ဘဝတစ်ခုမှာ အဆင်ပြေမှုတွေများရင် ပေါ့တန်တန်နေထိုင်ဖို့ အကြောင်းဖြစ်နေတတ်တယ်။ အဆင်မပြေမှုတွေက လိုအပ်တာထက် မိမိစိတ်ကခံနိုင်ရည်ရှိတာထက် ပိုပြီးများနေပြန်ရင်လည်း စိတ်ရောဂါရပြီး တသက်လုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲနေထိုင်ရတတ်တယ်။ အဆင်မပြေမှုဆိုတာရှိနေပြန်သော်လည်း မိဘတို့ရဲ့သားသမီးအပေါ် လိုအပ်တာထက်ပို၍ ချစ်မှုကများနေတော့ အရာရာကို ကိုယ့်သားသမီးလေးတွေမသိရလေအောင် ဖုံးကွယ်ပြီးစိတ်ချမ်းသာအောင် ထားတတ်ကြတော့ နောက်ဆုံး မိဘရောသားသမီးရော စိတ်ဆင်းရဲမှုကိုပဲ ခံစားရကာ ဘယ်လိုနေရမလဲလို့ အဆင်ပြေအောင်နေထိုင်နည်း လိုက်ရှာရတဲ့ သိဒ္ဓတ္ထမင်းသားလိုမျိုး ဖြစ်တတ်ပြန်တယ်။
သူကတော့ ဘာကိုမှမတွယ်တာမှသာ ငါချမ်းသာမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လူတိုင်းနှစ်သက်လိုလား တောင်းတတတ်ကြသော အလွန်ချမ်းသာလှပြီး အာဏာပါဝါအပြည့်ရှိတဲ့ တော်ဝင်ဘဝကိုသာမက ဇနီးသားဆွေမျိုး အကုန်စွန်ပစ်ပြီး ချမ်းသာအောင်နေထိုင်နည်းအစစ်အမှန်ကို သက်စွန့်ဆံဖြားရှာဖွေခဲ့တယ်။ နောက်ဆုံးခြောက်နှစ်ကျော်ကြာ ရှာဖွေအပြီးမှာတော့ အဲဒီသူမျှော်လင့်ခဲ့တဲ့ ချမ်းသာအောင်နေထိုင်နည်း အစစ်အမှန်ကို သူတွေ့ရှိခဲ့တယ်။
စိတ်ချမ်းသာစွာလည်းသူကိုယ်တိုင် နေထိုင်တတ်လာသလို သူများတွေကိုလည်း စတင်သင်ပြပေးခဲ့တယ်။ လိုက်နာကျင့်ကြံနေထိုင်သူတိုင်းလည်း ဘာသာဝါဒလူမျိုး အသွေးအရောင် လိင်ခွဲခြားမှုမရှိပဲ ချမ်းသာစွာနေထိုင်တတ်လာကြတယ်။ အဲဒီနေနထိုင်နည်းအတတ်ပညာကတော့ သတိပဋ္ဌာန်အခြေခံတဲ့ ဝိပဿနာအကျင့်ဖြင့် နေထိုင်နည်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သတိပဋ္ဌာန် အခြေခံတဲ့ ဝိပဿနာအကျင့်ဖြင့် နေထိုင်နည်းဟာ တစ်ကမ္ဘာလုံးမှာပင် သိပ္ပံနည်းကျရေပန်းစားလာတာကို တွေ့နေရပါတယ်။
အဆင်မပြေမှုဆိုတာ တကယ်တော့ ဘဝတစ်ခုရင့်ကျက်မှုအတွက် အတိုင်းအတာတစ်ခုအထိတော့ လိုအပ်ပါတယ်။ ပြီးရင်ဒီအဆင်မပြေမှုတွေကို independently ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ကြိုးစားရမယ်။ ဒီလိုအဆင်မပြေမှုတွေကို ဖြေရှင်းရင်းနဲ့ပဲ ဘဝတစ်ခုဟာရင့်ကျက်လာစေပြီး မိမိရဲ့အရည်အသွေးတွေလည်း တိုးတက်လာစေဖို့လိုပါတယ်။ ဒါကြောင့်အရွယ်ရောက်တာနဲ့ ကိုယ့်ကိုကိုယ်ထိမ်းကြောင်းဖို့ ကိုယ့်အစွမ်းအစနဲ့ကိုယ် ကိုယ့်ဘဝရည်အသွေးတိုးတက်ရေးအတွက် သင်တန်းတက်ကြည့်ဖို့ မိဘများနဲ့ အနည်းဆုံးငါးနှစ်လောက်ခွဲခွာပြီး independent life ကိုပြုစုပျိုးထောင်သင့်ပါတယ်။
