မိမိသည်နံနက်သုံးနာရီထ၍ တရားအားထုတ်ရသော အကျင့်ကို ၂၁နှစ်သားအရွယ်ကတည်းက စတင်ကျင့်သုံးခဲ့၏။ အဘယ်ကြောင့်ကျင့်သုံးသနည်းဟုဆိုသော် မိမိသည်၂၁နှစ်သားအရွယ်ကပင် မိမိ၏ ဖခင်ကြီးကောင်းမှုဖြင့် မဟာစည်ရိပ်သာ တရားစခန်းသို့ရောက်ခဲ့၏။ သုံးနာရီထ၍အားထုတ်ရသောအကျင့် သည် အစ၌ကားလွယ်ကူခဲ့သည်မဟုတ်ပေ။ တစ်ပါတ်နှစ်ပါတ်ကြာ၍ သမာဓိရလာသောအခါ၌ကား စောစောထ၍ တရားအားထုတ်ရခြင်းသည် စိတ်ကြည်လင်မှု တိတ်ဆိတ်မှု တရားထိုင်၍ရှုရာ၌ကြာကြာထိုင်၍ စိတ်အလိုအတိုင်း ပြီးမြောက်အောင် ရှုနိုင်မှုစသော ကောင်းကျိုးများ တစ်သီတစ်တန်းကြီး ရနေသည်ကို ကိုယ်တွေ့ ခံစားသိရှိလာရပေတော့၏။
ထို့ကြောင့်ပင်ထိုသုံးနာရီထ၍ တရားအားထုတ်ရခြင်းအလေ့အထကောင်းကို တရားစခန်းမှ ထွက်လာ ခဲ့စဉ်ကတည်းက မစွန့်လွှတ်ဘဲ လက်တွေ့ကျင့်သုံးနေခြင်း ဖြစ်ပေ၏။ ယခုအခါ၌ကား ထိုသို့မနက်သုံးနာရီ အိပ်ယာထခြင်း တရားအားထုတ်ခြင်း စသည်တို့မှ ရရှိလာသော ကောင်းကျိုးများသည်ကား အလွန်တန်ဖိုး ရှိလှသည်ကို ကိုယ်တွေ့ဖြစ်လေတော့၏။
နောက်ထပ်တစ်ကြိမ်ထပ်၍ တရားစန်းဝင်သောကာလသည်ကား မိမိတက္ကသိုလ်ကျောင်းပြီးသော ကာလဖြစ်ပေ၏။ မိမိအသက်နှစ်ဆယ့်သုံးနှစ်သို့ပင် ရောက်လာခဲ့ပေပြီ။ ထိုတစ်ကြိမ်၌ကား ယုံကြည်မှု အပြည့်ဖြင့် စိတ်ကြိုက်အားထုတ်ကြည့်မည်ဟု စိတ်ကူးထားပေ၏။ စိတ်သာကူးထားခြင်းဖြစ်ပေ၏။ မဆုံးဖြတ်ရဲပေ။ မိမိ၏စိတ်ရူးကို မိမိမယုံသောကြောင့်တည်း။ တရားအလုပ်ကိုလုပ်တော့မည်ဆိုက မိမိစိတ်ကို ပင်မိမိရိုးသားစွာ မယုံမရဲဖြစ်လာသည်ကို တွေ့ရပေ၏။ ဤသည်ကားမိမိတရားအားထုတ်ခြင်းမှ လေ့လာ သိရှိခဲ့သော ပထမဆုံးသင်ခန်းစာဖြစ်ပေ၏။ တကယ်တော့မိမိ၏စိတ်သည်ပင် စိတ်ချရသော ယုံကြည်ရသော အရာမဟုတ်သည်ကို တရားအားထုတ်ကြည့်မှသာ သိနိုင်ပေ၏။
