ဆံပင်ကိုရိတ်ပယ်နေစဉ်လုပ်ထုံးလုပ်နည်း (shaving procedure)
ရဟန်းလောင်း ကိုရင်လောင်းသည် ဆိုခဲ့ပြီးသော ဥပဇ္ဈာယ်အရည်အသွေးမီသော ဥပဇ္ဈာယ်ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် ဆံပင်ရိတ်ပယ်ဆံချနေစဉ်တွင် တွေးချင်ရာတွေးနေသောစိတ်ကို တွေးချင်ရာမတွေးစေဘဲ အရည်အသွေးမြင့်စိတ်အဖြစ် တည်ဆောက်နိုင်အောင် “ဆံင်ပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ”ဟူသော တစပဉ္စကကမ္မဋ္ဌာန်းကိုစီးဖျန်းနေရပါတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး သင်ပြပေးတော်မူခဲ့သော တစပဉ္စကကမ္မဋ္ဌာန်းအကျဉ်း
“ငါ၏ကိုယ်မှာ နံ့သာမွှေးကြိုင် မြဲခိုင်လှစွာ ကောင်းရာမမြင် ဆံပင်သာရှိ အမွေးရှိ၏ ရှိသည့်လက်သည်း ခြေအသည်းနှင့် သွားလည်းတစ်ထွေ အရည်တစ်မျိုး ညီနံ့ဆိုးသည် အသိုးအပုပ်ချည်းပါတကား”။
ရဟန်းလောင်းရှင်လောင်းသည် ဤတစပဉ္စကမ္မဋ္ဌာန်းကို ခေါင်းရိတ်ဆံချနေစဉ်အတွင်း မျက်စိလေးဖွဖွမှိတ်ကာ ထပ်ခါထပ်ခါရွတ်ဆိုနေရပါတယ်။ သမထကမ္မဋ္ဌာန်း concentration meditation အမျိုးလေးဆယ်ထဲမှ တစ်မျိုးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်သည်လည်း ငါမဟုတ်ပုဂ္ဂိုလ်သတ္တဝါမဟုတ်။ ခရစ္စယာန်မွစ္စလင်ဟိန္ဒူဂျူးဗုဒ္ဓဘာသာမဟုတ် စက်ဆုပ်စရာအညှီနံ့ဖြင့်သာရှိနေသော ရုပ်ဝတ္တုတစ်ခုသာဖြစ်ပါတယ်။ မွေးညှင်းစသည်တို့သည်လည်း အလားတူ စက်ဆုပ်စရာအညှီနံ့ဖြင့်ရှိသင့်တဲ့နေရာမှာ ရှိနေသောရုပ်ဝတ္တုအစိတ်အပိုင်းများသာဖြစ်ပါတယ်။
ဆိုခဲ့သော “ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ”တို့သည် အမှန်ပင်စက်ဆုပ်စရာရွံစရာအလွန်ကောင်းပါတယ်။ ရှင်းလောင်းရဟန်းလောင်းဖြစ်သူက မယုံပါဘူးဆိုရင် လက်တွေ့စမ်းသပ်ကြည့်လို့ရတဲ့ သိပ္ပံနည်းကျကမ္မဋ္ဌာန်းတစ်ခုဖြစ်ပါတယ်။ ဒါကိုရွတ်ဆိုနေတဲ့အခါ ဘာသာရေးအလုပ်အဖြစ်ရွတ်ဆိုရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အမှန်တကယ်ရှိနေတဲ့တရားကို အမှန်အတိုင်းမြင်စေရန်သာ repeatedly ထပ်ခါခပ်ခါအဆက်မပြတ် စိတ်ဖြင့်ရွတ်ဖတ်နေရခြင်းဖြစ်ပါတယ်။ ဘာသာရေးနှင့်လုံးဝကိုမဆိုင်ပါဘူး။ လူတိုင်းနားလည်နိုင်သော ဓမ္မနှင့်သာဆိုင်ပါတယ်။
