ကမ္ဘာမှာအားကောင်းခိုင်မာစွာ ထွန်းကားလာနေပြီဖြစ်သောထေရဝါဒသံဃာနှင့် မြန်မာ့ထေရဝါဒသံဃာတို့ ဘယ်လို update လုပ်၍ညှိုယူကျင့်သုံးကြမည်နည်း
မိမိ၏ဘွဲ့ရပညာတတ်ရဟန်းတစ်ပါးဘဝဖြင့် အနှစ်(၃၀) သာသနာပြုခရီးနှင့်လေ့လာသင်ယူခဲ့မိသော သင်ခန်းစာအချို့
ဖောင်ဒေးရှင်းအလွန်ကောင်းသည့် ထေရဝါဒနှင့် မိမိစိုးရိမ်မိသော ရွှေမြန်မာတို့၏ ခေါက်ရိုးကျိုးနေသော အစဉ်အလာယုံကြည်မှု။ အားလုံးအဆင်ပြေပါစေ။ ကမ္ဘာကြီးနှင့်သဟဇာတဖြစ်ပါစေ။ ၂၁ ရာစုကြီး၏ ကမ္ဘာ့ထေရဝါဒနှင့် update လုပ်ကာ သိက္ခာရှိရှိပူးပေါင်းမိပါစေ။ ဓမ္မအစစ်အမှန်ဖြင့်ငြိမ်းချမ်းမှုအမှန်ရကြပါစေ။ အရာရာတွင်နောက်ကျကျန်ရစ်လေ့ရှိသော မိမိချစ်သော မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှုတစ်ခု။
ရဟန်းသံဃာလောကတွင်လည်း ရှေးက ဓမ္မဝိနယကို ဦးထိပ်ပန်ဆင်ကာ သီလသမာဓိပညာ သိက္ခာသုံးပါးကို စင်ကြယ်အောင်အားထုတ်ကြသော်လည်း ယခုအခါတွင်ကား လောကီဘက်တွင် အတွေးအားသန်ကာ Dr ဘွဲ့ PhD ဘွဲ့များကို ပြည်ပတွင် ဝိနည်းပျက်ခံလျှက် လူများနှင့်ရောနှောကာ သွားရောက်သင်ကြားပြီး နိုင်ငံတကာအဆင့်တွင်မဆိုစလောက်မျှအရည်အသွေးဖြင့် သာသနာပြုဟုအမည်ခံကြပြန်၏။ဤသည်လည်းခေတ်အခါအရ အလိုက်လွဲကုန်ကြခြင်းတည်း။
သာသနာကိုနိုင်ငံတကာအဆင့်မီအလေးစားခံရအောင်ကမ္ဘာ့အသိုင်းအဝိုင်းတွင်ဝင်ဆန့်လာအောင်ကား သီလသမာဓိပညာသိက္ခာသုံးပါးကို အဖြူဆုံးအဆင့်ကို အားထုတ်ခြင်းမှတပါးအခြားမရှိပေ။ ယခုအခါအနောက်နိုင်ငံများတွင် သိက္ခာသုံးပါးကိုရိုးသားဖြူစင်စွာအားထုတ်လိုကြသော အားထုတ်ရန်အားသန်ယုံကြည်ကြသော ဘိက္ခုဗောဓိကဲ့သို့သော ပါဠိကျမ်းတတ် သူရဲ့လူ့ဘဝကရခဲ့ပြီးဖြစ်သော PhD ဘွဲ့ကိုစွန့်လွှတ်ကာ ရဟန်းခံလာပြီး သာသနာ့တာဝန်ဆောင်အများအပြားပေါ်ထွန်းလာခဲ့ပေပြီ။
