ဆရာတော်အရှင်ကေလာသ(မဟာဂန္ဓာရုံ) လွန်ခဲ့သော ၁၄ နှစ်ခန့်ကစတင်ထူထောင်တော်မူခဲ့သော သစ္စာမြိုင်တောရဟု မြန်မာအမည်ပေးထားအပ်သော “VTTBFT”သည် ယောဂီများနှင့်ပြည့်နေသည်ဖြစ်စေ ယောဂီများမရှိသည့်အခါဖြစ်စေ အမြဲထာဝရတိတ်ဆိတ်၏။ သန့်ရှင်း၏။ မြတ်ဗုဒ္ဓသည် တောတောင်သဘာဝနှင့် ၎င်း၏တိတ်ဆိတ်သန့်ရှင်းသောပတ်ဝန်းကျင်ကို အလွန်ချီးကျူးတော်မူ၏။ ထိုတောသည် မေတ္တာတရားဂရုဏာတရားများဖြင့်ပြည့်နေတတ်၏။ နေရာပေါင်းစုံမှ ရောက်လာတတ်ကြသော တိရစ္ဆာန်ကလေးများနှင့် တရားအားထုတ်တတ်သော ယောဂီများကိုလည်း ထိုတောထဲမှာပင် နေထိုင်အသက်ရှင်ခွင့်ပြုလျက်ရှိတတ်၏။
ဆရာတော်အရှင်ကေလာသ(မဟာဂန္ဓာရုံ)သည်လည်း မြတ်ဗုဒ္ဓကဲ့သို့ပင် တောတောင်သဘာဝကို အလွန်ချီးကျူးတော်မူ၏။ ဆရာတော်သည် သန့်ရှင်းတိတ်ဆိတ်သော ထိုပတ်ဝန်းကျင်ကို ကောင်းမွန်စွာတရားဘာဝနာပွါးများအားထုတ်နိုင်ရန် အလွန်မြတ်နိုးတော်မူ၏။ ဆရာတော်သည် သစ်တစ်ပင်မျှခုတ်ဖြတ်ခြင်းကိုပင် နှစ်သက်တော်မမူ။ အကယ်၍သစ်ပင်ခုတ်သူကိုမြင်လျှင် ချက်ချင်းထိုပုဂ္ဂိုလ်အနားသို့သွား၍ “သစ်ပင်များကိုမခုတ်သင့်ကြောင်း ကြီးထွားစေသင့်ကြောင်း”တို့ကို ပြောဆိုရှင်းပြလေတော့၏။
ဆရာတော်၏တောရတရားဌာနအဓိက စည်းကမ်းများမှာအောက်ပါအတိုင်းဖြစ်ပေ၏—
(၁)။ သစ္စာမြိုင်တောရ၏ ပဋိပတ္တိခေါ်သောဓမ္မဝိနယကျင့်စဉ်အရည်အသွေးသည် မိခင်မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၌ သင်ကြားပို့ချ လေ့လာနေကြသော နည်းနိဿယပရိယတ္တိအရည်အသွေးအပေါ် လုံးဝဥဿုံအခြေခံရမည်။
(၂)။ လုံးဝအသံမပြုရ။ လိုအပ်သည်ဖြစ်အံ့ တိုးတိုးသက်သာပြုရမည်။
(၃)။ တရားစခန်းတွင်တရားအားထုတ်မည့်သူများကိုသာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေခြင်းဖြင့် တောရစခန်းတွင်နေခွင့်ပြုမည်။
(၄)။ ရဟန်းယောဂီများအထူးလိုက်နာရမည့်စည်းကမ်း
ငွေပါလာပါကစွန့်ရမည်။
တစ်ထပ်တည်းစားခြင်းအကျင့်ကို မေးခွန်းထုတ်စရာမလိုဘဲ လိုက်နာရမည်။
နေ့စဉ်မနက် ၃ နာရီအိပ်ယာထ၍ ည ၉ နာရီမှသာ တရားအားထုတ်ခြင်း အချိန်ဇယားပြီးဆုံးရမည်။
တစ်နေ့လျှင်ဆရာတော်နှင့် နှစ်ကြိမ်သာတွေ့ရမည်။ တစ်ကြိမ်ကား မနက်အလုပ်တရားပေးချိန်နှင့် နောက်တစ်ကြိမ်ကား တရားစစ်ဆေးဆွေးနွေးချိန်ဖြစ်ပေ၏။ ကျန်အချိန်များ ဣရိယာပုထ်တိုင်းသတိထား၍ တိတ်ဆိတ်စွာနေရမည်။
(၅)။ သစ်ပင်တစ်ပင်မျှကိုပင် ခုတ်ဖြတ်ခွင့်မပြု။
(၆)။ ရဟန်းသာမဏေများငွေမကိုင်ရ။ အလှူမခံရ။ တောရအတွက်လိုအပ်သည်များကို ထိမ်းသိမ်းရန်လှူဒါန်းလာသော အလှူငွေများကို ဆရာတော်၏ကြီးကြတ်မှုဖြင့် ဆရာတော်၏ဒါယကာများကသာ သာသနာပြုကုသိုလ်အဖြစ်စီမံခွင့်ရှိရမည်။
(၇)။ ရဟန်းတော်များ မည်သည့်အမျိုးသမီးများနှင့်မျှ ဆိတ်ကွယ်ရာတွင် ခိုင်လုံသော အကြောင်းမရှိဘဲ မနေရ။
အကယ်၍ဤစည်းမျဉ်းစည်းကမ်းများထဲမှ တစ်ခုခုကိုချိုးဖောက်မိသော် ဤတောရမှထွက်သွားရမည်။
ဆရာတော်အရှင်ကေလာသသည် ဗုဒ္ဓဘာသာ သို့တည်းမဟုတ် မြတ်ဗုဒ္ဓ၏အဆုံးအမများကို လူတိုင်းကန့်သတ်ချက်မရှိဘဲ နေ့စဉ်ဘဝတည်း၌ လိုက်နာပြုကျင့်နိုင်ကြစေရန်အလို့ငှာ နိုင်ငံတကာအဆင့်မီစေချင်၏။ အကြောင်းမှာ ဓမ္မသည်နိုင်ငံတကာအဆင့်မီပြီးဖြစ်နေသောကြောင့်တည်း။ ဓမ္မကို နိုင်ငံတကာအဆင့်မီအောင်ပြုလုပ်ပေးရန်မလိုအပ်ပါ။
သို့သော်လည်း ရိုးရာအစဉ်အလာသမားများသည် ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ခုလို ကျင့်ကြံကြပေ၏။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကံအားလျှော်စွာ ဂိုင်းဂဏဆန်လာရပေ၏။ ဗုဒ္ဓဘာသာဝင်တိုင်း၏ ပုံစံကျနေသောစိတ်ကို ခေတ်သစ်ပညာရေး ခေတ်သစ်သိပ္ပံ ဒဿနိကပညာရပ်များဖြင့် ဗားရှင်းအဆင့်မြှင့်တင်ပေးရန် လိုအပ်ပေ၏။ မိမိအတွက်ကား ဗုဒ္ဓဘာသာသည် ၎င်း၏အမှန်တရား၌ ခေတ်ရှေ့သို့ပင်ရောက်နေပြီးဖြစ်၏။ သို့သော် ရိုးရာအစဉ်အလာသမားများကြောင့် ဗုဒ္ဓဘာသာသည် တစ်မျိုးတစ်ဘာသာ ဖြစ်လာခဲ့ရပေ၏။