ထို့ကြောင့်တစ်ခုခုဖြစ်ပြီဆိုက သူများချည်းအပြစ်မတင်သင့်ပေ။ မိမိလည်းထိုတစ်ခုခုဖြစ်သောအထဲ၌ တစ်စိတ်တစ်ပိုင်းပါနေသည်ကို ရိုးသားစွာဝင်ခံမှတ်ယူသင့်ပေ၏။ ထို့နောက်အတူပူးပေါင်း၍ အဖြေတစ်ခုကို ထုတ်နိုင်အောင် ကြိုးစားရမည်။ ရှိပြီးသားမိတ်ဆွေစိတ်ကိုလည်း မပျက်စီးစေရန် အလွန်အရေးကြီး၏။ ရန်သူ စိတ်ကိုကား လုံးဝမဖြစ်စေသင့်ပေ။ ဗုဒ္ဓတရားတော်အရဆိုသော် ဤသူကိုယခုမတွေ့လိုမမြင်လို၍ အခြားဖက် လှည့်နေ၍ ရနိုင်သော်လည်း နောင်သံသရာ၌ကား တွေ့နေနိုင်ပြန်သေးသည်ကို အထူးသတိချပ်သင့်ပေ၏။
မိမိနှင့်တစ်ခုခုဖြစ်နေသောသူက မိမိအပေါ်၌တရားနည်းပါး၍ အမျက်ဒေါသထွက်နေသည်ဆိုဦးတော့ မိမိကတော့ ဖြူစင်သောမေတ္တာကို ထာဝရထားနိုင်အောင် ကြိုးစားရန်အလွန်လိုအပ်ပေ၏။ ထိုဖြူစင်သော မေတ္တာတံခါးကိုသာ အမြဲဖွင့်လှစ်ထားသင့်ပေ၏။ အမြဲတမ်းကောင်းကျိုးလိုလားသော စိတ်ကိုသာ မွေးသင့်ပေ၏။ ထိုမိမိနှင့်တစ်ခုခုဖြစ်ထားသော သူနှင့်တွေ့ဆုံမိသောအခါ ပြုံးနိုင်အောင်သာကြိုးစားရမည်။ မုန်းနိုင်အောင်ဘယ်သောအခါမှမကြိုးစားသင့်ပေ။
သို့မှသာသံသရာအတွက်လည်း စိတ်အေးရပေလိမ့်မည်။ သို့မှသာငြိမ်းချမ်းမှုအစစ်ကိုရပေလိမ့်မည်။ သို့မှသာ ဖြေရှင်းနည်း အမှန်ဆုံးဖြစ်ပေလိမ့်မည်။ ဤသည်ကား ပညာတတ်တို့၏ တွေးပုံခေါ်ပုံတည်း။ ဗုဒ္ဓတရားတော်အရ ပြဿနာကိုအဖြေထုတ်ရန် စဉ်းစားပုံစဉ်းစားနည်းတည်း။ သေချာသည်မှာ တရား အားထုတ်မှုများလာရာ၌ မိမိသည်သူတစ်ပါးကို ယုံခြင်းမယုံခြင်းဆိုသည်ထက် မိမိစိတ်ကိုပင် မိမိယုံကြည်ရန် မလွယ်ကူသည်ကို သဘောပေါက်လာသည်ကား အမှန်ဖြစ်ပေ၏။
မိမိအနေဖြင့်တရားအားထုတ်၍ ရလာသောသင်္ခန်းစာကိုဆိုရသော် အရင်ကတော့ “ငါလုပ်ရင် ဖြစ်ရမယ်။ ငါ့ကိုယ်ငါမှမယုံရင် ငါဘယ်သူ့ကိုသွားယုံမှာလည်း။ ငါ့ကိုယ်ငါမှမယုံဘူးဆိုရင် ငါလူဖျင်းကြီးပေါ့” စသည်ဖြင့် တငါတည်းငါလျက် မာနတက်နေသည်ကို လုံးဝနားမလည်ခဲ့ပေ။ မာနတက်လို့တက်နေမှန်းမသိတဲ့ မောဟတရားကိုလည်း မောဟတရားမှန်းမသိပေ။ အလွန်တရားဝေး၏ဟု ဆိုနိုင်ပေ၏။ တစ်ပတ်နှစ်ပါတ်ခန့် တရားအားထုတ်မိလာသောအခါ မိမိ၏တရားအပေါ် ရိုးရာအသိမျှဖြစ်သော အဆင့်အတန်းကြောင့် တရား အားထုတ်ရသည်ကို နက်ရှိုင်းမှုထက် ပျင်းစိတ်တို့သည် အားကောင်းမောင်းသန် ထကြွသောင်းကျန်း လာတတ်ကြလေကုန်၏။
