မေတ္တာတရားစစ်စစ်ဆိုတာ ပိုးဖဲကတ္တီပါလို နူးညံ့တယ်။ သိမ်မွေ့တယ်။ တန်ဖိုးကြီးတယ်။ ကျင့်လို့မဖြစ်နိုင်တဲ့ တရားတော့မဟုတ်ဘူး။ အသိဉာဏ်အမျှော်အမြင်ကြီးကြတဲ့ သူတော်ကောင်းတွေသာ ကျင့်ကြံအားထုတ်နိုင်ကြတဲ့ သူတော်ကောင်းစွမ်းရည် တစ်ခုဖြစ်တယ်။ သူတော်ကောင်းစွမ်းရည်ဆိုကတည်းက အတော်အတန်စိတ်နေစိတ်ထားနဲ့ ပုထုဇန်တစ်ယောက်အတွက် ဒီမေတ္တာစစ်စစ်တရားကို ကျင့်ဖို့ အလွန်ကိုခက်ခဲနိုင်ဖွယ်ရှိပါတယ်။
အဓိကကတော့ မေတ္တာတရားစစ်စစ်နဲ့ ချစ်ကြတယ်ဆိုရင် စိုးရိမ်ကြောင့်ကျမှုတွေ အတင်းအဓမ္မမျော်လင့်နေရတဲ့ စိတ်ပင်ပန်းစရာ မျော်လင့်ချက်တွေ တစ်ယောက်အကျိုးကိုတစ်ယောက် အတင်းဇွတ်ဖြည်းပေးနေရတဲ့ စိတ်ပင်ပန်းစရာဖြည့်ဆည်းမှုတွေ လုံးဝလုံးဝမပါရပါဘူး။ အဲဒီလိုစိတ်အခြေအနေမျိုးတွေ မိမိရဲ့မေတ္တာဆိုတဲ့တရားထဲမှာပါဝင်နေပြီ ခံစားနေရပြီဆိုရင်တော့ အဲဒီမေတ္တာဟာ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာစစ်စစ်တော့ မဟုတ်တော့ဘူး အဆိပ်သင့်နေတဲ့ မကျန်းမာမသန်စွမ်းတဲ့ မေတ္တာတရားမျိုးသာဖြစ်တယ်။
တကယ်တော့ မေတ္တာစစ်စစ်စစ်သာဆိုရင် လူသားမဆိုထားနဲ့ တိရစ္ဆာန်တွေပင်ခံစားခံယူလို့ရတတ်ကြပါတယ်။ မေတ္တာစစ်သာဆိုရင် ဘယ်လောက်အခက်အခဲတွေကိုပဲဖြစ်စေ ဘယ်လောက်အကြပ်အတည်ဆင်းရဲတွေပဲဖြစ်စေ အားအင်အပြည့်နဲ့ ကျော်လွှားနိုင်စွမ်းရှိပါတယ်။ ဒါဟာမေတ္တာတရားစစ်စစ်ရဲ့ စွမ်းရည်ပေါ့။
ဒီလိုမဟုတ်ဘဲ အတင်းဇွတ် ကြောင့်ကျစိုက်ရမှုတွေ စိုးရိမ်သောကစိတ်တွေ အတင်းဇွတ်မျော်လင့်နေရတဲ့ မျှော်လင့်ချက်တွေ အတင်းဇွတ်ဖြည့်ဆည်းပေးနေရတဲ့ အခြေအနေမျိုးတွေပါဝင်နေပြီဆိုရင်တော့ ဒါကိုသန့်ရှင်းရှင်းစင်ကြယ်တဲ့ မေတ္တာတရားစစ်စစ်လို့ မခေါ်နိုင်တော့ဘူးပေါ့။ မေတ္တာတရားလို့ဆိုဦးတော့ ကျန်းမာသန်စွမ်းတဲ့ မေတ္တာမဟုတ်တော့ဘူး။ အဆိပ်သင့်နေတဲ့မေတ္တာမျိုး ကိလေသာဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုးကကိုက်စားခံထားရတဲ့ မေတ္တာမျိုးသာဖြစ်ပါတယ်။