ဒီလိုနေတာဟာ မိုက်မိုက်ကန်းကန်း ပျော်ဖို့ပါးဖို့မဟုတ်ဘူး ကိုယ်လုပ်ချင်ရာကို လွတ်လွတ်လပ်လပ်လုပ်ဖို့မဟုတ်ဘူး ဒါပေမဲ့ မိမိဘဝကို independently ထူထောင်ဖို့ အရည်အသွေးတွေတိုးတက်လာစေဖို့သာ သတိရှိရှိအမျော်အမြင်ရှိရှိနဲ့ ကြိုးစားရုံးကန်နေဖို့ ဆိုတာကိုအဓိဋ္ဌာန်ထားရပါမယ်။ ဘယ်လိုအခက်အခဲနဲ့တွေ့တွေ့ မိဘဆွေမျိုးညီအစ်ကိုမောင်နှမတွေကို အမီအခိုမထားပဲ ကိုယ့်ဘာသာဖြေမယ်ရှင်းမယ်ကျော်မယ်လွှားမယ်ဆိုတဲ့ မိကောင်းဖခင်သားသမီးပီပီ ပညာတတ်ဆန်တဲ့ အတွေးအမြင်နဲ့လူကြီးလူကောင်းဆန်ဆန် နေထိုင်သင့်ပါတယ်။
ဒီနေ့ခေတ်လူငယ်တွေဟာ ဒီလိုလေ့ကျင့်ခန်းတွေကို ရိုးရိုးသားသားလုပ်ယူဖို့ လိုကိုလိုအပ်လာပါတယ်။ အချိန်တန်မိဘထံ ခေါင်းနဲ့ခွေ့ငွေကို အသာအယာလက်ပြန့်တောင်းပြီးသုံးတဲ့ ပျော့ညံ့တဲ့စိတ်တွေ မရှိသင့်တော့ပါဘူး။ ခေတ်အခါနဲ့အညီ ပြုပြင်ပျောင်းလဲနေထိုင်တတ်ဖို့လိုကိုလိုအပ်လာပါတယ်။ ကိုယ့်ကိုကိုယ်ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် self-confidence တွေ မြင့်မားတိုးတက်အောင် လုပ်ယူရမယ့် ခေတ်အခါကိုရောက်နေပါပြီ။ တတ်နိုင်ရင် ပြည်ပတွေကိုလည်း ကိုယ်တိုင်ထွက်ကြည့်ရမယ်။ self-confidence တွေ မြင့်မားတိုးတက်ရေးအတွက် နည်းပေါင်းစုံနဲ့ လေ့ကျင့်ပျိုးထောင်ယူရမယ်။ ဒါမှသာဘဝအရည်အသွေး မြင့်မားလာပြီး တစ်ကိုယ်ရည်ဖွံ့ဖြိုးရေး ဖြစ်မယ်။ ဒီလိုမှသာ တိုင်းပြည်ဖွံ့ဖြိုးလည်း ဖြစ်လာမှာပေါ့။
တခါတလေတချို့လူတွေရဲ့ ဘဝမှာ အဆင်မပြေမှုတွေဟာ လိုအပ်တာထက် ပိုများလွန်းနေတာလည်း တွေ့ဖူးပါတယ်။ ကိုယ့်မှာအဆင်မပြေမှုတွေကလည်းများ မိဘဆွေမျိုးများနဲ့လည်း ဝေးကွာနေပြန်ဆိုရင် ပိုဆိုးတတ်ပါတယ်။ ဒီလို အဆင်မပြေမှုတွေဟာ လိုအပ်တာထက်ပိုများနေပြီး မရှင်းနိုင်မလင်းနိုင်နဲ့ လုံးလည်ချာလည်လိုက်နေပြန်ရင်လည်း ဘဝတစ်ခုဟာပျက်စီးသွားတတ်ပါတယ်။
ဒီအခါမှာတော့ သတိပဋ္ဌာန်အခြေခံတဲ့ ဝိပဿနာအကျင့်ဖြင့်နေထိုင်နည်းကို အထူးလက်တွေ့ကျကျဘဝထဲအထိရောက်လာအောင် လေ့လာဆည်းပူးသင်ယူကျင့်ကြံထားသင့်ပါတယ်။ ဒီသတိပဋ္ဌာန်အခြေခံတဲ့ ဝိပဿနာအကျင့်ကပဲ ကိုယ့်ရဲ့နေပုံထိုင်ပုံကို အထင်အရှားပြုပြင်ပြောင်းလဲ လမ်းတည့်ပေးသွားပါလိမ့်မယ်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ” ပေါ့။ တရားကိုကျင့်တဲ့သူကို တရားကပဲပြန်စောင့်ရှောက်ပေးသွားပါလိမ့်မယ ်။ ကြိုးစားနေထိုင်ကြကုန်လော့။ အပ္ပမာဒေန သမ္ပာဒေထ။