotions by seeing them as they are and by letting them go.

ရဟန်းဘဝအရသာနှင့်ရဟန်းတို့လုပ်ရမည့်အလုပ်

ရဟန်းဘဝအရသာနှင့်ရဟန်းတို့လုပ်ရမည့်အလုပ်
(မွေးနေ့တွင်အလုပ်ရှုပ်မည်ဖြစ်၍ ကြိုတင်ရေးသားဝေမျှခြင်းတည်း)။

အေးချမ်းသောဓာတ်သဘာဝကိုခံစားချင်၍ ရဟန်းအဖြစ်ကိုခံယူခဲ့၏။ ထို့ကြောင့် ရဟန်းဖြစ်စထိုခဏကတည်းပင် လောကီကိစ္စအဝဝကိုစွန့် ရွှေငွေအလှူမခံ ကိုယ်ခြေသလုံးမြင်းခေါင်းကိုယ်အားကိုး သမ္မာအာဇီဝကျကျ သဒ္ဓါတရားထက်သန်သော ဒကာဒကာမများထံမှ ကိုယ့်ဆွမ်းကိုယ်ခံစားရင်း ပရိယတ်ပဋိပတ် သာသနာ့တာဝန်ကို ဖြူစင်မှန်ကန်စွာ ထမ်းဆောင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိလာခဲ့ပေပြီ။

မိမိသည် တက္ကသိုလ်ကျောင်းပြီးမှ တရားစခန်းဝင်ကာ (၆)လခန့် မဟာစည်နည်းအတိုင်း လူဘဝဖြင့် စိတ်ဝင်တစားအားထုတ်ခဲ့ပြီးမှ ရဟန်းဘောင်တက်ချင်စိတ်ဖြစ်လာသောကြောင့် ရဟန်းအဖြစ်ခံယူခဲ့ခြင်းဖြစ်၍ ရဟန်းသိက္ခာတော်နှင့် သက်တော်မှာ (၄) နှစ်ခန့်ကွာခြားနေခြင်းဖြစ်ပေ၏။ အမှန်ဆိုရသော် မိမိ၌ရဟန်းအဖြစ်ခံယူမည်ဟူသော စိတ်ကူးအိပ်မက်ဘယ်တုံးကမျှမရှိခဲ့ဘူးပေ။ (၆)လကြာသတိပဋ္ဌာန်ဝိပဿနာအားထုတ်မှုသည် မိမိဘဝအတွက်ကြီးစွာသောအပြောင်းအလဲကို ဖြစ်စေခဲ့ပေ၏။ မိမိရဟန်းခံပြီးနောက် ပရိယတ္တိစာပေကိုသင်ယူမှဖြစ်မည်ဟု အခိုင်အမာဖြစ်ပေါ်လာကာ မိမိ၏ဥပစ္ဈာယ်ဆရာတော်အား ပူဆာရာမှ မဟာဂန္ဓာရုံကျောင်းတိုက်သို့ရောက်လာခဲ့ပေ၏။

ထိုစဉ်က ဆရာတော်ကြီးအရှင်ဆန္ဒောဘာသက “ဒီကိုယ်တော်ကြီး ကြီးပြီလက်ခံလို့မဖြစ်ဘူး”ဟု ငြင်းပယ်တော်မူ၏။ ထိုစဉ်က ဥူးပဉ္ဇင်းဆိုလျှင်လက်မခံ ကိုရင်ကြီးလျှင်ပင်လက်မခံသေးသောခေတ်ဖြစ်ပေ၏။ ကိုရင်ငယ်ဘဝဖြင့်လာရောက်အပ်နှံသော ကလေးများကိုကား ဖိုးသူတော်အသွင်သို့ ပြောင်းပေးလေ့ရှိ၏။ အသက်ကြီးလျှင်အဆုံးမခက်သောကြောင်းတည်း။ the younger the better ဟူသောဆိုးရိုးအတိုင်းသာဖြစ်ပေ၏။

