ရဟန်းဘဝအရသာနှင့်ရဟန်းတို့လုပ်ရမည့်အလုပ်

ရဟန်းဘဝအရသာနှင့်ရဟန်းတို့လုပ်ရမည့်အလုပ်
(မွေးနေ့တွင်အလုပ်ရှုပ်မည်ဖြစ်၍ ကြိုတင်ရေးသားဝေမျှခြင်းတည်း)။

အေးချမ်းသောဓာတ်သဘာဝကိုခံစားချင်၍ ရဟန်းအဖြစ်ကိုခံယူခဲ့၏။ ထို့ကြောင့် ရဟန်းဖြစ်စထိုခဏကတည်းပင် လောကီကိစ္စအဝဝကိုစွန့် ရွှေငွေအလှူမခံ ကိုယ်ခြေသလုံးမြင်းခေါင်းကိုယ်အားကိုး သမ္မာအာဇီဝကျကျ သဒ္ဓါတရားထက်သန်သော ဒကာဒကာမများထံမှ ကိုယ့်ဆွမ်းကိုယ်ခံစားရင်း ပရိယတ်ပဋိပတ် သာသနာ့တာဝန်ကို ဖြူစင်မှန်ကန်စွာ ထမ်းဆောင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိလာခဲ့ပေပြီ။

မိမိသည် တက္ကသိုလ်ကျောင်းပြီးမှ တရားစခန်းဝင်ကာ (၆)လခန့် မဟာစည်နည်းအတိုင်း လူဘဝဖြင့် စိတ်ဝင်တစားအားထုတ်ခဲ့ပြီးမှ ရဟန်းဘောင်တက်ချင်စိတ်ဖြစ်လာသောကြောင့် ရဟန်းအဖြစ်ခံယူခဲ့ခြင်းဖြစ်၍ ရဟန်းသိက္ခာတော်နှင့် သက်တော်မှာ (၄) နှစ်ခန့်ကွာခြားနေခြင်းဖြစ်ပေ၏။ အမှန်ဆိုရသော် မိမိ၌ရဟန်းအဖြစ်ခံယူမည်ဟူသော စိတ်ကူးအိပ်မက်ဘယ်တုံးကမျှမရှိခဲ့ဘူးပေ။ (၆)လကြာသတိပဋ္ဌာန်ဝိပဿနာအားထုတ်မှုသည် မိမိဘဝအတွက်ကြီးစွာသောအပြောင်းအလဲကို ဖြစ်စေခဲ့ပေ၏။ မိမိရဟန်းခံပြီးနောက် ပရိယတ္တိစာပေကိုသင်ယူမှဖြစ်မည်ဟု အခိုင်အမာဖြစ်ပေါ်လာကာ မိမိ၏ဥပစ္ဈာယ်ဆရာတော်အား ပူဆာရာမှ မဟာဂန္ဓာရုံကျောင်းတိုက်သို့ရောက်လာခဲ့ပေ၏။

ထိုစဉ်က ဆရာတော်ကြီးအရှင်ဆန္ဒောဘာသက “ဒီကိုယ်တော်ကြီး ကြီးပြီလက်ခံလို့မဖြစ်ဘူး”ဟု ငြင်းပယ်တော်မူ၏။ ထိုစဉ်က ဥူးပဉ္ဇင်းဆိုလျှင်လက်မခံ ကိုရင်ကြီးလျှင်ပင်လက်မခံသေးသောခေတ်ဖြစ်ပေ၏။ ကိုရင်ငယ်ဘဝဖြင့်လာရောက်အပ်နှံသော ကလေးများကိုကား ဖိုးသူတော်အသွင်သို့ ပြောင်းပေးလေ့ရှိ၏။ အသက်ကြီးလျှင်အဆုံးမခက်သောကြောင်းတည်း။ the younger the better ဟူသောဆိုးရိုးအတိုင်းသာဖြစ်ပေ၏။

သို့သော် ဆရာတော်ဥူးကုဏ္ဍလာဘိဝံသ ဆရာတော်ဥူးဣန္ဒောဘာသာဘိဝံသ ဆရာတော်ဥူးမဟိန္ဒတို့သည်ကား အရွယ်မတိမ်းမယိမ်းစိတ်တူကိုယ်တူရှိတော်မူကြည်ပေ၏။ သူတို့သုံးပါးအား မိမိမဟာဂန္ဓာရုံသို့လာရောက်အပ်နှံစဉ်က တောင်ကျောင်းကြီးအပေါ်ထပ်တွင် အတူတကွတွေ့မြင်ခဲ့ရပေ၏။ အားလုံးက ၅၀ ပတ်ဝန်းကျင်အရွယ်များတည်း။ ဆရာတော်ကြီးဥူးကုဏ္ဍလက “ဆရာတော်လက်မခံလည်း ကိုယ်တော်ပညာတတ်ပဲ တပည့်တော်တို့လက်ခံမှာပါ”ဟု ပြောဆိုလက်ခံကာ တိုက်သစ်ကျောင်းဘုန်းကြီး နယ်လှည့်ဓမ္မကထိက ဥူးဉာဏဝံသထံသို့အပ်လိုက်ပေ၏။ ဤကားလွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က မဟာဂန္ဓာရုံ၌ မိမိဘဝအစတည်း။

