အပိုင်း(၃) ဖတ်လိုလျှင် အပိုင်း(၃) ကိုနှိပ်ပါ။
အပိုင်း(၃)မှာ မိမိ၏မိခင်ကျောင်းတိုက်ကြီးဖြစ်သော မဟာဂန္ဓာရုံကျောင်းတိုင်၌ စာသင်သား ဘဝအရှင်ကေလာသငယ်အဖြစ်နှင့် ပရိယတ်ပဋိပတ်တာဝန်နှစ်ရပ်ကို ထမ်းဆောင်နေစဉ် သူများတွေ အာရုံဆွမ်းစားနေတဲ့ အချိန်မှာ “အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ”။ အစရှိတဲ့ ဝါကျလေးများကို ရွတ်ဆိုလျက် ဆွမ်းနှင့်ပတ်သက်သော ဓုတင်ငါးမျိုးကိုဆောက်တည်ပါတယ်။
အတိရေကလာဘံ – ဆွမ်းခံစားခြင်းမှ အပိုအလွန်ဖြစ်သော လာဘ်ကို ပဋိက္ခိပါမိ – ပယ်ပါ၏။ ပိဏ္ဍပါတိကင်္ဂံ – ဆွမ်းခံစားခြင်း အလေ့အထရှိကြသော အရှင်မဟာကဿပစသား ထေရဝါဒ အရှင်ကောင်း အရှင်မြတ်များ၏ အကြောင်းအင်္ဂါ သမာဒါစေတနာကို၊ သမာဒိယာမိ – ကောင်းစွာမကျိုးမပြောက် မပေါက်မကြားအောင် ဆောက်တည်ကျင့်သုံးပါ၏။
တကယ်တော့ ဒီလိုဆောက်တည်ကျင့်သုံးတာဟာ တရားဘာဝနာပွားများ အားထုတ်မှုအတွက် အကြီးအကျယ် အထောက်အကူဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေလည်း အများကြီးဖြစ်ပါတယ်။ အချိန်တွေလည်း အများကြီးပိုထွက်လာပါတယ်။ စာပေပရိယတ် လေ့လာဆည်းပူးမှုအတွက်လည်း အချိန်တွေအပိုရလာပါတယ်။ ကောင်းကျိုးတွေချည်းပါပဲ။
ဒါပေမဲ့ မဟုတ်တဲ့အတွေးအခေါ်တွေနဲ့ ကျင့်သားရနေတဲ့စိတ်ဟာ “အဆင်ပြေပါ့မလား။ စားတာကမှ တစ်နပ်တည်း။ အဆင်ပြေသလိုမစားဘဲ ကြီးကြီးကျယ်ကျယ်နဲ့ ဆွမ်းခံရတာပဲစားမယ် ဘာညာအဓိဋ္ဌာန် နေတယ်။ မောင်ကေလာသ! မင်းဆွမ်းခံတယ်ဆိုတာက မင်းဆွေမျိုးသားချင်းရှိတာမဟုတ်ဘူး။ ဘယ်သူက မင်းကို ဂရုတစိုက်ချက်ပြုတ်ပြီး ဆွမ်းလောင်းနေမှာလည်း။ မင်းမှာစာကျက်စာအံဖို့ အလုပ်တွေလုပ်ရဦးမယ်။ ဘာကြောင့်ကြီးကြီးကျယ်ကျယ်နဲ့ အဲဒီလိုအဓိဋ္ဌာန်ဆောက်တည်လုပ်ရသလဲ။ မင်းဆွမ်းအလုံအလောက်မရရင် ဘယ်လိုစားမလဲ”။ စသည်ပေါ့ စုံလို့ ကိုယ့်စိတ်က ကိုယ့်ကို လျှာပြန်ရှည်နေလိုက်တာ နေ့တိုင်းပါပဲ။ သူတော်ကောင်းစိတ်ကလေးတောင် ယဲ့ယဲ့ကျန်တော့တယ်။ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ သံသယစိတ် တွေကလည်း နေ့တိုင်းပဲ။ ဒီဓုတင်အကျင့်က တကယ်ဖြူစင်အောင်လို့ဆိုပြီး နေ့တိုင်းအာရုံတက်တက်ခြင်း ပြန်ဆောက်တည်ရတယ်။ အာရုံတက်လာတိုင်း “ငါဒီနေ့ပြန်ဆောက်တည်ဖြစ်ပါဦးမလား” ဆိုတဲ့ သံသယ အမြဲဖြစ်တယ်။