သို့သော် ဆရာတော်ဥူးကုဏ္ဍလာဘိဝံသ ဆရာတော်ဥူးဣန္ဒောဘာသာဘိဝံသ ဆရာတော်ဥူးမဟိန္ဒတို့သည်ကား အရွယ်မတိမ်းမယိမ်းစိတ်တူကိုယ်တူရှိတော်မူကြည်ပေ၏။ သူတို့သုံးပါးအား မိမိမဟာဂန္ဓာရုံသို့လာရောက်အပ်နှံစဉ်က တောင်ကျောင်းကြီးအပေါ်ထပ်တွင် အတူတကွတွေ့မြင်ခဲ့ရပေ၏။ အားလုံးက ၅၀ ပတ်ဝန်းကျင်အရွယ်များတည်း။ ဆရာတော်ကြီးဥူးကုဏ္ဍလက “ဆရာတော်လက်မခံလည်း ကိုယ်တော်ပညာတတ်ပဲ တပည့်တော်တို့လက်ခံမှာပါ”ဟု ပြောဆိုလက်ခံကာ တိုက်သစ်ကျောင်းဘုန်းကြီး နယ်လှည့်ဓမ္မကထိက ဥူးဉာဏဝံသထံသို့အပ်လိုက်ပေ၏။ ဤကားလွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က မဟာဂန္ဓာရုံ၌ မိမိဘဝအစတည်း။

ထိုအချိန်မှစ၍ ယခုအချိန်အထိ မဟာဂန္ဓာရုံဆရာတော်ကြီးနှင့် ဆရာတော်အဆက်ဆက်၏ အဆုံးအမသြဝါဒများအတိုင်း ပရိယတ်ပဋိပတ်တွဲကာ စနစ်တကျနေထိုင်ကျင့်သုံးခဲ့ပေ၏။ မိမိသည်မဟာဂန္ဓာရုံအသွေးအသားအစစ်ဖြစ်ပေ၏။ မည်သည့်ကျောင်းတိုက်နှင့်မျှအရောအနှောမရှိခဲ့ပေ။ ဤသို့ဖြစ်အောင်လည်း မိမိလေးစားကြည်ညိုသော ဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း ပရိယတ်ပဋိပတ်တွဲကာ စနစ်တကျနေထိုင်၏။ ထိုသို့နေထိုင်တတ်အောင် မိမိအားသင်ပြပေးခဲ့ကြသော ဆရာသမားများကိုလည်း ကျေးဇူးတင်၍မဆုံးပင်ဖြစ်ရပေ၏။

လာမည့်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဆိုလျှင် မိမိ၏ ၅၄ နှစ်မြောက်မွေးနေ့သို့ပင်ရောက်လာခဲ့ပေပြီ။ အရွယ်သည် ဇရာအဆင့်သို့တဆင့်တဆင့်တက်လှမ်းလာနေသော်လည်း ကျန်းမာနေဆဲဖြစ်၍ ကျေနပ်ပီတိဖြစ်ရပေသေး၏။ ပြည်တွင်း၌သာမက ပြည်ပအထိပင် လူသားများကောင်းကျိုးချမ်းသာဖြစ်ရေးကို ဗုဒ္ဓဓမ္မနှင့်အညီ စွမ်းဆောင်ပေးနိုင်နေပြီဖြစ်၍ ပို၍ကျန်းမာအောင် အထူးသဖြင့်တစ်ထပ်သောဆွမ်စား မတည့်သောအစာများရှောင်ကျဉ်ကာ နေထိုင်လျှက် တရားထိုင်ခြင်းအလေ့အထဖြင့်ရှင်သန်ကာ လူသားအားလုံးအတွက် ထိုထက်ပို၍ အလုပ်လုပ်ချင်စိတ်ဖြစ်နေဆဲတည်း။