ထိုအချိန်မှစ၍ ယခုအချိန်အထိ မဟာဂန္ဓာရုံဆရာတော်ကြီးနှင့် ဆရာတော်အဆက်ဆက်၏ အဆုံးအမသြဝါဒများအတိုင်း ပရိယတ်ပဋိပတ်တွဲကာ စနစ်တကျနေထိုင်ကျင့်သုံးခဲ့ပေ၏။ မိမိသည်မဟာဂန္ဓာရုံအသွေးအသားအစစ်ဖြစ်ပေ၏။ မည်သည့်ကျောင်းတိုက်နှင့်မျှအရောအနှောမရှိခဲ့ပေ။ ဤသို့ဖြစ်အောင်လည်း မိမိလေးစားကြည်ညိုသော ဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း ပရိယတ်ပဋိပတ်တွဲကာ စနစ်တကျနေထိုင်၏။ ထိုသို့နေထိုင်တတ်အောင် မိမိအားသင်ပြပေးခဲ့ကြသော ဆရာသမားများကိုလည်း ကျေးဇူးတင်၍မဆုံးပင်ဖြစ်ရပေ၏။

လာမည့်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဆိုလျှင် မိမိ၏ ၅၄ နှစ်မြောက်မွေးနေ့သို့ပင်ရောက်လာခဲ့ပေပြီ။ အရွယ်သည် ဇရာအဆင့်သို့တဆင့်တဆင့်တက်လှမ်းလာနေသော်လည်း ကျန်းမာနေဆဲဖြစ်၍ ကျေနပ်ပီတိဖြစ်ရပေသေး၏။ ပြည်တွင်း၌သာမက ပြည်ပအထိပင် လူသားများကောင်းကျိုးချမ်းသာဖြစ်ရေးကို ဗုဒ္ဓဓမ္မနှင့်အညီ စွမ်းဆောင်ပေးနိုင်နေပြီဖြစ်၍ ပို၍ကျန်းမာအောင် အထူးသဖြင့်တစ်ထပ်သောဆွမ်စား မတည့်သောအစာများရှောင်ကျဉ်ကာ နေထိုင်လျှက် တရားထိုင်ခြင်းအလေ့အထဖြင့်ရှင်သန်ကာ လူသားအားလုံးအတွက် ထိုထက်ပို၍ အလုပ်လုပ်ချင်စိတ်ဖြစ်နေဆဲတည်း။

ထိုနှစ်ပေါင်း ၃၀ လောက် အတွင်းတွင် —-

(၁)။ မိမိကိုယ်မိမိပရိယတ်ပဋိပတ်ကို ဖြူစင်စွာကျင့်ကြံအားထုတ်နိုင်ခြင်း။ မိမိတို့မိခင်မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၌ ပရိယတ်ပဋိပတ်သာသနာ့တာဝန်ထမ်းဆောင်နေကြသော သံဃာတော်တစ်ထောင်ကျော်အား နှစ်စဉ်ရာသက်ပန်ဆွမ်းကပ်ရက်ယူလျှက် မိမိ၏မွေးနေ့ရောက်တိုင်း ဆွမ်းကပ်နိုင်ခဲ့သည်မှာလည်း ၁၆ နှစ်ကျော်ပင်ရှိလာခြင်း။

(၂)။ ထိုသို့အားထုတ်နေချိန်မှာပင် မိမိသည်တပည့်မွေးမြူခြင်းမဟုတ်သည့်တိုင်အောင် ပြည်တွင်းပြည်ပ၌ လက်ထောက်ပြနိုင်လောက်အောင်ရဟန်းတပည့်လူတပည့်များ Dr ဘွဲ့ PhD များဖြင့်သက်ဆိုင်ရာတာဝန်များကိုထမ်းဆောင်နေနိုင်ကြလောက်အောင် မွေးထုတ်ထားနိုင်ခဲ့ခြင်း။ ဤမဟာဂန္ဓာရုံကျောင်းတိုက်၌ပင် မိမိထံစာပေလေ့လာသင်ယူကြရင်း အလုပ်ဖြစ်လောက်အောင် တတ်ကျွမ်းလာသောတပည့်များထွက်ပေါ်လာခြင်း။

