လူကြီးဆိုတာ လူငယ်တွေအတွက် အသက်ရှင်ပေးနေကြရတယ်။ လူငယ်တွေအတွက်အလုပ်လုပ်ပေးနေကြရတယ်။ လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြလုပ်ပေးနေကြရတယ်လေ။ လူကြီးဆိုတာ အမှားတွေကိုလည်းတွေ့ကြုံခဲ့ကြပြီ။ ကျော်ဖြတ်ခဲ့ကြပြီ။ မင်းဟာအမှားတွေကိုလုပ်ခဲ့တဲ့သူပဲလို့ မစွပ်စွဲနေကြဘဲ သူ့စိတ်ကိုပြင်ဆင်ခွင့်ပေးကာ သဘောထားကြီးကြရမှာက လူကြီးတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ။
teenage တွေက ၁၃ နှစ်အောက် ကလေးတွေအတွက် လူကြီးတွေဖြစ်တယ်။ ၂၀ ကနေ ၃၀ အထိတွေက သူတို့အောက်က teenage တွေအတွက် လူကြီးတွေဖြစ်တယ်။ ဒီလိုဆင့်ကဲဆင့်ကဲ လူ့လောကထဲက သက်ဆိုင်ရာတာဝန်တွေကို ပညာရေးအရဖြစ်စေ လူမှုရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဘာသာရေးအရဖြစ်စေ လွှဲပြောင်းထမ်းဆောင်နေကြရပါတယ်။
ငါပဲဒီနေရာကိုလုပ်မယ်လို့ အတ္တကြီးမနေသင့်ပါဘူး။ ငါမလုပ်လို့မဖြစ်ဘူးဆိုပြီး အတင်းနေရာယူထားကာ စည်းမဲ့ကမ်းမဲ့ဖရိုဖရဲ ဖြစ်ချင်ရာဖြစ်မယ့် အခြေအနေမျိုးကိုလည်း လူငယ်မျိုးဆက်တွေလက်ထဲကိုထည့်မပေးသင့်ပါဘူး။ စည်းနဲ့ကမ်းနဲ့ (လူကြီးလုပ်သူတွေ အတ္တကြီးစွာလိုလားနေတဲ့ စည်းနဲ့ကမ်းနဲ့မျိုးမဟုတ်စေဘဲ) လူငယ်တွေကိုပါဝင်စေလျက် သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ လုပ်ရည်ကိုင်ရည်ကို အခြေခံတဲ့ ခေတ်အခါနဲ့ညီညွတ်တဲ့ စည်းကမ်းဥပဒေ လမ်းညွှန်ချက်မျိုး ဖြစ်သင့်ပါတယ်။
လူငယ်တွေကလည်း လူကြီးတွေရဲ့အတွေ့အကြုံကောင်းတွေကို လေးစားတန်ဖိုးထားကြရမှာပါ။ ရိုသေစွာလေ့လာသင်ယူကြရမှာပါ။ လူကြီးတွေကလည်း မိမိတို့ဖြစ်စေချင်တာကို လူငယ်လေးတွေကို ဝေမျှသိစေရမှာပါ။ လူငယ်တွေကလည်းလေ့လာသင်ယူကာ လက်တွေ့ကျမကျအားထုတ်အကောင်အထည်ဖေါ်ကြည့်ရမှာပါ။ သဘောတရားသက်သက်မှာတော့ရပ်နေသင့်ပါဘူး။ လက်တွေ့လုပ်ကြည့်ရမှာပါ။
