သင်္ကန်းဝတ်ပြီးနောက် လုပ်ထုံးလုပ်နည်း

သင်္ကန်းဝတ်ပြီးနောက် လုပ်ထုံးလုပ်နည်း

အထက်ကဆိုခဲ့သည့်အတိုင်း ရဟန်းလောင်းရှင်သာမဏေလောင်းသည် သင်္ကန်းဝတ်ပြီးချိန်အထိ ဆံမုတ်ဆိတ်ကျင်စွယ်ရိတ်ပယ်ရခြင်း၊ ဖန်ရည်စွမ်းသောသင်္ကန်းကိုဝတ်ဆင်ရခြင်းဟူသော အဆင့်နှစ်ဆင့်ကိုကျော်ဖြတ်ခဲ့ပါပြီ။ သို့သော် ရှင်သာမဏေမဖြစ်သေးပေ။ သရဏဂုံသုံးပါးကို ဆရာချပေးသင်ပေးသည့်အတိုင်း ဌာန်ကရိုင်းကျကျပီပီသသဆိုပြီး သရဏဂုံယူဖို့ တစ်ဆင့်ကျန်နေပါသေး၏။

ထို့ကြောင့် ဆိုခဲ့ပြီးသောအရည်အသွေးများနှင့်ပြည့်စုံသော ရဟန်းလောင်းရှင်သာမဏေလောင်း၏ ဥပဇ္ဈာယ်ဆရာတော်ရှေ့မှချပေးသော သရဏဂုံသုံးပါးကို ပီရမည့်နေရာတွေမှာပီအောင် ကြည်ရမည့်နေရာတွေမှာကြည်အောင် လိုက်၍ရွတ်ဆိုပြီး သရဏဂုံယူရပေမည်။

ထိုကဲ့သို့ရွတ်ဆိုရာ၌ ဒုတိယက္ခရာများဖြစ်ကြသော “ခ၊ ဆ၊ ဌ၊ ထ၊ ဖ”စသော အက္ခရာများကို ပီပြင်ကြည်လင်အောင်ဖိ၍ရွတ်ဆိုရပါမည်။ အလားတူ စတုတ္ထက္ခရာများဖြစ်ကြသော “ဃ၊ ဈ၊ ​ဎ၊ ဓ၊ ဘ”စသော အက္ခရာများကိုလည်း ပီပြင်ကြည်လင်အောင်ဖိ၍ရွတ်ဆိုရပါမည်။

ဗုဒ္ဓံ-မှာ “ဓံ”ကို အသံပီပြင်ကြည်လင်အောင်ဖိ၍ရွတ်ဆိုရပေ၏။ ဂစ္ဆာမိ-မှာ “ဆာ”ကို အသံပီပြင်ကြည်လင်အောင် ဖိ၍ရွတ်ဆိုရပေ၏။ အလားတူ “ဓမ္မံ”မှ “ဓံ”ကိုလည်းကောင်း၊ “သံဃံ”မှ “ဃံ”ကိုလည်းကောင်း အသံကြည်လင်ပီပြင်အောင် ဖိ၍ရွတ်ဆိုရပေ၏။

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၃။ သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ/တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဟု ဒုတိယက္ခရာ စတုတ္ထက္ခရာများကို ဆရာသင်ပြချပေးသည့်အတိုင်း ပီပြင်ကြည်လင်အောင် ရွတ်ဆိုပြီးသည်ရှိသော် “တိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”။ ဆုံးသည်နှင့်တပြိုင်နက် “သာမဏေ”အဆင့်ပြီးမြောက်လေတော့၏။ ရဟန်းလောင်းသည် မြင့်မြတ်သော “ဥပသမ္ပဒကံ”ဟုဆိုအပ်သော ရဟန်းအဖြစ်ခံယူရန် နောက်ဆုံးအဆင့်ကြီးကို အောင်မြင်စွာပြီးမြောက်ခြင်းဖြစ်လေတော့၏။

ကမ္ဘာပေါ်က မည်သည့်နိုင်ငံသားက မည်သည့်နိုင်ငံတွင် ရဟန်းအဖြစ်ကိုခံယူသည်ဖြစ်စေ ထေရဝါဒသာသနာတွင် ဤလုပ်ထုံးလုပ်နည်းအတိုင်းသာ သာသနာ့ဘောင်သို့ဝင်ခွင့်ရပေ၏။ အခြားနည်းမရှိပေ။ ရဟန်းအဖြစ်ကိုခံယူရန် ပထမအဆင့်ဖြစ်သော ရှင်သာမဏေအဆင့်ပြီးချိန်တွင် ရှင်သာမဏေတို့ထိမ်းသိန်းရမည့် ဝိနည်းသိက္ခာပုဒ်များဖြစ်သည့် အကျဉ်း ၁၀ ပါး၊ အကျယ် ၁၂၀ သော ဝိနည်းသိက္ခာပုဒ်များကို ထိုသာမဏေ၏ဥပဇ္ဈာယ်ဆရာတော်က်ုယ်တိုင် ထိုင်ရာမထပြောပြထိမ်းသိန်းစေရပေ၏။