(၃)။ ထိုနှစ်ပေါင်း ၃၀ အတွင်းတွင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ဆန္ဒတော်ကိုဖြည့်ဆည်းလိုစိတ်ပြင်းပြလျှက် “သစ္စာမြိုင်တောရ”ဟူသောအမည်ဖြင့် ၁၆ နှစ် ၁၆ ဝါတိတိ ဧကစာရီတောရမှီလျှက်ဝါဆိုကျင့်သုံးနိုင်ခဲ့ခြင်း။ ထိုသို့တောရဆောက်တည်ကျင့်သုံးနေစဉ်မှာပင် တပည့်ဒကာများအား “နှစ်ကူးလျှင်တရားနှင့်ကူးကြ သီးတင်းကျွတ်လျှင်တရားနှင့်ကျွတ်ကြ”ဟုဝါဒပေးကာ မြန်မာ့နှစ်သစ်ကူးတစ်ကြိမ် သီတင်းကျွတ်တစ်ကြိမ် သတိပဋ္ဌာန်အခြေခံသော ဝိပဿနာတရားအားထုတ်နည်းကို နိုင်ငံတကာပုံစံအဆင့်မီ ထေရဝါဒနှင့်အညီသိပ္ပံနည်းကျအားထုတ်တတ်အောင် သင်ပြပေးနိုင်ခြင်း။

(၄)။ ၂၀၁၄ မှစ၍ ဥရောပဒေသ စပိန်အီတလီ (တစ်လခွဲခန့် ) ၂၀၁၆ တရုတ်ပြည်ပီကင်းမြို့တော် (နှစ်ပတ်ခန့်) ၂၀၁၇ ကမ္ဗောဒီးယား ဖနောင်ပင် အန်ကော (တစ်လကျော်ခန့်) ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စင်္ကာပူ (နှစ်ပတ်ခန့်) စသောပြည်ပတိုင်းပြည်များအထိ သတိပဋ္ဌာန်အခြေခံသောဝိပဿနာအကျင့်ကို သိပ္ပံနည်းကျ ခေတ်မီစွာသင်ပြပေးနိုင်ခဲ့ခြင်း။ တက်ရောက်လေ့လာသင်ယူအားထုတ်ခဲ့ကြသော ဒေခံပြည်သူများမှာလည်း ကျေနပ်အားရမှုရှိကြခြင်း။

(၅)။ အောက်ပါတရားစာအုပ်များကိုလည်း နိုင်ငံတကာမှဗုဒ္ဓဘာသာလေ့လာလိုသူတို့၏ တိုက်တွန်းတောင်းဆိုမှုဖြင့် ဗုဒ္ဓဓမ္မကိုနိုင်ငံတကာအဆင့်မီ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း။
(1). How meditation can help
(2). Buddhist Thoughts in world situations
(3). Social guides of Buddhism
(4). Buddhist philosophy on married life
(5). Buddhism and democracy
(6). They and I my Dhamma trip to Europe
(7). Buddhism as a remedy
(8). Human being, judgment and Vipassanā
(9). Science encountered mindfulness of Buddhism

(၁၀)။ လွယ်ကူသက်သာ English Grammar
(၁၁)။ ချမ်းသာစွာနေထိုင်နည်း
(၁၂)။ နေ့စဉ်ဘဝနှင့်ယောဂီအဓိပ္ပါယ်
(၁၃)။ ဝိပဿနာလက်ဆောင်
(၁၄)။ ရှေးရိုးကျင့်စဉ်နှင့်ခေတ်သစ်အတွေးအခေါ်

စသောမြန်မာစာအုပ်များကိုလည်း ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း။ စသည်တို့ကိုပြန်လည်သုံးသပ်ကြည့်မိသည်ရှိသော် မိမိသည်ရဟန်းဝါ (၃၀) လောက်အတွင်း သက်တော် ၅၄ နှစ်မြောက်မွေးနေ့တိုင်အောင် ဘဝကိုအတ္တပရမျှတစွာ ကျင့်သုံးနိုင်ခဲ့ခြင်း “Actions speak louder than words.” “Let me live unknown and unlamented.” ဟူသော မိမိနှစ်သက်သဘောကျသည့် စံနမူနာကောင်းဘဝပုံစံကောင်းများဖြင့် ဗုဒ္ဓဓမ္မနှင့်အညီနေထိုင်ကျင့်သုံးနိုင်ခဲ့၍ ကျေနပ်ပီတိဖြစ်မိပါကြောင်း။ ချစ်သောတပည့်ဒါယကာများသာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန် ၅၄ နှစ်ပြည့်မွေးနေ့မတေိုင်ခင် ၃ ရက်ခန့်အလို၌ ဝေမျှလိုက်ရပေ၏။