ဟုတ်ပါတယ်။ တကယ်တော့လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ လက်တွေ့လုပ်ကြည့်မှသာ ခံစား ကြည့်တတ်မှာပါ။ လက်တွေ့မပါဘဲ ခံစားကြည့်တတ်ဖို့ မလွယ်ပါဘူး။ တစ်နေ့မှ တစ်ထပ်သာစားမယ် အပိုမစားဘူးလို့ဆောက်တည်ထားတယ်။ ဆွမ်းခံလို့ရတာမျှသာစားမယ်လို့လည်း အဓိဋ္ဌာန်လိုက်တယ်ဆိုတော့ ဖျက်လို့ကလည်းမဖြစ်တော့ဘူး။ တောင်ပေါ်တက်ပြီးလှေကားဖျက်ချလိုက်တဲ့ ရတော်(၇)ပါးလိုပါပဲ။ သေရင် သေပါစေတော့ ဆက်အားထုတ်ဖို့သာရှိပါတယ်။ အတော်အတန့်သမာဓိပညာနဲ့ရကိုမရနိုင်ပါဘူး။
အဲဒီလိုဆွမ်းခံစားမယ်လို့ အဓိဋ္ဌာန်လိုက်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆွမ်းလောင်း ဆွမ်းဟင်း လောင်းမဲ့သူမပေါ်လာဘဲ ငှက်ပျောသီးပန်းသီးနဲ့ မုန့်တွေချည်းလောင်းလို့ ဆွမ်းနဲ့ဆွမ်းဟင်းမစားရဘဲ ငှက်ပျောသီးပန်းသီးနဲ့ မုန့်တွေချည်းတစ်နပ်စားပြီး တစ်နေ့တာပြီးသွားရတဲ့အချိန်အခါတွေလည်းရှိခဲ့ပါတယ်။ အဲဒီအခါဆိုရင်အမေလိုရောအဖေလိုရောချစ်တတ်တဲ့ အဖေသာမြင်လိုက်ရင် “ငါ့သားရယ်ဖြစ်မှဖြစ်ရလေ—-“ဆိုပြီး ငြီးညူပြောဆိုနေမဲ့ အဖေ့မျက်နှာကိုတော့ မြင်မိသား။ ဒါပေမဲ့လည်း အဖေက သူ့သားက သူဟုတ်တယ် ထင်တာတွေကို လုပ်နေတဲ့အခါ ခေါင်းမာတတ်မှန်းသိနေတော့ သူကသာအလျှော့ပေးတာများပါတယ်။
အဲဒီလိုအခက်အခဲတွေကို ကျော်လွားနိုင်ခဲ့တဲ့ စွမ်းရည်တွေကလည်း တရားစခန်းဝင်ပြီး တရားအား ထုတ်ရတဲ့အကျိုး၊ တရားတော်တွေကို နာယူလေ့လာမှတ်သားခဲ့ရတဲ့အကျိုး ကျင့်ကြံအားထုတ်ခဲ့ရ၍ တွေ့ကြုံ ခဲ့ရတဲ့အတွေ့အကြုံ၊ အသိဉာဏ်နဲ့လက်တွေ့ကျင့်သုံးခဲ့ရတဲ့ ကောင်းကျိုးတွေသာဖြစ်ပါတယ်။ မနက်အာရုံ တက်တုံးခေါက်ပြီဆိုရင် ဗိုက်ကဆာတာအလွန်ပါပဲ။ စမ်းကြည့်လိုက်ရင် နောက်ကြောနဲ့ ဝမ်းဗိုက် ကပ်နေပြီ လားလို့တောင်ထင်မိပါတယ်။ အားရုံးဆွမ်းကို သွားစားချင်လိုက်တာ အလွန်ပဲ။ ဒီတော့အာရုံလွှဲဖို့ ဆိုပြီးတော့ သောက်ရေအိုးစင်တွေ ရေလိုက်ဖြည့်တဲ့ ဝေယျာဝစ္စကုသိုလ်လုပ်တယ်။ ကုဋိအိမ်သာရေဆေးသန့်ရှင်းတဲ့ ကုသိုလ်နဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။
တခါတခါလည်း မိမိရဲ့အတ္တကတရားဟောအကောင်းသား “ဟဲ့ ကိုယ်တော် ဗိုက်တွေက တကျုတ် ကျုတ်နဲ့ မြည်သံတွေထွက်နေတယ်။ နင်သွားစားပါလား။ ဘာဖြစ်လို့အပင်ပန်းခံနေတာလဲ။ သွားစားလိုက်လည်း ဓုတင်သာပျက်တာ အာပတ်သင့်တာမှမဟုတ်ဘဲ။ စားကောင်းလည်း စားကောင်းနေတာပဲ။ စားလို့လည်း ရနေတာပဲ။ တော်ကြာအစာအိမ်ရောဂါတွေ ဘာတွေဖြစ်နေမှဖြင့် နင်သာသနာ့တာဝန် ဘယ်လိုဆောင် နိုင်ဦးမှာလည်း” အိုစသည်စသည် စုံလို့ နည်းအမျိုးမျိုးပရိယာယ်အမျိုးမျိုးနဲ့ မိမိရဲ့စိတ်က ကိလေသာရန်သူနဲ့ ပူးပေါင်းပြီး ဓုတင်အကျင့်ကို ပျက်စီးအောင်အမျိုးမျိုးအဖုံဖုံ ကြိုးစားတိုက်ဖျက်တာကို ခံခဲ့ရပါတယ်။