ရှင်သာမဏေထိမ်းသိန်းရမည့် ၁၀ ပါးသီလ

၁။ ပါဏာတိပါတာ ဝေရမဏိ- သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ပါ၏။
၂။ အဒိန္နာဒါနာ ဝေရမဏိ- ပိုင်ရှင်မပေးသောဥစ္စာကို ယူခြင်းမှရှောင်ကြဉ်ပါ၏။
၃။ အဗြဟ္မစရိယာ ဝေရမဏိ- မေထုန်အကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၄။ မုသာဝါဒါ ဝေရမဏိ- လိမ်ညာပြောဆိုခြင်းမှရှောင်ကြဉ်ပါ၏။
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ- မူးယစ်မေ့လျှော့စေတတ်သော ကွမ်းဆေးအပါအဝင် သေရည်အရက်စသည်တို့ကို သုံးစွဲခြင်းမှရှောင်ကြဉ်ပါ၏။
၆။ ဝိကာလဘောဇနာ ဝေရမဏိ- မွန်းလွဲအခါစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၇။ နစ္စဂီတဝါဒိတဝိသူကဒဿနာ ဝေရမဏိ-ကခြင်းသီဆိုခြင်းပွဲလမ်းသဘင်ကြည့်ကြည့်ရှုခြင်းတို့မှ ရှောင်ကြဉ်ပါ၏။
၈။ မာလာဂန္ဓဝိလေပနဓာရနမဏ္ဍနဝိဘူသနဋ္ဌာနာ ဝေရမဏိ- ပန်းနံ့သာရေမွေးနံ့သာဆီစသည်တို့ကိုဆောင်ထားခြင်းလိမ်းကြံခြယ်သခြင်းတို့မှ ရှောင်ကြဉ်ပါ၏။
၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ- ကြီးကျယ်ခမ်းနားဆန်းပြားသော အိပ်ယာနေယာတို့ကိုသုံးဆောင်နေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ပါ၏။
၁၀။ ဇာတရူပရဇတပဋိဂ္ဂဟနာ ဝေရမဏိ- ရွှေငွေတို့ကိုအလှူခံခြင်းကိုင်တွယ်သုံးစွဲခြင်းမှရှောင်ကြဉ်ပါ၏။

ဤဆိုခဲ့ပြီးသော ၁၀ ပါးသီလကိုဥပဇ္ဈာယ်ဆရာတော်သည် ဖြစ်သစ်စအပြစ်ကင်းစင်နေသော ရှင်သာမဏေအား ထိုင်ရာမထရှေ့မှချပေးကာ လိုက်ဆိုစေလျှက် အသေအချာထိမ်းသိန်းရန် အထူးဩဝါဒပေးရပါသည်။ ကျန်သော အကျယ် ၁၂၀ သိက္ခါပုဒ်များကိုကား နေ့စဉ်စာသင်သလိုသင်ပေးသွားရပါမည်။ အကယ်၍ ဥပဇ္ဈာယ်ဆရာတော်က မအားမလပ်မှသာ စွမ်းနိုင်သောတပည့်တစ်ပါးပါးကို သင်ပေးရန်လွဲအပ်ရပေ၏။

အမျိုးဘာသာသာနာတော်ကို ချစ်လှပါသည်ဆိုသော မြန်မာ့ထေရဝါဒီတို့သည် အထက်ပါသိက္ခာပုဒ်များကို သဒ္ဓါပညာတို့ဖြင့်စနစ်တကျလေ့လာမှတ်သား လိုက်နာအားထုတ်ထိုက်ပေ၏။ ရှင်ဖြစ်လျှက်ရှင့်ဝိနည်းကို မလိုက်နာစေခြင်းသည် ရဟန်းဖြစ်သည်အထိ ဝိနည်းကိုမလိုက်နာရန်တွန်းအားများကိုဖြစ်စေပါသည်။ ဤသို့ဖြစ်က သာသနာတည်ရေးအတွက် အလွန်အန္တရာယ်ကြီးပါသည်ဆိုသည်ကို အထူးသဘောပေါက်ကြရန်လိုအပ်ပေ၏။

ဟိုခေတ်ဟိုအချိန်က အင်တာနက်ဆိုနာမရှိခဲ့သော်လည်း ယခုခေတ်အချိန်သည်ကား အင်တာနက်ခေတ်ဖြစ်လာနေပေပြီ။ မိမိတို့ကောင်းစွာကျင့်သလောမကျင့်သလောကို နိုင်ငံတကာထေရဝါဒအသိုင်းအဝိုင်းက မြင်သာထင်သာရှိလာနေပေပြီ။ အထူးသတိထားရန်လိုအပ်လာပေ၏။ အပ္ပမာဒေန သမ္ပာဒေထ။

ဥပသမ္ပဒကံခေါ်သော ရဟန်းခံမှု လုပ်ထုံးလုပ်နည်းများကို ဆက်ရေးပါမည်။ like မလုပ် react မလုပ်ဘဲ တိတ်တိတ်လေးခိုးဖတ်နေတတ်သော list ထဲကလူတွေလည်း ဖြူစင်စွာ like လုပ်သူ react လုပ်သူများနှင့် အသိတူရပါစေ။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.