သင်တို့၏ဆရာတော်အတွက် သင်တို့ ကိုယ်တိုင်ကြည်နူးဝမ်းမြောက်နိုင်ကြပါစေ။ အကုသိုလ်ပယ် ကုသိုလ်ကြွယ်၍ စိတ်ကိုလည်း ဖြူအောင်ထားနိုင်ကြပါစေ။ မိမိသည်ကား စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးကဲ့သို့ နောက်ဆုံးထွက်သက်တိုင်အောင်ဆွမ်းခံစားလျှက် ရဟန်းဘဝကိုပို၍ဖြူသည်ထက်ဖြူအောင် အရှုပ်ကင်းအောင်နေထိုင်ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။ ထေရဝါဒအခြေခံ သတိပဋ္ဌာန်ဝိပဿနာအကျင့်ကိုလည်း နိုင်ငံတကာသို့ပြန့်ပွားအောင် ရိုးသားစွာ professional international Buddhist monk တစ်ပါးအဖြစ် အမြဲတမ်းအရည်အသွေးမြှင့်တင်လျှက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပါကြောင်း အဓိဋ္ဌာန်ပြုလိုက်ရပေ၏။

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနှံ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကြိုးနပ်ပါစေ။

ရိုးသားစွာဖြင့်
ကမ္ဘာကြီး၏မည်သည့်နေရာရောက်နေနေသင်တို့ကို အမြဲထာဝရမေတ္တာထားနေမည့်ဆရာတော်
အရှင်ကေလာသ(မဟာဂန္ဓာရုံ)

တရားအားထုတ်ခြင်းနှင့် ရရှိနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း (၄)

အပိုင်း(၃) ဖတ်လိုလျှင် အပိုင်း(၃) ကိုနှိပ်ပါ။
အပိုင်း(၃)မှာ မိမိ၏မိခင်ကျောင်းတိုက်ကြီးဖြစ်သော မဟာဂန္ဓာရုံကျောင်းတိုင်၌ စာသင်သား ဘဝအရှင်ကေလာသငယ်အဖြစ်နှင့် ပရိယတ်ပဋိပတ်တာဝန်နှစ်ရပ်ကို ထမ်းဆောင်နေစဉ် သူများတွေ အာရုံဆွမ်းစားနေတဲ့ အချိန်မှာ “အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ”။ အစရှိတဲ့ ဝါကျလေးများကို ရွတ်ဆိုလျက် ဆွမ်းနှင့်ပတ်သက်သော ဓုတင်ငါးမျိုးကိုဆောက်တည်ပါတယ်။
အတိရေကလာဘံ – ဆွမ်းခံစားခြင်းမှ အပိုအလွန်ဖြစ်သော လာဘ်ကို ပဋိက္ခိပါမိ – ပယ်ပါ၏။ ပိဏ္ဍပါတိကင်္ဂံ – ဆွမ်းခံစားခြင်း အလေ့အထရှိကြသော အရှင်မဟာကဿပစသား ထေရဝါဒ အရှင်ကောင်း အရှင်မြတ်များ၏ အကြောင်းအင်္ဂါ သမာဒါစေတနာကို၊ သမာဒိယာမိ – ကောင်းစွာမကျိုးမပြောက် မပေါက်မကြားအောင် ဆောက်တည်ကျင့်သုံးပါ၏။ Continue reading “တရားအားထုတ်ခြင်းနှင့် ရရှိနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း (၄)”

တရားထိုင်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ-အပိုင်း (၃)

