တစ်ခါတလေမှာ တရားကြာကြာထိုင်ရှုရင်းကနေ အထိုင်ကိုအဆင်ပြေအောင်ထိုင်မထားသောကြောင့် ခြေသလုံးထဲကလို ခါးထဲကလို လကပြင်ထဲကလို အလွန်ခက်ထန်စူးရှတဲ့ ဆင်းရဲဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ ဒီအခါမှာစိတ်ကို relax လုပ်ထားပြီး ဒီစူးရှတဲ့ဝေဒနာ ဘာကြောင့်ဖြစ်ရတာလဲ ဘယ်နားမှာဖြစ်နေတာလဲ အသေအချာလက်တွေ့ကျကျသိရပါမယ်။ သိအောင်လဲလုပ်ရပါမယ်။
ဘယ်နားကဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိတဲ့အခါ အသိဉာဏ်ဝင်လာပြီး အဆင်ပြေအောင်ဆက်ရှုနိုင်ပါတယ်။ ဒါပေမဲ့ ဒီမပြောပတဲ့ဝေဒနာလောက်ကြောင့်တော့ ကိုယ့်ရဲ့တရားထိုင်ရှုမှုဣရိယာပုထ်ကို အလွယ်တကူရပ်တန့်ပြောင်းလဲမပစ်သင့်ပါဘူး။ သမာဓိပျက်သွားပြီး တရားထိုင်လိုစိတ်အရည်အသွေးပါလျှော့ကျသွားတတ်ပါတယ်။
အခုဒီဗွီဒီယိုဖိုင်ထဲက ဖြစ်စဉ်ကိုကြည့်ရင် သေဖို့ရာသေချာနေတာတောင်မှ ကိုယ့်အစွမ်းအစကိုသုံးပြီး အတတ်နိုင်ဆုံးလွတ်မြောက်ရေးအတွက် အားထုတ်နေတာဟာ အတော်စိတ်ခွန်အားတွေကို ဖြစ်စေပါတယ်။ ဒါနဲ့ယှဉ်ရင် မိမိရဲ့ခန္ဓာကိုယ်ထဲကတရားထိုင်ရင်းနဲ့ ပေါ်လာတဲ့ဝေဒနာတွေဟာ ဘာမှပြောပလောက်တာမဟုတ်ပါဘူး။ သေလောက်တဲ့ဝေဒနာမျိုးလဲမဟုတ်ပါဘူး။ အဓိဋ္ဌာန်ကိုမဖျက်ဆီးဘဲ တောင်ရောက်မြောက်ရောက် ထသွားနေတာတွေမလုပ်ဘဲ ဆက်ပြီးအားထုတ်နေသင့်ပါတယ်။
အခုဘဝမှာသေတာကတော့ သေမှာပါပဲ။ သေချင်လည်းသေမှာဘဲ မသေချင်လည်းသေမှာဘဲ။ သံသရာမှာသေဦးမဲ့ ဘဝပေါင်းစုံနဲ့ အသေပေါင်းစုံကို အာရုံပြုသံဝေဂဉာဏ်ရအောင်ယူလျက် ဒီဗွီဒီယိုဖိုင်ထဲက သတ္တာဝါလေးလို သေမဲ့ဘေးကလွတ်အောင် ဆက်ပြေးနေပြီး သူသာအောင်ပွဲခံသွားသလို ဝိပဿနာကိုအားထုတ်နေကြတဲ့ ယောဂီများအနေနဲ့လည်း မိမိရဲ့ထိုင်ဣရိယာပုထ်ကို မည်သည့်ဒုက္ခဝေဒနာနဲ့ရင်ဆိုင်ရသည်ဖြစ်စေ မဖျက်ဆီးဘဲ ဆက်အားထုတ်ကြစေချင်ပါတယ်။ ရှုတတ်ရင်ဘယ်အရာကမဆို တရားဘက်ကိုကူးပြောင်းသွားရတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ အားရုံတွေနဲ့မတွေ့ရအောင် ပုန်းရှောင်တာမှမဟုတ်ဘဲ။ တွေ့နေရတဲ့အာရုံတွေကို ဝိပဿနာသတိ ဝိပဿနာအသိနဲ့ အဆင်တပြေ နေတတ်သွားအောင် အားထုတ်ရတာဖြစ်ပါတယ်။ ဒါကိုလည်းမမေ့သင့်ပါဘူး။ ဒီလိုမဟုတ်ရင် တရားအားထုတ်ယောဂီလုပ်မှုအပေါ်မှာ နားလည်မှုတွေလွဲကာ နေလို့ထိုင်လို့ခက်ခဲနေပါလိမ့်မယ်။
တကယ်အောင်မြင်အောင်အားထုတ်လိုက်နိုင်တယ်ဆိုရင် တကယ့်ကိုမကြုံဘူးတဲ့ စိတ်ချမ်းသာမှု ပီတိအထူးဖြစ်မှုတွေကို မိမိကိုယ်တွေ့ခံစားရပါတယ်။ အာင်မြင်ကြပါစေ။ အပ္ပမာဒေန သမ္ပာဒေထ။