မြန်မာပြည်ဟာ သဘာဝဘေးအန္တရာယ်ရဲ့ ထိခိုက်မှုကိုအများဆုံးခံရမယ်လို့ ပညာရှင်တွေကောက်ချက်ချထားတယ်။ အထူးသတိရှိကြရင်ကောင်းတယ်။ ရဟန်းရှင်လူအားလုံး ကုသိုလ်ကောင်းမှုကိုယုံကြည်ကြတယ်ဆိုရင် ကုသိုလ်ကောင်းမှုတွေများများလုပ်ကြဖို့လိုမယ်။ အခုလူတွေဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ခန့်ကထက် ကုသိုလ်ကောင်းမှုစိတ် လောကုတ္တရာစိတ်တွေပိုနည်းလာကြပြီး လောကီစိတ်တွေပိုများလာတာတွေကို မိမိအနေဖြင့် ပို၍သတိပြုမိလာပါတယ်။
ရဟန်းသံဃာကို ပစ်မှားစော်ကားဖို့ကိုလည်း သိပ်ဝန်မလေးကြတော့ဘူး။ ရဟန်းသံဃာဘက်ကလည်း ရဟန်းတို့ရဲ့ကျင့်ဝတ်တွေနဲ့ သိပ်မညီတော့သလို ရဟန်းတို့လုပ်ရမယ့်အလုပ်ဖြစ်တဲ့ ပရိယတ်ပဋိပတ်အလုပ်ထက် လောကီအလုပ်တွေကို လူမြင်သူမြင်လုပ်လာကြတာကို စိတ်မချမ်းသာစရာတွေ့လာရပါတယ်။ ဒီတော့လူတွေက အရိုသေတန်လာတယ်။
ကျင့်ဝတ်နဲ့မညီတဲ့ရဟန်းတွေကို အရိုသေတန်ပြီးဆက်ဆံမိတာက သိပ်ပြဿနာမရှိပေမဲ့ ကျင့်ဝတ်နဲ့အညီ အမြဲတန်းသတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်ပေါ်မှာ ကျင့်နေကြတဲ့ တကယ့်သီလဝန္တသိက္ခာကာမရဟန်းတော်တွေကို အရိုသေတန်စွာဆက်ဆံတာတို့ ရိုင်းပြစွာဆက်ဆံတာတို့ကတော့ အကုသိုလ်အတော်ကြီးပါတယ်။ သံဃံသရဏံ ဂစ္ဆာမိဆိုတဲ့အထဲမှာ အဲဒီလိုရဟန်းတော်တွေပါပါတယ်။
ဒီလိုလောဘဒေါသမောဟပေါင်းစုံရဲ့ အချိန်တိုင်းဖိစီးလွှမ်းမိုးမှုကိုခံနေရသူများ ဖြစ်တဲ့သာမာန်ပုထုဇန်အကြမ်းစားတွေက ရဟန်းသံဃာကိုအရိုသေကင်းမဲ့စွာ ဆက်ဆံပြုမူတာကို မြတ်ဗုဒ္ဓက “အတ္တာနံ ခတံ ဥပဟတံ”တဲ့ ကိုယ့်ကိုကိုယ်တူးဖြိုနေသူများလို့ မိန့်ပါတယ်။ ဒီဖက်ပိုင်းတွေမှာ ကလေးရောလူကြီးပါ တရားအဆုံးအမတွေဝေးကွာလာကြတဲ့အတွက် အကုသိုလ်ဆိုတာမျိုးကိုပင် သေချာစိတ်ခံစားချက်နဲ့တကွ သိနိုင်စွမ်းအတာ်ကိုနည်းလာတာကိုတွေ့ရပါတယ်။
ကိုးကွယ်ပြန်တော့လည်း အကျင့်သီနဲ့ပြည့်စုံမှုမပြည့်စုံမှုထက် ဂုဏ်ရှိမှုမရှိမှုအပေါ်အခြေခံပြီးကိုးကွယ်ကြတာတွေများလာသလို ယောင်တောင်တောင်ကိုးကွယ်ကြတာတွေလည်းများလာပါတယ်။ ဒီတော့အကုသိုလ်ကုသိုလ်ဆိုတာတွေခွဲခြားသိဖို့ တော်တော်ကိုခက်ခဲလာကြပါတယ်။ ဒီလိုခွဲမသိတာက မောဟပေါ့။ မသိလို့လုပ်ချင်ရာလုပ်တာက လောဘ။ လုပ်ချင်ရာလုပ်ရာကနေအဆင်မပြေလို့ စိတ်ဆိုးပြီး အရွဲ့တိုက်တာစောင်းတာချိတ်တာတွေက ဒေါသပေါ့။
လောဘကြောင့်မိုးခေါင်ရေရှားလို့အစာအသုံးအဆောင်ရှားပါး၊ မိုကြီးရေကြီးလေကြီးလို့အစာအသုံးအဆောင်ရှားပါး စသည်သည်တွေဖြစ်ပါတယ်။ ဒါကိုကျမ်းစာက “ဒုဗ္ဘိက္ခန္တရကပ်”လို့သုံးပါတယ်။ ဒေါသကြောင့် သတ်ကြဖြတ်ကြညှင်းဆဲကြခိုက်ရန်တွေအကြီးအကျယ်ဖြစ်ပွါးကြ။ လေးလောင်းပြိုင်ငါးလောင်းပြိုင်စသည်တွေသေကြေကြ ဖြစ်ရပါတယ်။ ဒါကိုကျမ်းစာက “သတ္ထန္တရကပ်”လို့ ဆိုပါတယ်။
မောဟကြောင့် တွေဝေမိုက်မဲပြီး ဆေးရှူအရက်သောက်ဘီယာသောက် အပျော်အပါးလိုက်စား မတော်မတည့်တာတွေစား ရောဂါပေါင်းစုံဖြစ်။ ဒီလိုဖြစ်တာကို ကျမ်းစာက “ရောဂန္တရကပ်”လို့ သုံးပါတယ်။ နောက်ဆုံးအဲဒီအကုသလမူလသုံးပါးဖြစ်တဲ့ လောဘဒေါသမောဟတရားတွေကြောင့် ဆိုခဲ့တဲ့သဘာဝဘေးတွေအပါအဝင် သဘာဝဘေးပေါင်းစုံဖြစ်တော့တာပါပဲ။
ဒီတော့ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ ရွှေမြန်မာတို့ရေ ကံနဲ့ကံရဲ့အကျိုးကိုယုံတယ်ဆိုရင် ကုသိုလ်ကောင်းမှုတွေများများလုပ်ကြပါ။ ပျက်အစင်ပြင်ခဏတဲ့ ပျက်နေတဲ့ကိုယ်ကျင့်သီလတွေကို ပြန်လည်တည်ဆောက်ထိမ်းသိမ်းကြပါ။ သူတပါးတိုင်းပြည်ကဝင်လာတဲ့ မဟုတ်တဲ့အယူအဆတွေကို သိပ်ပြီးအတုမယူကြပါနဲ့။ ဒီသဘာဝဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်အောင် ကုသိုလ်တွေများများလုပ်ကြပါလို့ တောရဆောက်တည်ကျင့်ကြံအားထုတ်နေတဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့ ပြည်သူပြည်သားအားလုံးကို မေတ္တာထားလျက် တိုက်တွန်းလိုက်ပါရစေတော့။