အပိုင်း(၂) ဖတ်လိုလျှင် အပိုင်း(၂) ကိုနှိပ်ပါ။
အပိုင်း(၂)တွင် တရားအားထုတ်ရာ၌ အတွေ့အကြုံရှိထားပြီးသောဆရာကောင်း သို့မဟုတ် လက်တွေ့အားထုတ်ခြင်း၌ အတွေ့အကြုံရှိထားပြီးသော သူငယ်ခြင်းမိတ်ဆွေကောင်း အရေးကြီးပုံ မာနသည် တရားအားထုတ်နေသော ယောဂီအတွက်အလွန်အန္တရာယ်များသော စိတ်အညစ်အကြေး တစ်ခု ဖြစ်ပုံတို့ကို ပြောခဲ့၏။
ဤနေရာ၌ယောဂီများသတိထားသင့်သည်မှာ မာနမရှိရဟုပြောနေခြင်းမဟုတ်ပေ။ မာနကြီးသူကို အပြစ်တင်နေခြင်းလည်းမဟုတ်ပေ။ သို့သော်မာနသည် တရားအားထုတ်ရာ၌ကား အသုံးမတည့်သော စိတ်အညစ်အကြေးတစ်ခု ဖြစ်ကြောင်းကိုသာ ပြောနေခြင်းဖြစ်ပေ၏။ လောကီကိစ္စများ၌ မာနသည် အားအင်တစ်ခုဖြစ်ကောင်းဖြစ်မည်။ မိမိဘဝအတွက်လိုကောင်းလိုမည်။ Continue reading “တရားထိုင်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ-အပိုင်း (၃)”

တရားအားထုတ်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ၊ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း(၂)

အပိုင်း(၁) ဖတ်လိုလျှင် အပိုင်း(၁) ကိုနှိပ်ပါ။
အပိုင်း(၁)၌ စိတ်ကိုမိမိလိုသလိုရှုမှတ်၍ ဆုံးမနိုင်ခြင်း၊ စိတ်၏အလိုကိုမလိုက်ဘဲ မိမိလိုသလို ထားနိုင်ခြင်းကို ဘဝနေထိုင်နည်းအတတ်ပညာ အဆင့်တစ်ခုအထိတော့ရောက်ပြီဟု မိမိရေးသားခဲ့ပေ၏။ ဤအဆင့်သို့ရောက်ရှိစေရန် မိမိစိတ်၏မာယာပရိယာယ်များမှု၊ မိမိလိုသလိုမလိုက်ဘဲ လောဘဒေါသမောဟ ဟူသော အညစ်အကြေးများနှင့်ပါင်းစီးကာ မိမိအားလိမ္မာပါးနပ်စွာ လိမ်ညာလှည့်ဖြားမှု၊ အလွန်အပြောင်းအလဲ မြန်ဆန်မှု၊ မိမိကအကောင်းဆုံးများကို စပါယ်ရှယ်လုပ်မည်ဟု ဆုံးဖြတ်လုပ်ကိုင်ရာ၌ မိမိအား ဟိုဟာအကြောင်း ပြ ဒီဟာအကြောင်းပြနှင့် မလုပ်ဖြစ်တော့အောင် ပါးနပ်စွာ လှည့်ဖြားတတ်မှု၊ ငါစိတ်ငါပင် နိုင်နင်းရန် အလွန် ခက်ခဲပါလား၊ ငါ့စိတ်သည်ပင် အခုပင်အရိယာကြီးဖြစ်ချင်လိုက် တော်ကြာဖြစ်ချင်တာတွေနှင့် တလွဲ တချော် လျှောက်လုပ်လိုက် အတော်ယုံကြည်ရခက်ပါလားဟု ဖြူစင်ရိုးသားသော စိတ်ရင်းဖြင့် လက်ခံနိုင် ရပေလိမ့်မည်။ Continue reading “တရားအားထုတ်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ၊ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း(၂)”

တရားအားထုတ်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း(၁)

မိမိသည်နံနက်သုံးနာရီထ၍ တရားအားထုတ်ရသော အကျင့်ကို ၂၁နှစ်သားအရွယ်ကတည်းက စတင်ကျင့်သုံးခဲ့၏။ အဘယ်ကြောင့်ကျင့်သုံးသနည်းဟုဆိုသော် မိမိသည်၂၁နှစ်သားအရွယ်ကပင် မိမိ၏ ဖခင်ကြီးကောင်းမှုဖြင့် မဟာစည်ရိပ်သာ တရားစခန်းသို့ရောက်ခဲ့၏။ သုံးနာရီထ၍အားထုတ်ရသောအကျင့် သည် အစ၌ကားလွယ်ကူခဲ့သည်မဟုတ်ပေ။ တစ်ပါတ်နှစ်ပါတ်ကြာ၍ သမာဓိရလာသောအခါ၌ကား စောစောထ၍ တရားအားထုတ်ရခြင်းသည် စိတ်ကြည်လင်မှု တိတ်ဆိတ်မှု တရားထိုင်၍ရှုရာ၌ကြာကြာထိုင်၍ စိတ်အလိုအတိုင်း ပြီးမြောက်အောင် ရှုနိုင်မှုစသော ကောင်းကျိုးများ တစ်သီတစ်တန်းကြီး ရနေသည်ကို ကိုယ်တွေ့ ခံစားသိရှိလာရပေတော့၏။ Continue reading “တရားအားထုတ်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း(၁)”