ထိုနှစ်ပေါင်း ၃၀ လောက် အတွင်းတွင် —-

(၁)။ မိမိကိုယ်မိမိပရိယတ်ပဋိပတ်ကို ဖြူစင်စွာကျင့်ကြံအားထုတ်နိုင်ခြင်း။ မိမိတို့မိခင်မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၌ ပရိယတ်ပဋိပတ်သာသနာ့တာဝန်ထမ်းဆောင်နေကြသော သံဃာတော်တစ်ထောင်ကျော်အား နှစ်စဉ်ရာသက်ပန်ဆွမ်းကပ်ရက်ယူလျှက် မိမိ၏မွေးနေ့ရောက်တိုင်း ဆွမ်းကပ်နိုင်ခဲ့သည်မှာလည်း ၁၆ နှစ်ကျော်ပင်ရှိလာခြင်း။

(၂)။ ထိုသို့အားထုတ်နေချိန်မှာပင် မိမိသည်တပည့်မွေးမြူခြင်းမဟုတ်သည့်တိုင်အောင် ပြည်တွင်းပြည်ပ၌ လက်ထောက်ပြနိုင်လောက်အောင်ရဟန်းတပည့်လူတပည့်များ Dr ဘွဲ့ PhD များဖြင့်သက်ဆိုင်ရာတာဝန်များကိုထမ်းဆောင်နေနိုင်ကြလောက်အောင် မွေးထုတ်ထားနိုင်ခဲ့ခြင်း။ ဤမဟာဂန္ဓာရုံကျောင်းတိုက်၌ပင် မိမိထံစာပေလေ့လာသင်ယူကြရင်း အလုပ်ဖြစ်လောက်အောင် တတ်ကျွမ်းလာသောတပည့်များထွက်ပေါ်လာခြင်း။

(၃)။ ထိုနှစ်ပေါင်း ၃၀ အတွင်းတွင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ဆန္ဒတော်ကိုဖြည့်ဆည်းလိုစိတ်ပြင်းပြလျှက် “သစ္စာမြိုင်တောရ”ဟူသောအမည်ဖြင့် ၁၆ နှစ် ၁၆ ဝါတိတိ ဧကစာရီတောရမှီလျှက်ဝါဆိုကျင့်သုံးနိုင်ခဲ့ခြင်း။ ထိုသို့တောရဆောက်တည်ကျင့်သုံးနေစဉ်မှာပင် တပည့်ဒကာများအား “နှစ်ကူးလျှင်တရားနှင့်ကူးကြ သီးတင်းကျွတ်လျှင်တရားနှင့်ကျွတ်ကြ”ဟုဝါဒပေးကာ မြန်မာ့နှစ်သစ်ကူးတစ်ကြိမ် သီတင်းကျွတ်တစ်ကြိမ် သတိပဋ္ဌာန်အခြေခံသော ဝိပဿနာတရားအားထုတ်နည်းကို နိုင်ငံတကာပုံစံအဆင့်မီ ထေရဝါဒနှင့်အညီသိပ္ပံနည်းကျအားထုတ်တတ်အောင် သင်ပြပေးနိုင်ခြင်း။

(၄)။ ၂၀၁၄ မှစ၍ ဥရောပဒေသ စပိန်အီတလီ (တစ်လခွဲခန့် ) ၂၀၁၆ တရုတ်ပြည်ပီကင်းမြို့တော် (နှစ်ပတ်ခန့်) ၂၀၁၇ ကမ္ဗောဒီးယား ဖနောင်ပင် အန်ကော (တစ်လကျော်ခန့်) ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စင်္ကာပူ (နှစ်ပတ်ခန့်) စသောပြည်ပတိုင်းပြည်များအထိ သတိပဋ္ဌာန်အခြေခံသောဝိပဿနာအကျင့်ကို သိပ္ပံနည်းကျ ခေတ်မီစွာသင်ပြပေးနိုင်ခဲ့ခြင်း။ တက်ရောက်လေ့လာသင်ယူအားထုတ်ခဲ့ကြသော ဒေခံပြည်သူများမှာလည်း ကျေနပ်အားရမှုရှိကြခြင်း။

