မိမိဖြစ်စေချင်သော ဗုဒ္ဓသာသနာတော်သည် အလွန်ခေတ်မီရုံမျှမက ခေတ်ရှေ့ကိုပင် ရောက်နှင့်နေသော သာသနာဖြစ်၍ ခေတ်ပညာတတ်လူငယ်များက ဦးဆောင်ဦးရွက်အပိုင်းက ပါဝင်စေချင်သည်။ ခေတ်ပညာတတ်လူငယ်များက အတွေးအမြင်သစ်တို့ဖြင့် ခေတ်မီမီနားလည်ကာ အသက်အရွယ်ကြီးရင့်ကုန်သော အဖိုးအဖွား ဦးကြီးဦးလေးအရွယ်တို့ကို တွဲခေါ်ရမည်။
ထိုသို့ဖြစ်စေရန် “တရားအလုပ် သာသနာပြုအလုပ်သည် လူကြှီးများနှင့်သာ သက်ဆိုင်သည် ငါတို့ကငယ်သေးသည် ငါတို့နှင့်သာသနာတော်ဆိုင်ရာအလုပ်များ မအပ်စပ်သေး”ဟူသော outdated idea ခေတ်မမီသော အယူအဆများကို စွန့်လွှတ်ပစ်ရမည်။ သို့မှသာ ခေတ်မီသောဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာကာ နိုင်ငံတကာနှင့်သတ္တိရှိစွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်လိမ့်မည်။
အိုင်းစတိုင်းလိုသိပ္ပပညာရှင်မျိုးရဲ့ အတွေးအမြင်ကို ပညာမတတ်ခဲ့ကြသော အဖိုးအဖွားများကိုသွားပြောလျှင်ရယ်စရာဖြစ်ပေလိမ့်မည်။ သာသနာတော်၏ အဆုံးအမများကိုလည်း ခေတ်နှင့်အညီသင်ပြပေးရန်အလွန်ခက်ပေလိမ့်မည်။ ကွန်ပျူတာထဲဗိုပ်ရပ်စ်ပိုးတွေဝင်ကုန်သည်ဟု ခေတ်လူငယ်များ၏ ပြောစကားကို ခေတ်ပညာကိုမသင်ဘူးခဲ့၍ ကွန်ပျူတာနှင့်အလှမ်းဝေးနေသော အဖိုးအဖွားတို့ကြားမိကြသောအခါ “ဟဲ့ အဲဒီဗိုက်ရပ်ပိုးကလည်း လူ့ခန္ဓာထဲသာမက ကွန်ပျူတာရဲ့ခန္ဓာကိုယ်ထဲလည်း ဝင်တာပဲလားဟဲ့”ဟူသော အမေးမျိုးသည် ရှေးခေတ်နှင့်ယခုခေတ်၏ အကွာကြီးကွာနေပုံကို အထင်အရှားပုံဖေါ်နေခြင်းဖြစ်ပေ၏။
အမှန်မှာခေတ်လူငယ်များအတွက် နေရာပေါင်းစုံကနေရာပေးကာကြိုဆိုနေသည်ကို သိက္ခာရှိရှိအတွေးအမြင်တို့ဖြင့် ပညာတတ်ဆန်ဆန်လက်ဆင့်ကမ်းထမ်းဆောင်သင့်ပြီဟုထင်မြင်မိပေ၏။ ယခုခေတ်၌ တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံများတွင် ဗုဒ္ဓဘာသာ၏အနှစ်သာရဖြစ်သော သတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်ကို နိဗ္ဗာန်ရောက်ရန် ရိုးရာအစဉ်အလာကျင့်မဟုတ်ကြဘဲ လက်ရှိခံစားနေရသော စိတ်ဖိအားဆင်းရဲဒုက္ခများမှ သက်သာပျောက်ကင်းစေရေးအတွက် ကုထုံးနည်းအဖြစ်အသုံးပြုရာ အတော်အောင်မြင်နေသည်ကို တွေ့လာရပေ၏။ ထိုကုထုံးနည်းကို “Mindfulness-Based Stress Reduction” ဟုခေါ်၏။ အတိုအနေဖြင့် “MBSR”ဟု လူသိများလာ၏။
