တရားထိုင်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ-အပိုင်း (၃)

အပိုင်း(၂) ဖတ်လိုလျှင် အပိုင်း(၂) ကိုနှိပ်ပါ။
အပိုင်း(၂)တွင် တရားအားထုတ်ရာ၌ အတွေ့အကြုံရှိထားပြီးသောဆရာကောင်း သို့မဟုတ် လက်တွေ့အားထုတ်ခြင်း၌ အတွေ့အကြုံရှိထားပြီးသော သူငယ်ခြင်းမိတ်ဆွေကောင်း အရေးကြီးပုံ မာနသည် တရားအားထုတ်နေသော ယောဂီအတွက်အလွန်အန္တရာယ်များသော စိတ်အညစ်အကြေး တစ်ခု ဖြစ်ပုံတို့ကို ပြောခဲ့၏။
ဤနေရာ၌ယောဂီများသတိထားသင့်သည်မှာ မာနမရှိရဟုပြောနေခြင်းမဟုတ်ပေ။ မာနကြီးသူကို အပြစ်တင်နေခြင်းလည်းမဟုတ်ပေ။ သို့သော်မာနသည် တရားအားထုတ်ရာ၌ကား အသုံးမတည့်သော စိတ်အညစ်အကြေးတစ်ခု ဖြစ်ကြောင်းကိုသာ ပြောနေခြင်းဖြစ်ပေ၏။ လောကီကိစ္စများ၌ မာနသည် အားအင်တစ်ခုဖြစ်ကောင်းဖြစ်မည်။ မိမိဘဝအတွက်လိုကောင်းလိုမည်။
သို့သော်တရားအားထုတ်ရာအခါ၌ကား အလွန်အသုံးမတည့်သော မိမိအား weak ဖြစ်သွားစေသော စိတ်အညစ်အကြေးတစ်ခုဖြစ်သည်မှာ ဘုန်းဘုန်းကိုယ်တိုင်ကိုယ်တွေ့ဖြစ်ပေ၏။ အရှင်အနုရုဒ္ဓါသည်လည်း ဤမာနကြောင့်ပင် ဝိပဿနာကိုနေ့ညမလပ် ဒလစပ်အားထုတ်နေသော်လည်း ရဟန်းကိစ္စပြီးလောက်အောင် တရားမတိုးတက်ဘဲရှိနေခဲ့သည်မှာလည်း သင်ခန်းစာကောင်းတစ်ခု အဖြစ်မှတ်သားရပေ၏။
ဒီတော့မိမိမဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို စာပေပရိယတ်သင်ယူရန် ရောက်လာရာအခါ၌ကား တရားအားထုတ်မှု၌ မိမိစိတ်အားအထောက်အကူဖြစ်စေမည့် ကုသိုလ်လုပ်ငန်းမှန်သမျှကို အကုန်လုပ်၏။ မိမိသည် မဟာစည်တရားစခန်းဝင်ခဲ့ခြင်းမှရယူလာခဲ့သော နံနက်စောစော (၃)နာရီ အိပ်ယာထရသော အလေ့ အကျင့်ကောင်းကြောင့် အမြဲသူများထက်(၃)နာရီ(၄)နာရီခန့် အလုပ်ပိုပြီးမြောက်၏။ သူများတွေအိပ်နေချိန်၌ မိမိသည် ထ၍တစ်နာရီအလျင် တရားထိုင်၏။ ထို့နောက်မိမိလေ့လာရမည့် သင်ခန်းစာများကို ကျက်စရာရှိက ကျက်၏။ မှတ်စရာရှိကမှတ်၏။ မည်သူမျှအိပ်ယာမထကြသေး၍ အလွန်တိတ်တိတ်ဆိတ်ဆိတ်ရှိလှပေ၏။ ကြည်နူးစရာအလွန်ကောင်း၏။
ထို့နောက်မိမိနှင့်အနီးပတ်ဝန်းကျင်က သံဃာတော်များသောက်သုံးကြသော သောက်ရေအိုးစဉ်များကို ရေလိုက်ဖြည့်ကာ ဝေယျာဝစ္စကုသိုလ်ကို ရအောင်ယူ၏။ ထို့နောက်သံာတော်များ အသုံးပြုသော ကုဋိခေါ် အိမ်သာများကို သန့်ရှင်းအောင်လိုက်၍ ဆေးကြော၏။ ဤကုသိုလ်ကောင်းမှုသည် မိမိအတွက် မလိုအပ်သော မာနကိုရိုက်ချိုးရန် အကောင်းဆုံးကုသိုလ်ကောင်းမှုဖြစ်ပေ၏။ ဤကုသိုလ်ကောင်းမှုကို လုပ်ရန်တွန်းအား ဖြစ်စေခဲ့သူကား ကျေးဇူးတော်ရှင်မုံရွာလယ်တည်ဆရာတော်ဘုရားကြီးပေတည်း။
လယ်တည်ဆရာတော်ဘုရားကြီးဆိုလျှင် တောထွက်၍ ဝိပဿနာဓုရ သာသနာ့တာဝန်ကို ထမ်းဆောင် နေကြသော သံဃာတော်များမသိသူမရှိပေ။ ဝိပဿနာအားထုတ်ကြသော လူသူတော်ကောင်များဆိုလျှင်လည်း လယ်တည်ဆရာတော်ဘုရားကြီးကို မသိသူမရှိပေ။ လယ်တည်ဆရာတော်ဘုရားကြီးသည် ရွှေမြန်မာတို့ လူ့ဝတ်ကြောင်ဘဝဖြင့်ပင် ဝိပဿနာကို အားထုတ်တတ်အောင် မိတ်ဆက်ပေးခဲ့သော သာသနာ့ အာဇာနည် ကြီးပေတည်း။ ပရိယတ်ပဋိပတ်နှစ်ရပ်စလုံးကိုကျွမ်းကျင်တော်မူ၏။ ကိုယ်တိုင်လည်းတောရဆောက်တည်၍ အသေအချာအားထုတ်တော်မူ၏။