ဥပမာ သုဿန်ဓုတင်ဆောက်တည်တယ်ဆိုတဲ့ကျင့်စဉ်ဟာ သာသနာမှာ တကယ်ရှိပါတယ်။ ကိလေသာတွေကို တကယ်ခန်းခြောက်စေပါတယ်။ ရဟန်းဆိုရင်ဒီလိုမျိုးအတွေ့အကြုံရှိထားသင့်ပါတယ်။ သဘောတရားမှာတင်မထားပဲ လက်တွေ့လုပ်ကြည့်သင့်ပါတယ်။ တကယ်လုပ်လို့ရရဲ့လား မိမိရောတကယ်ပဲလိုက်နာအားထုတ်နိုင်ရဲ့လားစသည်အားဖြင့် စမ်းသပ်လုပ်ကိုင်ကြည့်သင့်ပါတယ်။
ဒီလိုမျိုးသီးသန့်အထူးကျင့်ရမယ့်ကျင့်စဉ်တွေကို လိုက်မလုပ်ဘူး နေသာသလိုနေမယ်ဆိုရင် ရဟန်းဘဝဟာ ဘာအရည်အသွေးမျှတိုးတက်မှုရှိတော့မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အိပ်လိုက်စားလိုက် စသည်မျှဖြင့်သာ ပြီးဆုံးသွားပါလိမ့်မယ်။ အချိန်တွေဟာ အလွန်နှမြောစရာကောင်းပါတယ်။
မိမိကဝါရင့်လာရင်လည်း မိမိရဲ့အတွေ့အကြုံကောင်းတွေကို ဝါနုသေးတဲ့လူငယ်တွေကို ရှေ့ဆောင်လမ်းပြလုပ်ပေးရပါမယ်။ ဝေမျှကျင့်ကြံစေရပါမယ်။ ဒီလိုမျိုးရဟန်းကျင့်စဉ်တွေကို စနစ်တကျမကျင့်တော့ဘူးဆိုရင် လူသာမာန်တွေဟာ ထူးခြားလေးစားကြည်ညိုစရာတွေကိုမတွေ့မြင်ကြတော့ဘဲ ကုသိုလ်စိတ်တွေပေါ့ပျက်ပျက်ဖြစ်လာကုန်ပါလိမ့်မယ်။ သူတို့တွေသာသနာအပေါ်မှာ အရိုသေတန်ကာ အကုသိုလ်တွေများကြပါလိမ့်မယ်။ ရဟန်းတော်တွေကလည်း ပေါ့ပေါ့ပါးပါးသာနေထိုင်ကြပါလိမ့်မယ်။ ဒီလိုဖြစ်ခြင်းဟာ သာသနာတော်ရဲ့ အရှိန်အဝါလျှော့ကျစေပါတယ်။
ဘာပဲဖြစ်ဖြစ် လူထဲမှာရော ရှင်ထဲမှာရော လူကြီးတွေဟာ လူငယ်တွေအတွက် အသက်ရှင်ပေးနေရမယ်။ အလုပ်လုပ်ပေးနေရမယ်။ ရှေ့ဆောင်လမ်းပြလုပ်ပေးနေရမယ်။ ကိုယ်ကအမှားတစ်ခုကို လုပ်ချင်မိတယ်ဆိုရင်တောင် ငါဟာလူငယ်တွေအတွက်အသက်ရှင်ရမှာပါလား။ လူငယ်တွေအတွက်စံနမူနာဖြစ်အောင်ရပ်တည်ပေးရမှပါလားလို့ ဆင်ခြင်တုံတရားနဲ့ အသက်ရှင်နေထိုင်ကာ အမှားအယွင်းနည်းအောင် နေထိုင်နိုင်ကြရင် လူအဖွဲ့အစည်းတရပ်လုံးပိုမိုကောင်းမွန်လာမှာပါ။
လူကြီးဖြစ်သူများအားလုံး လူငယ်လေးများအတွက် စံနမူနာကောင်းများဖြစ်ကြပါစေ။ လူငယ်လေးများကလည်း လူကြီးများထံမှ ရတနာကဲ့သို့တန်ဖိုးရှိသော အတွေ့အကြုံကောင်းတွေကို ရိုသေစွာလေ့လာသင်ယူတန်ဖိုးထားတတ်ကြပါစေ။