ရဟန်းလောင်းရှင်လောင်းဟာ ဆံချလို့မပြီးမချင်း အဆက်မပြတ် စိတ်ဖြင့်မြင်အောင်အာရုံပြုကာ ရွတ်ဆိုနေရပါတယ်။ နံဘေးကလူတွေကလည်း တောင်ရောက်မြောက်ရောက် စကားတများဖြင့်မနေရပါဘူး။ ရဟန်းလောင်းရှင်လောင်းနှင့်အတူ တစပဉ္စကကမ္မဋ္ဌာန်းကိုလိုက်၍ ရှုနိုင်ပွားနိုင်ရင် ပို၍အကျိုးများပါတယ်။ အဲဒီ”တစပဉ္စက”ကမ္မဋ္ဌာန်းဖြင့် ခေါင်းရိတ်ဆံချရင်း အရှိကိုအရှိအတိုင်းမြင်ကာ တရားရသွားတဲ့ ဖြစ်စဉ်တွေဗုဒ္ဓလက်ထက်ကတည်းကရှိခဲ့ပါတယ်။
အများသိနေတဲ့ဝတ္ထုဇာတ်လမ်းတစ်ခုကတော့ အရှင်နန္ဒပါပဲ။ အရှင်နန္ဒအလောင်း နန္ဒမင်းသားလေးဟာ အလွန်လှတဲ့မိန်းမချောလေးနဲ့လက်ထပ်ခါနီးမှာ မြတ်ဗုဒ္ဓကကျောင်းတော်ကိုခေါ်လို့ပါသွားရင်း မြတ်ဗုဒ္ဓကရဟန်းပြုပေးလိုက်တယ်။ သူ့စိတ်နဲ့သူ့ကိုယ်ဘယ်ဟုတ်တော့မှာလဲ။ ပျော်လည်းမပျော်ဘူး။ နောက်ဆုံးတော့ ဒီ”တစပဉ္စကကမ္မဋ္ဌာန်း”နဲ့ပဲ တရားမြင်ကာ ဆက်အားထုတ်လို့ တရားအထူးအသိအထူးရကာ သူ့ကောင်မလေးကိုစွန့်နိုင်သွားတယ်။ အခုလည်းအားထုတ်ရင် အဲဒီလိုဖြစ်စဉ်မျိုးဖြစ်နိုင်ပါတယ်။
ဒီမှာ ခေါင်းရိပ်ဆံချသော ပထမအဆင့်မှာပင် မည်သည့်လူမျိုးမည်သည့်နိုင်ငံသားဖြစ်စေ ရှင်လောင်းရဟန်းလောင်းရဲ့စိတ်ဓာတ်ဟာ တရားအရည်အသွေးဖြင့်ဘယ်လောက်အဆင့်မြင့်နေပြီလဲဆိုတာကြည့်နိုင်ပါတယ်။ ဘာသာရေးဆန်ဆန်အစွဲအလန်းတွေ ကိုယ့်ဘာသာကိုအထင်ကြီးစေကာ သူများဘာသာကိုပုတ်ခတ်စော်ကားတာတွေ ဘာတစ်ခုမျှမပါဘူး။
အပူဇော်ခံထိုက်တဲ့ သံဃာအရည်အသွေးရှိတဲ့ သာသနာ့ဘောင်ကိုဝင်တော့မယ်ဆိုတဲ့ရဟန်းလောင်းရှင်လောင်းရဲ့စိတ်အရည်အသွေးကိုက ဘယ်လောက်ကြည်ညိုစရာကောင်းနေပြီလဲ ဘယ်လောက်မြင့်နေပြီလည်း ခန့်မှန်းကြည့်လို့ရနေပါပြီ။ ဖြူစင်မြင့်မြတ်တဲ့သုပ္ပဋိပန္နစသောဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံသော သံဃာအဖွဲ့အစည်းရှိရာ သာသနာ့ဘောင်ဝင်မည့်သူရဲ့ စိတ်နေစိတ်ထားအရည်အသွေးဟာ အဲဒီလိုမြင့်နေရမှာပါ။