(၅)။ အောက်ပါတရားစာအုပ်များကိုလည်း နိုင်ငံတကာမှဗုဒ္ဓဘာသာလေ့လာလိုသူတို့၏ တိုက်တွန်းတောင်းဆိုမှုဖြင့် ဗုဒ္ဓဓမ္မကိုနိုင်ငံတကာအဆင့်မီ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း။
(1). How meditation can help
(2). Buddhist Thoughts in world situations
(3). Social guides of Buddhism
(4). Buddhist philosophy on married life
(5). Buddhism and democracy
(6). They and I my Dhamma trip to Europe
(7). Buddhism as a remedy
(8). Human being, judgment and Vipassanā
(9). Science encountered mindfulness of Buddhism

(၁၀)။ လွယ်ကူသက်သာ English Grammar
(၁၁)။ ချမ်းသာစွာနေထိုင်နည်း
(၁၂)။ နေ့စဉ်ဘဝနှင့်ယောဂီအဓိပ္ပါယ်
(၁၃)။ ဝိပဿနာလက်ဆောင်
(၁၄)။ ရှေးရိုးကျင့်စဉ်နှင့်ခေတ်သစ်အတွေးအခေါ်

စသောမြန်မာစာအုပ်များကိုလည်း ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း။ စသည်တို့ကိုပြန်လည်သုံးသပ်ကြည့်မိသည်ရှိသော် မိမိသည်ရဟန်းဝါ (၃၀) လောက်အတွင်း သက်တော် ၅၄ နှစ်မြောက်မွေးနေ့တိုင်အောင် ဘဝကိုအတ္တပရမျှတစွာ ကျင့်သုံးနိုင်ခဲ့ခြင်း “Actions speak louder than words.” “Let me live unknown and unlamented.” ဟူသော မိမိနှစ်သက်သဘောကျသည့် စံနမူနာကောင်းဘဝပုံစံကောင်းများဖြင့် ဗုဒ္ဓဓမ္မနှင့်အညီနေထိုင်ကျင့်သုံးနိုင်ခဲ့၍ ကျေနပ်ပီတိဖြစ်မိပါကြောင်း။ ချစ်သောတပည့်ဒါယကာများသာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန် ၅၄ နှစ်ပြည့်မွေးနေ့မတေိုင်ခင် ၃ ရက်ခန့်အလို၌ ဝေမျှလိုက်ရပေ၏။

သင်တို့၏ဆရာတော်အတွက် သင်တို့ ကိုယ်တိုင်ကြည်နူးဝမ်းမြောက်နိုင်ကြပါစေ။ အကုသိုလ်ပယ် ကုသိုလ်ကြွယ်၍ စိတ်ကိုလည်း ဖြူအောင်ထားနိုင်ကြပါစေ။ မိမိသည်ကား စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးကဲ့သို့ နောက်ဆုံးထွက်သက်တိုင်အောင်ဆွမ်းခံစားလျှက် ရဟန်းဘဝကိုပို၍ဖြူသည်ထက်ဖြူအောင် အရှုပ်ကင်းအောင်နေထိုင်ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။ ထေရဝါဒအခြေခံ သတိပဋ္ဌာန်ဝိပဿနာအကျင့်ကိုလည်း နိုင်ငံတကာသို့ပြန့်ပွားအောင် ရိုးသားစွာ professional international Buddhist monk တစ်ပါးအဖြစ် အမြဲတမ်းအရည်အသွေးမြှင့်တင်လျှက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပါကြောင်း အဓိဋ္ဌာန်ပြုလိုက်ရပေ၏။

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနှံ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကြိုးနပ်ပါစေ။

ရိုးသားစွာဖြင့်
ကမ္ဘာကြီး၏မည်သည့်နေရာရောက်နေနေသင်တို့ကို အမြဲထာဝရမေတ္တာထားနေမည့်ဆရာတော်
အရှင်ကေလာသ(မဟာဂန္ဓာရုံ)