မြန်မာသံဃာတော်များက ရဟန်းအဖြစ်ခံယူပြီးကာမှ Dr ဘွဲ့ PhD ဘွဲ့စသည်တို့အတွက်အားထုတ်ခြင်းသည်လည်း နောက်ကျခြင်းသာမက ပြောင်းပြန်ပင်ဖြစ်နေပြန်သေး၏။ အင်္ဂလိပ်စာအင်္ဂလိပ်စကားကိုကား တကယ့်ကိုတတ်ကျွမ်းအောင်အားထုတ်ဖို့လိုကိုလိုအပ်ပါသည်။မတတ်လျှင်လည်းမပူပါနှင့် တကယ်တရားစစ်လာရင် ဘာသာပြန်ပေးမည့်သူအလိုလိုပေါ်လာပေလိမ့်မည်။ (ဝေဘူဆရာတော်ကိုကြည့်)။
မိမိတရုတ်ပြည်ပီကင်းသွားစဉ်က မိမိတရုတ်စကားမတတ်ပါ။ သို့သော်သူတို့ဓမ္မကိုအမှန်တကယ်နာယူကျင့်ကြံလိုသောအခါ သူတို့တွေဘာသာပြန်ပေးမည့်သူကို ရအောင်ရှာပေး၍ နာယူအားထုတ်ကြသည်ကိုကိုယ့်တွေ့ဖြစ်ပါသည်။ အင်္ဂလိပ်စာအင်္ဂလိပ်စကားတတ်ဖို့ ဓမ္မကိုအိုင်းစတိုင်းတို့ ပြောဆိုသလိုပ္ပံနည်းကျကျင့်သုံးဖို့သည်ကားလိုအပ်ပေ၏။ ဤကား “သတိပဋ္ဌာန်အခြေခံသောဝိပဿနာ”ကို လက်တွေ့ကျင့်သုံးဖို့မှတပါးအခြားနည်းမရှိပေ။ မိမိ၏တပည့်များအား မိမိဤသို့သြဝါဒပေး၏။
သို့သော် မိမိ၏တပည့်အများအပြားပင် ပြည်ပထွက်ကာ Dr ဘွဲ့ PhD ဘွဲ့များကိုယူထားပြီးသူများရှိပေ၏။ ထိုဘွဲ့များကိုယူရန်လည်းတက္ကသိုလ်အသီးသီးတွင်သင်ယူနေကြဆဲလည်းရှိနေပေ၏။ သို့သော်နိုင်ငံတကာအဆင့်အတန်းဝင်အောင်ကား မစွမ်းနိုင်ကြသေးသည်ကို တွေ့နေရပေသေး၏။ ပြည်တွင်းတွင် ယခုလက်ရှိမိမိလေးစားမိသော ဆရာတော်ကြီးကား ဆရာတော်ကြီးအရှင်ဉာဏိဿရဖြစ်ပေ၏။ ရှင်ငယ်ရဟန်းငယ်များ အတုယူစံထားထိုက်၏။
မိမိသည်ကား တောရဝိနည်းဝိပဿနာသာသနာတော်ကို ပိုမြတ်နိုး၍ မိမိလေးစားကြည်ညိုရသော ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသအားဦးထိပ်ထားလျှက် နိုင်ငံတကာအဆင့်မီ ပရိယတ်ပဋိပတ်ကိုလုံးဝဥဿုံအခြေခံသည့်တောရသာသနာတစ်ခုဖြစ်လာအောင် ရိုးသားစွာကြိုးစားနေဆဲတည်း။ ဖြစ်သလောက်ဖြစ်လာနေသည့်တိုင်အောင် အားရမှုမရှိလှသေးပေ။
မိမိခံစားနေရသည်ကား မြန်မာတို့သည် ဒေါင်းတစ်ကောင်မျှားတစ်စင်းနေထိုင်တတ်၏။ အပေါ်ယံ၌ ပြုံးပြနှုတ်ဆက်နေသည့်တိုင်အောင် အနှစ်သာရအားဖြင့်စည်းလုံးညီညွတ်မှုနည်း၏။ မကျေနပ်လျှင် ညှိုနှိုင်းအဖြေရှာကြရမည့်အစား စိတ်ခံစားမှုအရခွဲထွက်ကာ “ငါလည်းလုပ်တတ်ပါတယ်”ဟူသောမာနဖြင့် တစ်စင်ထောင်တတ်၏။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းသည် ကျစ်လစ်သိပ်သည်းမှုအတွက် အာမခံချက်မရှိပေ။ အင်အားချိနဲ့ကာ ပန်းတိုင်မှာမှိန်လာပြီး အလှမ်းဝေး၍ဝေး၍သွားလေတော့၏။ ဤကားယနေ့အထိအရာရာနောက်ကျကျန်နေရခြင်း၏ပြယုဂ်ထဲမှတစ်ခုဖြစ်ပေ၏။
ဤကားမြန်မာတို့ကြားဝယ်အမှန်တကယ် ဖြစ်နေသောအခြေအနေတစ်ခုဖြစ်ပေ၏။ ထို့ကြောင့်ပန်းတိုင်ကောင်း ခေါင်းဆောင်ကောင်းရှိသော်လည်း ပန်းတိုင်ရောက်အောင် နှစ်ပေါင်းများစွာယက်ကန်ကန်ဖြင့်လှော်ခတ်နေကြရသည်ကားယနေ့အချိန်အထိပင်ဖြစ်လေတော့၏။
Personal နှင့် professional နှစ်ခုကို မခွဲခြားတတ်ကြဘဲ ရောထွေးရှုမြင်ကာ “ရေအိုးဖင်ပေးအေးအေးနေမည်”ဟူသောအယူအဆဖြင့် အပြင်ထွက်ထိုင်ကာ လုပ်ချင်ရာလုပ်၍ အဖွဲ့အစည်းပျက်သွားသည်ကိုပင် “ငါမပါလို့”ဟူသော အယူအဆဖြင့်ဝမ်းသာနေတတ်သည်အထိ အတွေးအခေါ်တို့နိမ့်ကျသွားသူများပင်ရှိလာပေတော့၏။
အဓိကအားနည်းချက်ကြီးသည်ကား နိုင်ငံတကာအဆင့်အတန်းရှိက္ခာရှိသော အဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်မှုအလေ့အထမရှိခြင်းပင်တည်း။
အခြေခံစာသင်ကျောင်းမှာကတည်းက နိုင်ငံတကာအဆင့်အတန်းဝင်အောင်မိမိတို့၏ ကျောင်းသူကျောင်းသားများကို နိုင်ငံတကာအဆင့်အတန်းရှိသိက္ခာရှိပရဟိတအဖွဲ့အစည်းများ ငြိမ်ချမ်းစွာပြဿနာဖြေရှင်းရေး ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်ရေး စည်းလုံးညီညွတ်စွာတရားနည်းကျကျ ပြဿနာကို မျက်နှာချင်းဆိုင်ဆွေးနွေးဖြေရှင်းလျှက် ဂုဏ်သိက္ခာရှိစွာနေထိုင်တတ်အောင် အလေ့အကျင့်ကောင်းများဖြင့်နိုင်ငံတကာစံချိန်မီအောင်လေ့ကျင့်ပျိုးထောင်ပေးရေးတို့သည်မဖြစ်မနေလိုအပ်လှပေ၏။ ထိုကဲ့သို့သောအတွေ့အကြုံကောင်းများရှိထားသည့် ဆရာဆရာမများကသင်ကြားလေ့လ့ကျင့်ပေးလျှင်လည်းဖြစ်နိုင်ပေ၏။
(မနေ့ကလိုင်းပေါ်မှာ တကွဲတပြားပြောခဲ့တဲ့ Dhamma talk နားယူချင်သူများ တစ်ပေါင်းတည်းနာယူနိုင်ရန်စုပေါင်း၍ပြန်တင်ပေးလိုက်သည်။)