သူတော်ကောင်းစိတ်နဲ့ ဒီဓုတင်အကျင့်တွေကို ဆောက်တည်ချင်တော့လည်း သူပဲ။ ကိလေသာနဲ့ ပူးပေါင်းပြီး ဒီဓုတင်အကျင့်တွေကို ဖျက်ဆီးဖို့ကြိုးစားတာလည်းသူပဲ။ အပါယ်ငရဲပို့တာလည်း ဒီစိတ်ပဲ။ နတ်ပြည် နိဗ္ဗာန်ပို့ပြန်တာလည်း ဒီစိတ်ပါပဲ။ သတိထားကြဖို့သာလိုပါတယ်။
“အရာရာစိတ်၊ အရိပ်သဖွယ်။
သူပင်ကောင်းမှ၊ ကိုယ်ကောင်းရမယ်။
အလိုလိုက်တော့၊ အမိုက်နယ်ကျယ်။
သတိချပ်၊ ရှုမှတ်သိနိုင်ဘွယ်”။
အဲဒီလိုအကျင့်ကောင်းတွေက ယခုအခါအသက် (၅၀) လောက်ရောက်လာတဲ့ အခါကြတော့ ရောဂါ ဘယတွေ ကင်းဝေးလို့ ပေါ့ပေါ့ပါးပါးနဲ့ ကောင်းတဲ့အကျင့်မှန်သမျှတွေကို ခက်ရာခဲဆစ် မဖြစ်တော့ပဲ အလိုရှိ သလိုအားထုတ်နိုင်တဲ့ ကောင်းကျိုးတွေရပါတယ်။ ဘဝအတွက်၎င်း၊ ပြည်တွင်းပြည်ပ သာသနာပြု အလုပ် လုပ်ရာ၌၎င်း ပူပန်ကြောင့်ကြမှုမရှိစေရပဲ မပင်မပန်း လွယ်ကူသက်သာစွာ ပြီးစီးရတဲ့အကျိုးရလာဒ်တွေကို ရပါတယ်။
ပြည်တွင်းပြည်ပမှာ ခေတ်နဲ့အညီသာသနာပြုနိုင်ဖို့ဆိုရင်တော့ ရှေးရိုးကျင့်စဉ် သက်သက်ချည်းတော့ မရနိုင်ပါဘူး။ ခေတ်သစ်အတွေးအခေါ်လည်းလိုအပ်ပါတယ်။ မိမိအနေဖြင့်ကား “ရှေးရိုးကျင့်စဉ်နှင့် ခေတ်သစ် အတွေးအခေါ်”ဟူသော စာအုပ်တစ်အုပ်ကို ရေးသားတင်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့်ဒီခေတ်မှာ သာသနာ ပြုအလုပ်ကိုစိတ်ဝင်စားကြတဲ့ ရဟန်းတော်များအနေနှင့်ဆိုလျှင် ပါဠိစာပေပညာရော ခေတ်ပညာရောပါ တတ်မြောက်ဖို့ လိုကိုလိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် အမြင်ကျဉ်းမြောင်းစွာသာသနာပြုရပါလိမ့်မယ်။ ဒီလိုဆိုရင် ကမ္ဘာကြီးကလက်ခံဖို့ခက်ခဲပါလိမ့်မယ်။ လက်တွေ့လည်းကျင့်ကြံအားထုတ်ကြဖို့လိုပါတယ်။
တရားလည်းအားထုတ်ပါ။ ခဲရာခဲဆစ်အတွေ့အကြုံတွေကိုလည်း ရအောင်ယူပါ။ လက်တွေ့ကောင်း ကျိုးရှိမရှိကိုလည်း သတိဉာဏ်နဲ့စောင့်ကြည့်ပါ။ ဥပမာ လူတစ်ယောက်အနေနဲ့ ဝါတွင်းကာလ ဥပုသ်စောင့် ကြည့်တယ်။ ဘယ်လောက်ခက်ခဲသလဲ။ ဘယ်လိုအခါမျိုးတွေမှာခက်ခဲသလဲ။ အဲလိုခက်ခဲတဲ့ အခိုက်အတန့် တွေကိုဘယ်လိုကျော်ဖြတ်သလဲ။ စသည်ပေါ့လေ့လာသင်ယူရင်း ကျင့်ကြံအားထုတ်ရင် ပိုပြီးအကျိုးရှိပါတယ်။ အားထုတ်နိုင်ကြပါစေ။ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေဖြစ်ကြပါစေ။