ဗုဒ္ဓဘာသာနှင့် ဒီမိုကရေစီ

Buddhism & Democracy - Myanmar
အတိတ်ဟူသည် သင်ခန်းစာယူရန်မှတပါး အခြားဘာမှမရှိပေ။
အနာဂတ်ဟူသည် အကောင်းဆုံးအိပ်မက်များကို မက်ခြင်းမှတပါး အခြားဘာမှမရှိပေ။
အတိတ်ကို သင်ခန်းစာယူလျှက် ပစ္စုပ္ပန်အတွက် အထောက်အကူဖြစ်ပါစေ။
အနာဂတ်အတွက် အကောင်းဆုံးအိပ်မက်များသည်လည်း ပစ္စုပ္ပန်အတွက် အထောက်အကူဖြစ်ပါစေ။
အသိဉာဏ်ရင့်ကျက်မှုအတွက် အတိတ်ကို သင်ခန်းစာယူဖြစ်အောင် ယူပါ။
အနာဂတ်အတွက်လည်း အကောင်းဆုံးအိပ်မက်တွေ မက်ပါ။
သို့သော်လည်း အိပ်မက်တွေက အလွှမ်းမိုးမခံရပါစေနှင့်။
ပစ္စုပ္ပန်သည်သာ အရေးအပါဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်၏။
ပစ္စုပ္ပန်ကဲ့သို့သော အချိန်ကောင်း မရှိပေ။
အခုသာလုပ်ပါတော့။ သင့်အတွက် အကောင်းဆုံးတွေ ဖြစ်စေမှာပါ။

ဗုဒ္ဓဘာသာ၏ နောက်ဆုံးပန်းတိုင်သည်ကား စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုတည်း။
ထိုကဲ့သို့သော လွတ်လပ်မှုအတွက် မိမိတို့သည် လုံးဝလွတ်လပ်မှုကို လိုအပ်၏။
ဗုဒ္ဓဘာသာက မိမိတို့အား အပြစ်တင်ကဲ့ရဲ့မှုတွေ မပါစေဘဲ အရာရာကို အရှိကိုအရှိအတိုင်း ရှုမြင်တတ်ရန် သင်ပြထား၏။
သို့သော်လည်း မိမိတို့သည်ကား ဗုဒ္ဓဘာသာဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ အပြစ်တင်ကဲ့ရဲ့တတ်ပေ၏။
လေ့ကျင့်မှုသည် အကောင်းဆုံးဆရာဖြစ်၍ လေ့ကျင့်မှုသည်သာ ပြည့်စုံစေ၏ဟု မိမိတို့ သိကြပြီး ဖြစ်ပေ၏။
လွတ်လပ်မှုဟူသည် ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရား ဖြစ်ပေ၏။
လုံးဝလွတ်လပ်မှုကို သင်ပြလေ့ကျင့်ပေးနေသော ဗုဒ္ဓဘာသာသည် ဘယ်သောအခါမျှ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် ဖြစ်လိမ့်မည်မဟုတ်ပေ။

ယခုဤစာအုပ်၌ ဗုဒ္ဓဘာသာနှင့် နှိုင်းယှဉ်လျှက် လက်တွေ့ကျသော ဘာသာရေးအသိများ၊ လူမှုရေးအသိများ၊ နိုင်ငံရေးအသိများ၊ နိုင်ငံတကာအတွေးအမြင်များ၊ ဒီမိုကရေစီဆိုင်ရာအသိများ လေ့လာရရှိကြလိမ့်မည်ဟု မိမိစာရေးသူ အနေဖြင့် မျှော်လင့်မိပေ၏။ ဦးဇာဂနာ ပြောခဲ့သည်မှာလည်း လူငယ်လေးများအား ဖတ်စေချင်သည်ဟု ဆိုခဲ့ပေ၏။ အထူးသဖြင့် ယနေ့ခေတ် လူငယ်လေးများ ပညာတတ်များ ပိုမို၍ ဖတ်ရှုမှတ်သားသင့်၏ဟု ထင်မြင်မိပေ၏။ ဖတ်ရင်းမှတ်ရင်း မိမိစာရေးသူ မျှော်လင့်သကဲ့သို့ အသိဉာဏ် ဗဟုသုတများ တိုးပွားခဲ့သည်ဆိုက မိမိစာရေးသူအနေဖြင့် အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်မိမည်မှာ မေးခွန်းမေးစရာ မလိုလောက်အောင် မှန်ကန်ပေလိမ့်မည် ဖြစ်၏။