ဒီလိုမေတ္တာမျိုးက စိတ်ချမ်းသာမှုကို ဖန်တီးမပေးနိုင်ပါဘူး။ စိတ်ဆင်းရဲမှုတွေကိုသာ ဖြစ်စေမှာပါ။ သတိထားဖို့အလွန်ကောင်းပါတယ်။ တချို့လူတွေအယူမှားတတ်ပါတယ်။ လင်မယားချစ်သူရည်းစားတွေကြားမှာ ဒီလိုမေတ္တာမျိုးမဖြစ်နိုင်ဘူးလို့လည်းထင်တတ်ကြပါတယ်။ တကယ်တော့ဒီမေတ္တာဟာ လင်မယားချစ်သူရည်းစားတွေကြားမှာလည်း ဖြစ်ပါတယ်ကျင့်လို့ရပါတယ်။ အသိဉာဏ်အမျှော်အမြင်နည်းလို့ အတ္တအားကြီးလို့ ကိုယ့်အတွက်ကိုယ့်အကျိုးလောက်ကိုသာ စိတ်ဝင်စားတတ်တဲ့ သူမျိုးတွေဆိုရင်တော့ အလွန်ခက်ခဲနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဈေးတွက်တွက်ကိန်းနဲ့ မတွက်ချက်ဘူးဆိုရင် ပိုအဆင်ပြေမှာပါ။
အထက်ကဆိုခဲ့သလို အတင်းဇွတ်မျှော်လင့်နေရမှုတွေ ဖြည်းဆည်းပေးနေရမှုတွေ စိုးရိမ်ကြောင့်ကျဖြစ်နေရမှုတွေ စတဲ့ကျန့်ခိုင်မှုမရှိတဲ့ စိတ်အခြေအနေဆိုးတွေ မပါဝင်ဘူးဆိုရင်ပေါ့။ တကယ်ပဲမေတ္တာစစ်တယ်ဆိုရင် သူ့အကျိုးကိုယ့်အကျိုး မျှော်လင့်တောင်းတရမှုတွေမပါဘဲ တရားအတိုင်းစိတ်ချမ်းသာစွာ ဖြည့်ဆည်းမိကြတာများပါတယ်။ ဖြည်းဆည်းပေးနေရတာကိုပင် ဖြည်းဆည်းပေးနေရတယ်လို့ မခံစားမိပါဘူး။ ဝန်တစ်ခုလိုခံစားမိဖို့ကတော့ အလွန်ဝေးလေစွ။ အဲဒီလိုမေတ္တာမျိုးသာဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေတော့။
တကယ်တော့မေတ္တာအစစ်ဆိုတာ ယုံကြည်မှုနဲ့သာတည်ဆောက်လို့ရတာပါ။ ယုံကြည်မှုဆိုတာလည်း မေတ္တာတရားစစ်စစ်ကြောင့်သာ ပိုပိုပြီးခိုင်မာပြည့်စုံရင့်ကျက်လာရတာဖြစ်ပါတယ်။ ယုံကြည်မှုမပါတဲ့ မေတ္တာ မေတ္တာတရားမပါတဲ့ ယုံကြည်မှုဟာ စိတ်ချမ်းသာစရာ စိတ်ကြည်နူးစရာ ဆက်ဆံရေးကိုဖန်တီး မပေးနိုင်ပါဘူး။ အားလုံးမေတ္တာတရားကို ယုံကြည်မှုနဲ့ရင့်ကျက်အောင် တည်ဆောက်နိုင်ကြပါစေ။ ယုံကြည်မှုကိုလည်း မေတ္တာတရားနဲ့ကျန့်ခိုင်သန်စွမ်းအောင် တည်ဆောက်ကာ စိတ်ကြည်နူးစရာဆက်ဆံရေးကို တည်ဆောက်နိုင်လျက် ထာဝရချမ်းသာပျော်ရွှင်စွာ နေထိုင်သွားနိုင်ကြပါစေ။