ထိုမျှလောက်ကြီးကျယ်သော ဆရာတော်ဘုရားကြီးသည် သူ၏မုံရွာလယ်တည်စာသင်တိုက်၌ စာသင် သားရဟန်းသံဃာများ ကျိန်းစက်ကြပြီဆိုရင် ညသန်းခေါင်အချိန်လောက်ရောက်တိုင်း တစ်ကျောင်းတိုက်လုံးက သောက်ရေအိုးစဉ်များကိုရေလိုက်ဖြည့်ကာ ဝေယျာဝစ္စကုသိုလ်ယူတော်မူ၏။ မိမိ၏တပည့်သံဃာများသုံးသော ကုဋိအိမ်သာများကိုများကိုလည်း ဆေးကြောသန့်ရှင်းတော်မူ၏။
ဤမျှကြီးကျယ်သော ပရိယတ်ပဋိပတ်အလုပ်ကိုသာ တစိုက်မတ်မတ်ဖြူစင်စွာ အားထုတ်နေတော် မူသော ဆရာတော်ဘုရားကြီးက ဤသို့တပည့်သံဃာများသုံးရန် သောက်ရေဖြည့်ခြင်း ကုဋိအိမ်သာများ ဆေးခြင်း စသည်တို့ကိုလုပ်နေခြင်းသည် တပည့်သံဃာတော်များအဖို့ ကြက်သည်းမွှေးညှင်းထစရာ ဖြစ်ပေ လိမ့်မည်။ သို့သော် ဆရာတော်ဘုရားကြီးက အားလုံးအိပ်ချိန်ရောက်မှသာ ထ၍လုပ်ခြင်းဖြစ်သောကြောင့် တပည့်သံဃာများမသိကြပေ။
တစ်နေ့သောအခါ ဆရာတော်ဘုရားကြီး ရေခပ်ပြီးသောက်ရေဖြည့်နေသည်ကို တပည့်အချို့က တွေ့မြင်သွားကြပြီး ဆိုခဲ့သလိုကြက်သည်းမွှေးညှင်းထအောင် ခံစားမှုဖြစ်ကြလေတော့၏။ ထိုတပည့်များက ဆရာတော်ကြီးအနားသို့ မဝံ့မရဲချဉ်းကပ်သွားကြပြီး ဆရာတော်ဘုရား ဘုရားတပည့်တော်များ လုပ်ပါမည်ဟု လျှောက်ထားသောအခါ ဆရာတော်ကြီးက “အရှင်ဘုရားတို့ တပည့်တော်ပဲကျွန်ခံပါရစေ။ တပည့်တော်က သံသရာတလျှောက်လုံးမှာ မယားကျွန် သားကျွန်ဘဝနဲ့ကျင်လည်ခဲ့တာ အတော်ကြာပါပြီ။ ယခုအခွင့်အခါရတုံး သံဃာကျွန်ခံပါရစေ”လို့ မိန့်လိုက်တော့ စာသင်သားတပည့်သံဃာတော်များမှာ ပို၍ပင်ကြက်သည်းမွှေးညှင်း ထအောင် တုန်လှုန်ကြလေတော့၏။ တပည့်များအားအကျင့်ဖြင့် အလေးအနက်ဆုံးမပေးနေ သကဲ့သို့ ဖြစ်ပေတော့၏။ အလွန်ထိရောက်သော ဆုံးမနည်းတည်း။
ဆရာတော်ဘုရားကြီး၏ ထိုအဆုံးအမသည် မိမိ(ယခုသစ္စာမြိုင်တောဆရာတော်) စာသင်သား အရှင်ကေလာသငယ်၏နှလုံးသားကို ထိမှန်ခဲ့သော အဆုံးအမဖြစ်ပေ၏။ ထို့ကြောင့်မိမိသည် ကုဋီအိမ်သာ သန့်ရှင်းရေးအလုပ် သံဃာတော်များအတွက် သောက်ရေဖြည့်ခြင်းအလုပ်များကို အိပ်ယာစောစောထ၍ တစ်နေ့မှမပျက် မာနရိုက်ချိုးသော ဝေယျာဝစ္စကုသိုလ်အဖြစ် ကောင်းစွာအားထုတ်ခဲ့ပေ၏။
သူများတွေအာရုံဆွမ်းစားနေစဉ်၌ကား မိမိသည် “အတိရေကလာဘံ ပဋိက္ခပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။ နာနာသနဘောဇနံ ပဋိက္ခပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ။ လောလုပ္ပစာရံ ပဋက္ခိပါမိ၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ”။ အစရှိသော ဓုတင်များကို မဟာဂန္ဓာရုံ၏ စေတီဝန်းထဲက စောင်းတန်းထဲ၌ ရွတ်ဆိုဆောက်တည်ကာ တစ်နာရီခန့်တရားထိုင်ပြန်၏။ အလွန်ငြိမ်းချမ်းသော ဘဝဖြစ်ပေ၏။ ဤသည်တို့ကား တရားအားထုတ်ခြင်းမှ ပေးလိုက်သော လက်တွေ့အသုံးတည့်နေသော စွမ်းအားများတည်း။ အလွန်အကျိုး ရှိလှပေ၏။
(အပိုင်း ၄ ကိုဆက်ရေးပါဦးမည်။ အလိုရှိကဆက်ဖတ်ကြပါဟု ဖိတ်မံနကပြုလိုက်ရပေ၏။)