တကယ်တော့ တရားအားထုတ်တယ်ဆိုတာဟာ ရောဂါတစ်ခုခုဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးစားရတဲ့ လူနာနဲ့တူပါတယ်။ မိမိလက်ရှိခံစားနေရတဲ့ ဝေဒနာမြန်မြန်သက်သာပျောက်ကင်းမှသာ စိတ်ချမ်းသာမယ်ဆိုတာကိုလည်း လူနာကသိထားပါတယ်။ ဒီတော့ စိတ်ချမ်းသာချင်ဇော ကျန်းမာရေးမြန်မြန်ကောင်းချင်ဇောနဲ့ နေ့စဉ်နာရီအလိုက် နေ့အလိုက် စားဖို့ထိုးဖို့ပေးထားတဲ့ ပုံမှန်စားဆေးထိုးဆေးတွေကို တစ်နေ့တည်းအကုန်စားလိုက်လို့ ကျန်းမာရေးကောင်းသွားမှာ မှမဟုတ်ဘဲ။ ပုံမှန်ကိုလမ်းညွှန်တဲ့အတိုင်းစားနေရမှာပါ။ လချီပြီးနှစ်ချီပြီးလည်းကြာချင်ကြာမှာပေါ့။
တခါတလေမှာ နေ့စဉ်ဒီဆေးတွေကို ထပ်ခါထပ်ခါထိုးရစားရနဲ့ ပျင်းရိစိတ်ကုန်တဲ့အခါလည်းရှိတတ်ပါတယ်။ ပျင်းရိစိတ်ကုန်နေလည်း ဝေဒနာသက်သာပျောက်ကင်းဖို့ ဝေဒနာသက်သာပျောက်ကင်းမှရမယ့် စိတ်ချမ်းသာမှုစစ်စစ်ကိုရနိုင်ဖို့ ဆေးစားဆေးထိုးကတော့ပုံမှန်လုပ်နေရမှာပါ။ ဆေးစားဆေးထိုးမလုပ်တဲ့နေ့ဟာ ခံစားနေတဲ့ဝေဒနာရဲ့ ထိုးနက်တိုက်ခိုက်မှုကိုခံရပြန်ပြီး ဝေဒနာတိုးသင့်သလောက်တိုးကာ ဆင်းရဒုက္ခခံစားရလျက် နောင်တသံဝေဂရစရာဖြစ်နေတတ်ပါတယ်။
တရားအားထုတ်တယ်ဆိုတာလည်း တကယ်တော့စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေနဲ့ ပြည့်နက်နေတဲ့လောကထဲကနေ ကူးစက်မှုကိုခံရကာ ရလာတဲ့စိတ်မချမ်းသာမှု၊ အဲဒီစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကို မိမိကမလိုချင်မရချင်သော်လည်း အဲဒါတွေကိုလက်ခံတတ်ပြီး မိမိအားဆင်းရဲအောင် စိတ်ညစ်အောင် စိတ်ထိခိုက်အောင် မကြာမကြာ မညှာမတာလုပ်တတ်တဲ့ မိမိစိတ်အတွင်းထဲက ကိလေသာရောဂါ virus ပိုး အညစ်အကြေးတွေကို သန့်ရှင်းစင်ကျယ်သွားအောင် အဲဒီရောဂါပိုးတွေ လျှော့ပါးသေဆုံးပျက်စီးကုန်အောင် ဆေးစားရတဲ့အလုပ်မျိုးပါပဲ။
ဒီတော့ တရားအားထုတ်ရာကပေးမဲ့ ကိလေသာရောဂါပိုးသက်သာပျောက်ကင်းမှု ထိုရောဂါပိုးသက်သာပျောက်ကင်းပြီးရလာမယ့် စိတ်ချမ်းသာမှုစသည်တွေကို ရချင်ဇောနဲ့ ဇွတ်အတင်းနင်းကန်ပြီး အားထုတ်မယ်ဆိုရင် ငါရချင်သလောက်မရပါလားဆိုပြီး မျှော်လင့်ချက်နဲ့ ရလာဒ်မကိုက်ဖြစ်ကာ စိတ်ပျက်လမ်းချော်သွားတတ်ပါတယ်။ မိမိဘဝအတွက်အင်မတန် ဆုံးရှုံးတဲ့ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။
ဒါကြောင့်ဘုန်းဘုန်းရဲ့ချစ်တပည့်ဝိပဿနာယောဂီများ ပညာတတ်ဆန်ဆန်တွေးခေါ်ချင့်ချိန်ပြီး ကျန်းမာရေးမကောင်းတဲ့အခါ ဆေးစားဆေးထိုးပုံမှန်လုပ်ရသလို ကိလေသာရောဂါပိုး သက်သာပျောက်ကင်းစေဖို့ တရားဆေးကိုလည်း ထိုးရမယ့်ဆေးကိုထိုး စားရမယ့်ဆေးကိုစား လိမ်းရမယ့်ဆေးကိုလိမ်း စည်ဖြင့်နေ့စဉ်ပုံမှန်လုပ်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။
အတင်းဇွတ်လည်း တရားကိုအားထုတ်မယူပါနဲ့။ အားမထုတ်ဘဲလည်းမနေပါနဲ့။ ပုံမှန်လေးသာအားထုတ်နေပါ။ ဆေးပတ်လည်တဲ့အခါတော့ ကိလေသာvirusပိုး မျိုးတုံးကာ စိတ်ညစ်စရာတွေနဲ့ပြည့်နေတဲ့ လောကကြီးထဲမှာနေထိုင်ရသော်လည်း ကိလေသာvirusပိုးတွေမရှိတော့ရင် စိတ်ညစ်စရာတွေအကူးအစက်ခံရတော့မှာ မဟုတ်ပါဘူး။ အားထုတ်တတ်အောင်လည်း ပိုပိုပြီးအသေးစိတ်သင်ပြပေးပါမယ်။
(မှတ်ချက်။ ။တရားစခန်းဝင်ရာအခါ၌ကား ကြိုးစားအားထုတ်နိုင်လေ ကောင်းလေပါပဲ။ နေ့စဉ်ဆရာသမားရဲ့ အထောက်အကူအပံအပိုးကို စိတ်ပိုင်းအတွက်ရော ရုပ်ပိုင်းအတွက်ပါရနေလို့ ဖြစ်ပါတယ်။ စနစ်တကျ ခေတ်မီမီ တရားကိုဘဝတည်းမှာ မဖြစ်မနေစားသုံးမီဝဲရမယ့် ဆေးတစ်လက်ဖြစ် apply လုပ်နိုင်ကြပါစေ။)