ထို့အချိန်မျိုး၌ မိမိအားအနီးကပ်လမ်းညွှန်ဆုံးမပဲ့ပြင်ပေးမည့် အမှန်တကယ်အားထုတ်ထားသော ဆရာသမားဖြစ်စေ အားထုတ်ဖေါ်အားထုတ်ဖက် ကလျာဏမိတ္တဖြစ်စေ အလွန်လိုအပ်လာလေတော့၏။ သို့မဟုတ်က မိမိ၏ပျင်းရိငြီးငွေ့စိတ်က မိမိအားအချိန်တိုင်း ခြိမ်းခြောက်နေတာကိုခံရ၍ အိမ်ပြန်ပြေးချင်စိတ် သူငယ်ချင်းများနှင့် စကားပြောချင်စိတ် လည်ချင်ပတ်ချင်စိတ်တို့ ဖိစီးကာ အိမ်ပြန်ဖို့ကိုသာ အချိန်တိုင်း စဉ်းစားနေလေတော့၏။
မိမိကဟိတ်ကြီးဟန်ကြီးလေကြီးကြီးဖြင့် တရားပြပေးတဲ့ဆရာသမားကို တစ်လလောက်တော့ အားထုတ်ပစ်မယ် စသည်ဖြင့် ပြောဆိုလိုက်မိက အလွန်အခက်တွေ့သွားနိုင်ပေ၏။ ထိုအခါမျိုးကြမှသာ “ဪ– ငါ့စိတ်ကိုငါယုံလို့မရပါလား”ရယ်လို့ စတင်သဘောပေါက်လာပေလိမ့်မည်။ တရားထိုင်သည်ဆိုခြင်းမှာ စိတ်ကိုလေ့လာနေခြင်းဖြစ်၏။ မိမိအားထုတ်နေစဉ်က မိမိ၏စိတ်ကို “ငါ့စိတ်ဟာ မမြဲပါလား။ အပြောင်းအလဲ အလွန်မြန်ဆန်ပါလား။ ယုံဖို့ရန်ပင်အလွန်ခက်ခဲပါလား”ဟု တစ်ချက်သေချာနားလည်မိတိုင်း နားလည်မိတိုင်း ပြုံးမိပေ၏။ အံ့သြမိ၏။ ထူးဆန်းသည်ဟုခံစားမိ၏။
ဤစိတ်ကိုမိမိလိုသလို ထားနိုင်ခြင်းသည်ကား ကမ္မဋ္ဌာန်းပေါက်မြောက်ခြင်းတည်း တရားနှင့် နေထိုင်တတ်လာခြင်းတည်း။ စိတ်၏အလိုကိုမလိုက်ဘဲ စိတ်ကိုဉာဏ်ဖြင့်ရှု၍ရှု၍ ဆုံးမလာနိုင်သောအခါ မိမိ သည်စိတ်ချမ်းသာစွာ နေထိုင်နည်းအတတ်ပညာကို အထိုက်အလျှောက် အဆင့်တစ်ခုတော့ ရောက်ပြီ ဟုမှတ်ရမည်။ ထိုအခါမျိုး၌မိမိ၏ကျန်းမာရေးပင် ပျက်စီးရန်အလွန်အခွင့်အလမ်းနည်းပါးပေ၏။ စိတ်ချမ်းသာမှု ပိုများလာတတ်ပေ၏။ အဘယ်ကြောင့်ဆိုသော် စိတ်နောက်မလိုက်ဘဲ မိမိလိုသလိုစိတ်ကို ရှုမှတ်ဆုံးမ နိုင်လာသောကြောင့်တည်း။
(ဆက်ရေးပါဦးမည်။ စောင့်ဖတ်ကြပါ။ လက်ရှိတကယ်အားထုတ်နေသော ဝိပဿနာယောဂီများအား ရည်ရွယ်၍ရေးသားခြင်းဖြစ်ပေ၏။ အောင်မြင်ကြပါစေသော်။)