ဘုန်းဘုန်းFacebookကို စသုံးခဲ့တာ ၂၀၁၁ ပတ်ဝန်းကျင်လောက်က စသုံးခဲ့တာပါ။ စသုံးဖြစ်ခဲ့တာကတော့ နိုင်ငံခြားဧည့်သည်ပေါင်းစုံရဲ့ မေးမြန်းမှုတွေကို ဝေမျှပေးဖို့တောင်းဆိုလျှောက်ထားရာကနေစပါတယ်။ အဲဒီအချိန်က မြန်မာပြည်ရဲ့ အင်တာနက်လိုင်းကလည်း အလွန်ဆိုးလှပါတယ်။ အင်္ဂလိပ်လိုသာရေးဖြစ်ခဲ့တာများပါတယ်။
တကယ်တော့မြန်မာပြည်မှာ Facebook ကိုသုံးကြတယ်ဆိုသူတွေဟာ ပညာအထိုက်အလျှောက်တတ်တဲ့သူတွေနဲ့ ငွေကြေးအရအထိုက်အလျှောက် သုံးနိုင်သူတွေဖြစ်ပါတယ်။ ဒီတော့အတွေးအခေါ်ကောင်းတွေရှိတဲ့ မြန်မာလူငယ်လေးတွေ လူကြီးကြီးတွေကို facebook ပေါ်မှာများစွာတွ့ရပါတယ်။
သို့သော်လည်းအားနည်းချက်က အတွေးအခေါ်ကောင်းတွေနဲ့ မိမိရဲ့အတွေးအခေါ်တွေကို စကားလုံးတွေနဲ့သာပုံဖေါ် ရေးသားဝေမျှနေတာကိုသာတွေ့ရပြီး ဘယ်နှစ်ယောက်လောက်ကများ အဲဒီအတွေးအခေါ်ကောင်းတွေကို ပူးပေါင်းဆောင်ရွက်ပြီး action ဖြစ်သွားအောင်လုပ်နိုင်ကြသလဲဆိုတာကြတော့ အတော်ကြီးကိုမရှိသလောက်ရှားပါတယ်။
ဒီတော့အတွေးအခေါ်စကားလုံးတွေကသာ ဖေါင်းပွသွားပြီး action အဆင့် the activities of unity အဆင့်အထိရောက်မလာကြပါဘူး။ တချို့ဆိုရင် Facebook ပေါ်မှာသာ စာတိုလေးများဖြင့်မှတ်ချက်ပြု like&share တွေ ဖေါ်ဖေါ်သီသီလုပ်နေကြပြီး အပြင်မှာတကယ်တွေ့လာတဲ့အခါ မသိကြမခေါ်မပြောကြ မိတ်ဆက်ကြပြန်ရင်တောင်မှ မသိဟန်ဆောင်နေတတ်ကြတယ်ဆိုတာတွေကို ဒီ Facebook ပေါ်မှာပဲ ခဏခဏကိုဖတ်ရပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာတွေ ဝေးလို့မသိချင်ယောင်ဆောင်နေကြတဲ့ အခြေအနေမျိုးဆိုတော့ အတော်စဉ်းစားစရာကောင်းပါတယ်။
ရွှေမြန်မာလူငယ်တွေ ပြည်ပအတွေ့အကြုံတွေ လိုကိုလိုနေပါပြီ ပြည်ပဆိုတာမျိုးကို အလည်သွားရုံသက်သက်မဟုတ်ဘဲ ပြည်ပကိုသတ္တိရှိရှိ ကိုယ့်ကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့ ထွက်သွားပြီးနိုင်ငံတကာအဖွဲ့ အစည်းတွေထဲမှာ team work လက်တွေ့ကျကျဝင်ရောက်လုပ်ကိုင်ကြည့်ကြဖို့လိုပါပြီ။ ဒီလိုမစွန့်စားကြရင် ဝါးလုံးခေါင်းထဲလသာ action အဖြစ်မရောက်လာတဲ့ အတွေးအခေါ်တွေနဲ့သာ လုံးခြာလည်လိုက်နေပါလိမ့်မယ်။
ဘုန်းဘုန်းဆိုအခု အသက် ၅၀ ပင်ရှိလာပါပြီ။ ကိုယ့်နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲ။ ကမ္ဘာလူသားတွေအတွက်ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတဲ့အတွေးအခေါ်နဲ့ရှင်သန်လာခဲ့တာ ၂၂ နှစ်သားလောက်အရွယ်ကတည်းကပါပဲ။ ဥရောပကိုတရားပြပင့်လျှောက်လို့ကြွသွားခဲ့တယ်။ သူတို့နဲ့ဘယ်တော့မှခွဲမနေဘူး။ သူတို့နဲ့အတူအနီးကပ်ပူးပေါင်းဆောင်ရွက်တယ်။ ဒါဟာ team work ကိုပုံဖေါ်တဲ့သဘောပါ။ ဒီတော့သူတို့လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့စရိုက်ဓလေ့တွေ အလေ့အကျင့်ကောင်းလေးတွေ အတုယူစရာတွေ အများကြီးကိုလေ့လာ သင်ယူခဲ့ရပါတယ်။
တရုပ်ပြည်ပီကင်းမြို့တော်ကြီးကို တရားပြသွားခဲ့တယ် တတ်နိုင်သမျှသူတို့နဲ့ မိသားစုလိုပူးပေါင်းဆောင်ရွက်တယ်။ တကယ်တော့ တရားပြပေးရတယ်ဆိုတာဟာ အလွန်ကြီးကျယ်တဲ့ လူပေါင်းစုံပါဝင်တဲ့ team work တစ်ခုကို ပူးပေါင်းလုပ်ဆောင်ရတာပါပဲ။ ထူးဆန်းတာက team work လုပ်တဲ့အခါ ပါဝင်တဲ့သူတိုင်းမှာ အယူအဆတွေရှိကြပါတယ်။
လူမျိုးပေါင်းစုံပါဝင်ရင် ပိုကြီးကျယ်ပိုပြီးအတွေ့အကြုံကောင်း သင်ခန်းစာကောင်းတွေရပါတယ်။ ပြီးတော့ ဘုန်းဘုန်းအတွေ့အကြုံရ ညှိုနိုင်းရတာကတော့ ဥရောပမှာရော တရုတ်ပြည်မှာရော အတူတူပါပဲ။ အချိန်ယူပြီးညှိုနှိုင်းရပါတယ်။ ဒါပေမဲ့ တရားပြပေးမဲ့ ဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ ရိုသေအသိအမှတ်ပြု အတည်ယူကြပါတယ်။ ဒါကထူးဆန်းတဲ့အချက်ပဲ။
(မြန်မာပြည်မှာရော ဘယ်လိုလဲ စဉ်းစားထားကြပါ။ အားနည်းချက် အားသာချက်တွေကို ဆက်ရေးပါမယ်။ စောင့်ဖတ်စေချင်ပါတယ်။ တစုံတရာအကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်)။ အခုတော့အချိန်မရတော့လို့ ဒီနားမှာ ခဏရပ်ထားခဲ့ပါမယ်။