ရှေးရိုးကျင့်စဉ်နှင့် ခေတ်သစ်အတွေးအခေါ်

Generation Gab
ရှေးရိုးကျင့်စဉ်က
ဘဝနေနည်း ရိုးရှင်းအောင်
စွမ်းဆောင်နိုင်ပါတယ်၊
ခေတ်သစ်အတွေးအခေါ်က
လူသားအရင်းအမြစ် ဖွံ့ဖြိုးအောင်
စွမ်းဆောင်နိုင်ပါတယ်၊
ရှေးရိုးကျင့်စဉ်နှင့် ခေတ်သစ်အတွေးအခေါ်
ပေါင်းစပ်ပြီးပြုမူနိုင်ရင်
Generation Gab တွေနည်းလာမယ်
လူကြီးလူငယ်ကြားမှာ
Respect တွေ ဖွံ့ဖြိုးလာမယ်။

မိမိသည် မိမိ၏တပည့်ဒါယကာ ဒါယကာမများအား ရှေးရိုးကျင့်စဉ်နှင့် ခေတ်သစ်အတွေးအခေါ်ဟူသော အယူအဆကို ပြောဆို လာခဲ့သည်မှာ ၃-၄ နှစ်ခန့်ပင် ရှိခဲ့ပေပြီ။ သို့သော် စာအုပ်တစ်အုပ်အနေဖြင့်ကား မရေးသားဖြစ်ခဲ့ပေ။ ယခုအခါ၌ကား မိသားစုတိုင်းလောက် နီးနီးဝယ် မျိုးဆက်သစ်များ ဖြစ်ကြသော သားသားမီးမီးလေးများနှင့် မျိုးဆက်မသစ်တသစ် ဖြစ်ကြသော အသက်(၃၀)ကျော် (၄၀)ကျော် အရွယ် မိဘများကြား၌ ဝတ်စားဆင်ယင်မှုနှင့် စပ်၍လည်းကောင်း၊ သူတို့လေးများ၏ နေပုံထိုင်ပုံ Life Style နှင့်စပ်၍လည်းကောင်း၊ ဆံပင်အရောင် ဆေးဆိုးသည်ကစ၍ မျိုးဆက်ကွာဟမှု ပြဿနာများကို အတော်အတန် ကြားလာခဲ့ရပေပြီ။ မိမိကိုယ်တိုင်ပင် မိဘများဘက်မှ နေ၍လည်းကောင်း၊ သားသမီးများဘက်မှ နေ၍လည်းကောင်း မကြာမကြာပြောဆို ဆုံးမပေးနေရသော အခါများပင် ရှိနေလာပေပြီ။

ထို့ကြောင့် မိမိ၏အယူအဆဖြစ်သော ရှေးဟောင်းကျင့်စဉ်နှင့် ခေတ်သစ်အတွေးအခေါ်ဟူသော အယူအဆကို ရေးသားရှင်းပြရန် အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်လေပြီဟု မှတ်ယူမိပေ၏။ ထို့ကြောင့်ပင် ဤစာအုပ်ငယ်ကို ဖတ်၍ မိဘများရော သားသမီးများပါ အသိတစ်ခုခုရ၍ ဘဝထဲမှ အခက်အခဲတစ်ခုခုကို ဖြေရှင်းနေထိုင်တတ်မည်ဆိုလျှင် မိမိအနေဖြင့် အလွန်ဝမ်းသာပီတိ ဖြစ်ရပေလိမ့်မည်။