ယခုတက္ကသိုလ်ပညာရေးနှင့် online offline လေ့လာသင်ယူမှု

ယခုတက္ကသိုလ်ပညာရေးနှင့် online offline လေ့လာသင်ယူမှု

ဆရာများ၏ advanced and academic educational support to their students သည် online ၌လေ့လာသင်ယူရမည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား တပည့်များ၏ ပညာရေးသည် offline စာသင်ခန်းများ၌ မိမိ၏ဆရာသမားများနှင့် သင်ယူရုံမျှဖြင့်မလုံလောက်ပေ။ online စာသင်ခန်းများ၌ ဆက်စပ်သင်ခန်းများကို ဆက်လက်လေ့လာကြရပေမည်။ သို့မဟုတ်က တက္ကသိုလ်ပညာရေး academic study ဟု ခေါ်ဆိုရန် ပြည့်စုံမည်မထင်ပေ။

ခုဘုန်းဘုန်းဆိုလျှင် green tea နှင့်ပတ်သက်၍ တပည့်လေးများအား သင်ပြပေးေနရင်း ပြည့်စုံအောင်သုတေသနပြုလုပ်သင်ပြပေးနေရာ လိုအပ်ချက်မရှိရလေအောင် online ၌ green tea အကြောင်း အချက်အလက်များကို ရှာဖွေရလေ၏။ ယခုခေတ်တက္ကသိုလ်ပညာရေးသည် online နှင့်ကင်း၍မရသော ပညာရေးဖြစ်ပေ၏။

တက္ကသိုလ်ပညာရေးကိုသင်ပြပေးနေသော ဆရာတို့သည် မိမိတို့၏တပည့်လေးများအတွက် online မှာရော offline မှာပါ နှစ်ဆနှစ်ပြန်ကြိုးစားရမည်။ သို့မှသာ မိမိတို့၏တပည့်လေးများကို Special professional graduate များဖြစ်လာအောင် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ တက္ကဆရာဆရာမများ ထိုသို့အလုပ်အပေါ်အာရုံစိုက်နိုင်အောင် နိုင်ငံတော်က လစာရိက္ခာအလုံအလောက်ထောက်ပံ့ထားရမည်။ အရေးကြီ၏။

ကျောင်းသားကလည်း online မှာ stupid things များနှင့် အချိန်မဖြုန်းရာ။ မိဘဆရာသမားများကလည်း မိမိတို့သားသမီးတပည့်လေးများ online မှာ ရှိနေသည်ကို မလိုအပ်ဘဲ စိတ်မပူပန်ရာ။ ဖြစ်နိုင်လျှင် တက္ကသိုလ်စာသင်ခန်း စာကြည့်ခန်းများ၌ WiFi free of charge ဖြစ်အောင် ကျောင်းသားများအတွက်စီစဉ်ပေးရမည်။ ဤကားခေတ်သစ်ပညာရေးစနစ်အပြောင်းအလဲအတွက် ကိုယ့်တွေ့မှတ်တမ်းတစ်စေ့တစ်စောင်းမျှတည်း။

မိဘဆရာသမားများက မိမိတို့တပည့်သားသားမီးမီးလေးများအတွက် online သုံးသည်ကို မယုံသင်ကာဖြစ်ခြင်းဖြင့် စိတ်မပူပန်ရာ။ တပည့်သားသမီးလေးများကလည်း စိတ်ပူအောင်မလုပ်ရာ။ ယုံကြည်အားတက်အောင်သာ လုပ်ရာ၏။ အပြန်အလှန်လေးစားမှုရှိအောင်အားထုတ်ရာ၏။

မှတ်ချက်။ ။အချို့က online သုံးသူကို negative opinion ရှိနေတတ်၏။ ဤကားမသင့်တော်ပေ။ အထူးသဖြင့် ယခုခေတ် academic education သည် online နှင့်ကင်း၍ လုံးဝမဖြစ်နိုင်ပေ။ ဘုန်းဘုန်းသည် နှစ်ပေါင်းများစွာ political change ထက် educational change ကိုသာ proposal လုက်လေ့ရှိခဲ့ပါသည်။ educational change ကိုလုပ်လျှင် political change ပါပါနိုင်သည်။ political change သည် educational change ကို ရောက်ရန် အလှမ်းဝေးနိုင်သေးသည်။ သို့သော် ပြိုင်တူလုပ်နိုင်လျှင်ကား အတိုင်းထက်အလွန်ပိုကောင်း၏။