မိမိတို့မွေးကတည်းက ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သော ရွှေမြန်မာများသည် ထိုကဲ့သို့သော ခေတ်မီသောသိပ္ပံနည်းကျ သတိပဋ္ဌာန်အခြေခံ ဒုက္ခသက်သာရေးကုထုံးနည်းမှ လက်လှမ်းမမီလောက်အောင် အလှမ်းဝေးနေသေးသည်ကား အလွန်မှဝမ်းနည်းစရာကောင်းလှပေ၏။ ဘယ်တော့ဖြစ်ဖြစ် ဘယ်အရာအတွက်ဖြစ်ဖြစ် နောက်ဆုံးဗုဒ္ဓဘာသာ၏ နိဗ္ဗာန်ရောက်ရန် အလွန်အခြေခံကျသော သတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်အတွက်ပင် သိပ္ပံနည်းကျအဆင့်သို့ မရောက်နိုင်သေးဘဲ အနာက်နိုင်ငံများထက် နောက်ကျနေသည်ကား အလွန်ရှက်စရာကောင်းလှပေ၏။ အများစုသော ရွှေမြန်မာဗုဒ္ဓဘာသာဝင်များမှာ နောက်ကျ၍ပင်နောက်ကျနေမှန်းမသိသေးသည်မှာ ပို၍ပင်ရှက်စရာကောင်းလှပေ၏။
မိမိကိုယ်တိုင်ပင် လာမယ့်၂၀၁၇ ဝါတွင်းကာလ၌ ထိုသတိပဋ္ဌာန်ဝိပဿနာကို လေ့လာသင်ယူကျင်ကြံလိုသော ဥရောပသားကျောင်းသား ၄၀၀ကျော်နှင့် ဆရာ(၁၀)ရောက်ကို တရားစခန်းဖွင့်လှစ်သင်ပြပေးရန် မိမိ၏ဥရောပခရီးစဉ်အတွက် စေတနာဖြစ်မန်နေဂျာလုပ်ပေးနေသော မိမိ၏ဝိပဿနာတပည့်ကြီး မစ္စတာရစ်ကာဒိုထံမှ ပင့်ဖိတ်စာရထားပြီးဖြစ်ပေ၏။ ယခုအခါမိမိသည်ပင် သိက္ခာတော် (၂၈) သက်တော်ငါးဆယ်သို့ ရောက်လာခဲ့ပြီဖြစ်၍ စီနီယာများ၏တာဝန်ကို ပခုန်းပြောင်းယူနေရပေပြီ။ ပြည်တွင်း၌သာမက ပြည်ပသို့ပင်သွားရောက်၍ တရားစခန်းများဖွင့်လှစ်သင်ပြပေးနေရပေပြီ။
ပြည်တွင်း၌ကား အတော်အာပေါက်အောင် ပြဲနေအောင်ကုန်းအော်၍ သင်ပြပေးနေရဆဲတည်း။ ပြည်ပ၌သင်ပြပေးရသည်ကား ပြည်တွင်း၌သင်ပြပေးရသည်ထက် ပို၍လွယ်ကူအဆင်ပြေသည်ဟု မှတ်ယူရပေ၏။ ပြည်ပသားတို့၏ပညာရေး ပညာတတ်မှုနှင့် ရိုးရာမဟုတ်သော စိတ်ဝင်စားမှုတို့ကြောင့် ဖြစ်ပေ၏။ ပညာရေးအလှန်းကွာမှု ဘဝအတွေ့အကြုံ မရင့်ကျက်မှု စသောအကြောင်းကြောင်းတို့ကြောင့် ဓမ္မအပေါ်၌နားလည်မှုခြင်းလည်း နှိုင်းယှဉ်မရလောက်အောင် အကွာကြီးကွာနေလေတော့၏။
“ဪ—အမိမြန်မာနိုင်ငံနှင့် နိင်ငံသူနိုင်ငံသားများ ဘယ်သောအခါလောက်ကျမှများ အဆင့်မီမီတွေးခေါ်လုပ်ကိုင် ကမ္ဘာကြီးနှင့်ရင်ဘောင်တန်းနိုင်ကြလေမည်နည်း။” နိုင်ငံရေး လူမှုရေး စီးပွါးရေး ဘာသာ သာသနာရေးမကျန် အဘက်ဘက်ကတော့ တန်ဝန်ရှိသူများက တာဝန်သိသိနှင့် ဝိုင်း၍အသည်းအသန် ကြိုးစားအားထုတ်ကြဖို့တော့ လိုပြီဟူ၍သာတိုက်တွန်းလိုက်ပါရစေတော့။
အတွေးအခေါ်ဟောင်းတွေကို ဆေးကြောကြကုန်လော့။ စာတွေ့လက်တွေ့အရာ၌ ခေါင်းဆောင်နိုင်သူတို့ရဲ့ လမ်းညွှန်မှုကိုလိုက်နာ လုပ်ဆောင်ကြကုန်လော့။ သို့မဟုတ်က ဘယ်တော့မှ အဆင့်အတန်းရှိသောလူမျိုး အဆင့်အတန်းရှိသောနိုင်ငံ ဖြစ်လာရန် လွယ်ကူစွာ ဖြစ်လာလိမ့်မည်အဟုတ်ပေ။ ရိုးသားကြကုန်လော့။ ကြိုးစားကြကုန်လော့။ အပ္ပမာဒေန သမ္ပာဒေထ။