သင်္ကန်းဝတ်ကတည်းက အရည်အသွေးမီသော ဥပဇ္ဈာယ်ဆရာကောင်း အဆုံးအမကောင်းမရကြတဲ့အခါ သင်္ကန်းဝတ်တုန်းကလည်း မတော်မလျှော်အတွေးတွေနဲ့ဝတ်ကြ ဝတ်ပြီးပြန်တော့လည်း ဝိနည်းတွေကိုအလေးထားရမှန်းမသိဖြစ်ကုန်တတ်ပါတယ်။ သင်္ကန်းဝတ်ရှင်ပြုရဟန်းခံရတာတွေဟာ အများကြီးဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့်ပင် မြန်မာ့ရဟန်းသံဃာလောကဟာ ဖြစ်ချင်သလိုဖြစ်ပျက်ချင်သလိုပျက်နေသလို ဖြစ်လာနေတာဖြစ်ပါကြောင်း။ဒါကြောင့်ရဟန်းခံရှင်ပြုတော့မည့် ရှင်လောင်းရဟန်းလောင်းသည် အရည်အသွေးမီသော ဥပဇ္ဈာယ်ဆရာကောင်းကို အလျှင်ရှာဖွေအတည်ပြုဖို့လိုတယ်ဆိုတာကိုတော့ ဘယ်တော့မှမမေ့ပါနှင့်။
ဒေါက်တာဘွဲ့ရ PhD ဘွဲ့ရအရည်အသွေးကိုဆိုလိုသည်မဟုတ်။ ဤဘွဲ့များသည် အမှန်တကယ်စိတ်ဓာတ်ဖွံ့ဖြိုးရေး နိဗ္ဗာန်မဂ်ဖိုလ်ရရေးအတွက် သာသနာ့ဘောင်ရဟန်းသံဃာအဖွဲ့အစည်းအတွက် အရေးပါသောအရည်အသွေးများမဟုတ်ကြ။ ဘယ်လောက်ပင်ဘွဲ့တွေရပါစေ ဗုဒ္ဓပညတ်ထားသော ဥပဇ္ဈာယ်အရည်အသွေးမမီလို့မဆုံးမတတ်ဘူး ရဟန်းလောင်းရှင်သာမဏေကလည်း ဆုံးမသည့်အတိုင်း သဒ္ဓါပညာအားကောင်းကောင်းဖြင့်မလိုက်နာဘူးဆိုရင်တော့ သာသနာ့အရည်အသွေး ရဟန်းသံဃာအရည်အသွေးဟာ ဆုပ်ယုတ်ကျဆင်းဖို့ချည်းသာမှတ်ပေတော့။
တကယ့်ဗုဒ္ဓပညတ်သောအရည်အသွေးသည်ကား “ဆယ်ဝါပြည်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကနှင့်၊ နာမ်ရုပ်ပိုင်ပိုင်ဟောပြနိုင်၊ ကျောင်းထိုင်ငါးအင်္ဂါ”ဟူသော အရည်အသွေးရှိသော ထိုအရည်အသွေးနှင့်ကိုက်ညီသော ဥပဇ္ဈာယ်ဆရာကိုသာဆိုလိုသည်။ ဤကဲ့သို့သောဗုဒ္ဓသပ်မှတ်ပေးထားသည့် ဥပဇ္ဈာယ်ဆရာ အရည်အသွေးမျိုးတွေ့ရှိက မည်သည့်နိုင်ငံတွင်မဆို ရဟန်းခံရှင်ပြုလုပ်နိုင်ပါကြောင်း။
ဆက်ရေးပါဦးမည်။