ပြဿနာတစ်ခုဖြစ်ရင် ဘယ်လိုရှင်းမလဲ

ပြဿနာတစ်ခုဖြစ်ရင် ဘယ်လိုရှင်းမလဲ

လူရယ်လို့ဖြစ်လာရင် ဘယ်သူမှပြည့်စုံကြတာမဟုတ်တော့ ပြဿနာဆိုတာရှိတတ်ပါတယ်။ ပြဿနာရှိတာက အပြစ်မဟုတ်ပါဘူး။ ပြဿနာကိုမှန်ကန်စွာ မဖြေရှင်းချင်တာကသာအလွန်ကြီးလေးလှတဲ့အပြစ်ကြီးပါ။ အဖွဲ့အစည်းနဲ့လုပ်ရတဲ့အလုပ်တွေမှာ ပိုဆိုးပါတယ်။ လူကြီးလုပ်ရတဲ့သူမှာ ဟိုလူ့ငဲ့ရဒီလူ့ငဲ့ရ ပြဿနာတစ်ရပ်ကိုမှန်ကန်စွာရှင်းဖို့ အလွန်ကိုခက်ခဲနေတတ်ပါတယ်။ ကိုယ့်ဘာသာအိပ်ယာထဲရောက်မှ တစ်ယောက်တည်း လွတ်လပ်စွာငိုးချကာ အားလုံးကိုဘေးကင်းစေဖို့ မေတ္တာကိုသာနာနာပွားနေရတဲ့ လူကြီးမျိုးတွေလည်းရှိနေတတ်ပါတယ်။

ကိုယ့်ဘဝထဲမှာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပြဿနာရယ်လို့မှတ်ယူခံရတဲ့ အရာတစ်ခုဖြစ်ပေါ်နေပြီဆိုရင် သင်္ခန်းစာအသစ်တစ်ခုအဖြစ် လက်ခံပါ။ ဒီပြဿနာကြောင့်ဖြစ်ပေါ်တဲ့ စိတ်ခံစားချက်ကို ဘယ်သူ့ထံမှ အလောတကြီးရင်ဖွင့်မပြပါနဲ့။ ဘာအကျိုးမှမရှိလို့ပါ။ ငါဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားကာ အကောင်းဆုံး အမှန်ကန်ဆုံးနည်းဖြင့် လူကြီးလူကောင်းဆန်စွာ ဖြေရှင်းပါ။ ကလေးဆန်ဆန်မဖြေရှင်းပါနဲ့။

ပြဿနာရဲ့အကြောင်းရင်းကိုသိရင် ပြဿနာဆိုတာက ဖြေရှင်းလို့အလွန်လွယ်ပါတယ်။ ဒါပေမဲ့ပွင့်လင်းဖို့လိုတယ်။ ရိုးသားဖို့လိုတယ်။ တချို့ပြဿနာနာတွေက လူသိရှင်ကြားပွင့်လင်းရိုးသားဖို့လိုအပ်သလို တချို့ပြဿနာတွေက သက်ဆိုင်သူများသာပွင်းလင်းရိုးသားစရာလိုအပ်ပြီး စိတ်ချမ်းသာစွာ ဆက်လက်နေထိုင်သွားနိုင်အောင် ညှိုနှိုင်းအဖြေထုတ်ယူရတာတွေလည်းရှိတတ်တယ်။ အတ္တမာနတွေကိုခဝါချဖို့လည်းလိုအပ်ပါတယ်။

သူတော်ကောင်းတို့ရေ သတိလေးတော့အထူးထားပေးကြပါ။ မိမိကလည်းသူများကြောင့် နက်ရှိုင်းတဲ့စိတ်ခံစားချက်တွေမရစေကြနဲ့။ မိမိကြောင့်လည်းသူများကိုနက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေရမသွားစေနဲ့။ အဲဒီစိတ်ခံစားချက်တွေဟာ နက်ရှိုင်းရင် နက်ရှိုင်းသလောက် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဒုက္ခပေးတတ်တယ်ဆိုတာကို အထူးသတိရှိစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ရိုးသားပွင့်လင်းစွာ အဖြေရှာရင်တော့ အဖြေဆိုတာကရှိနေပြီးသားပါ။ အတ္တမာနတွေကိုခဝါချပြီး မေတ္တာပညာအားကြီးစွာနဲ့ ဖြေရှင်းနိုင်ရင် ကွဲသွားကြတဲ့လင်မယားတွေပင် မောင်နှမလိုသူငယ်ချင်းလိုစိတ်မျိုးနဲ့ နေနိုင်ကြသေးတာပါပဲ။

အထူးသဖြင့်မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုကိုတွေးပြီး နောင်တရနေမယ်၊ အဲဒီအတွေးတွေကကိုယ့်ဘဝကို လွမ်းမိုးနေပြီဆိုရင် အလွန်ထိခိုက်နစ်နာစေပါတယ်။ သင့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်တွေးမိတိုင်း အတွေးစိတ်တိုင်းကို letting go လုပ်နိုင်အောင် မဖြစ်မနေကြိုးစားကြပါလို့ အကြံပြုပါရစေ။ ဝိပဿနာရှုတယ်ပေါ့။ ကိုယ့်စိတ်ကို မဖြစ်နိုင်တော့တဲ့ အတွေးတွေအလွမ်းမိုးမခံပါနဲ့။ မဆင်းရဲစေချင်လို့ပါ။

အမှန်တကယ်စိတ်ချမ်းသာစွာ ဆက်လက်အသက်ရှင်နေထိုင်သွားချင်တယ်ဆိုရင် အောက်ပါအချက်များကို စနစ်တကျလိုက်နာကြည့်ပါ။

အမှန်တကယ်စိတ်ချမ်းသာစွာ ဆက်လက်အသက်ရှင်နေထိုင်သွားချင်တယ်ဆိုရင် အောက်ပါအချက်များကို စနစ်တကျလိုက်နာကြည့်ပါ။

(၁)။ အတိတ်နှင့်မဖြစ်မနေငြိမ်းချမ်းရေးယူပါ။ အတိတ်ကဖြစ်ရပ်များသည် မိမိအပေါ်ကို ပြန်၍မလွမ်းမိုးပါစေနှင့်။ အတိတ်နှင့်ငြိမ်းချမ်းရေးယူမည်ဟု စတင်ဆုံးဖြတ်ကတည်းက အတိတ်မှ နာကျည်းစရာအကြောင်းတွေကို မည်သူ့ထံမှပြန်ပြီး ရင်ဖွင့်ရန်အားမထုတ်ပါနှင့်။ အထောက်အကူဖြစ်လိမ့်မည်မထင်။

(၂)။ ဖြစ်လာသမျှအကျိုးဆက်တွေကို အငြိမ်းချမ်းဆုံး အမှန်ကန်ဆုံးနှင့် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ။ ဖြစ်နိုင်လျှင် အမျက်ဒေါသလုံးဝမဖြစ်ပါစေနှင့်။ မေတ္တာတရားကိုသာများများပွါးပါ။ မိမိစိတ်ထဲ၌ မုန်းတီးစရာကောင်းသူရှိနေခဲ့ရင်တောင်မှ ထိုသူအပေါ်၌ပင်မေတ္တာထားနိုင်အောင်ထားပါ။ မုန်းတီးနေခြင်းသည် မိမိသူတပါးနှစ်ဦးလုံးအတွက် လုံးဝအကျိုးမရှိပါ။

(၃)။ အတိတ်ကိုလုံးဝပြန်မတွေးမိပါစေနှင့်။ တွေးမိလျှင်လည်းတွေးမိသည်ဟုသိကာ နာကျည်းသောခံစားမှု ပြန်၍မဖြစ်စေပါနှင့်။ ထိုခံစားချက်အစား မေတ္တာတရားကိုသာများများပွါးပါ။ ပုထုဇန်တို့နေထိုင်ရာ ကာမ(၁၁)ဘုံသည်ကား လူအမျိုးမျိုးစိတ်အထွေ ဆက်ဆံနေထိုင်ရသော ဘုံဌာနဖြစ်၍ သူများကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုတွေကို အဟုတ်မမှတ်ပါနှင့်။ ဖြစ်နိုင်လျှင် letting go လုပ်နိုင်အောင်သာ ကြိုးစားပါ။ မိမိစိတ်ကိုသာ ဖြူစင်နေအောင်ထားလျှက် စိတ်ကျေနပ်စရာဖြစ်အောင်နေထိုင်ပါ။

(၄)။ ယခုအချိန်ကစ၍ မိမိစိတ်ထဲ၌ မုန်းသောသူဟူ၍ တစ်ယောက်မျှရှိမနေပါစေနှင့်။ မိမိစိတ်ထဲ၌ အမုန်းစိတ်အစား မေတ္တာစိတ်ကိုသာ ထားနိုင်ပါစေ။ အတတ်နိုင်ဆုံးကြိုးစား၍ မေတ္တာထားပေးပါ။ မေတ္တာသည်အေးမြ၍ အမုန်းစိတ်သည် ပူလောင်လှသောကြောင့်ဖြစ်၏။ တတ်နိုင်သမျှပြုံးပြုံးလေးနေနိုင်အောင်သာကြိုးစားပါ။ မုန်းတီးသောစိတ်ဖြင့် စူပုတ်နေသောမျက်နှာမဖြစ်ပါစေနှင့်။ ဘာအကျိုးမျှမရှိ၍ဖြစ်၏။

(၅)။ မနက်အိပ်ယာထတိုင်း “အာနာပါန”ခေါ် ဝင်သက်ထွက်သက်ရှုမှတ်မှုကို အနည်းဆုံးနာရီဝက်ခန့် ထိုင်ရှုမှတ်၍ “ထိသိ”ဖြင့် စင်္ကြံလျှောက်ကာ အနည်းဆုံးနာရီဝက်ခန့် အားထုတ်ပါ။ ဖြစ်ပေါ်လာသမျှ negative or positive စိတ်တိုင်းကို စိတ္တာနုပဿနာဖြင့် ရှုသိနိုင်အောင်ကြိုးစားပါ။ negative or positive feeling တိုင်းကို ဝေဒနာနုပဿနာဖြင့် ရှုသိနိုင်အောင်ကြိုးစားပါ။ negative or positive စိတ်များနှင့် ခံစားမှုများထဲ၌ မိမိစိတ်ကိုရောထွေးပါဝင်မသွားပါစေနှင့်။ letting go လုပ်နိုင်အောင် သတိထား၍လုပ်ပါ။

ဤကဲ့သို့နေထိုင်သွားသော် သင်သည်စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုများမှကင်းဝေး၍ ကျန်ရှိနေသောဘဝကို ပျော်ရွှင်စွာနေထိုင်သွားနိုင်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် အသက် (၅၀)မှနောက်ပိုင်း စိတ်ချမ်းသာစွာနေထိုင်သွားနိုင်ရန် ယခုဆယ်ကျော်သက် နှစ်ဆယ်ကျော်သက်တို့မှစ၍ ဆိုခဲ့သောနည်းကို အသုံးပြုမီဝဲကြပါကုန်။

မေတ္တာတရားကြီးမားစွာဖြင့်
ဆရာတော်အရှင်ကေလာသ (မဟာဂန္ဓရုံ)
သစ္စာမြိုင်တောရ
မြိုင်စံပြကျေးရွာ
ရွာငံမြို့နယ်
ရှမ်းပြည်တောင်ပိုင်း
မြန်မာနိုင်ငံ။