ဆိုခဲ့ပြီးသော မေးခွန်း ၁၄ ခုကို အောင်မြင်ပြီးနောက် လုပ်ထုံးလုပ်နည်း
==============================================
ရဟန်းလောင်းရှင်သာမဏေသည် ဆိုခဲ့ပြီးသော မေးခွန်း ၁၄ ခုကို အောင်မြင်ခဲ့သော် မြင့်မြတ်သောရဟန်းအဖြစ်ကို ရောက်စေနိုင်သော ဥပသမ္ပဒကံဆောင်ရာ သိမ်ထဲတွင် သံဃာ ၅ ပါးနှင့် ၅ ပါးအထက် စုဝေးနေကြရာသို့ လက်အုပ်ချီကာ ရိုသေစွာ ဝင်ရောက်ထိုင်နေရပါသည်။
ထိုသိမ်ထဲတွင် ဥပသမ္ပဒကံဆောင်ရန်ရောက်နေကြသော စုဝေးရောက်ရှိနေကြသော သံဃာသည်လည်း အနည်းဆုံး ၅ ပါးရှိရပါမည်။ ငါးပါးထက်လျှော့နေလျှင်လည်း ရဟန်းအဖြစ်ကိုပြုပေးသော ဥပသမ္ပဒကံကို ဆောင်ခွင့်မရှိပေ။ ထို့ကြောင့် ဥပသမ္ပဒကံဆောင်ရန် သိမ်ထဲတွင် သံဃာ ၅ ပါးနှင့် ၅ ပါးအထက် ညီညွတ်စွာစုဝေးရောက်ရှိနေရပါမည်။
ဥပသမ္ပဒကံဆောင်ရာ ထိုအချိန်၌အထူးရေးကြီးသော လုပ်ထုံးလုပ်နည်းဖြစ်သောကြောင့် ရဟန်းသံဃာသည်လည်း ထိုင်ချင်သလိုထိုင်ခွင့်မရှိပါ။ တစ်ပါးနှင့်တစ်ပါး နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသာထိစပ်၍ထိုင်ရပါသည်။ ဤအချိန်၌ ဤနှစ်ထောင့်ထွာ ဟတ္ထပါသ်အတွင်း လူဝတ်ကြောင်သာမဏေများ ဝင်ရောက်ခွင့်မရှိပါ။
ရဟန်းသံဃာသည်လည်း သိမ်ထဲတွင်စုဝေးပြီး သံဃာသာလျှင် သိမ်ထဲ၌ရှိနေရပါမည်။ ကံဆောင်နေစဉ်၌ အခြားသံဃာသည် သိမ်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခွင့်မရှိပါ။ ထို့သို့မဝင်နိုင်စေရန်လည်း ရဟန်းခံပြုလုပ်မည့် ကျောင်းတိုက်တွင် ဥပသမ္ပဒကံမဆောင်မီကတည်းက ဤယနေ့ မည့်သည့်နာရီမည်သည့်အချိန်တွင် မည်သည့်သိမ်တွင် ဥပသမ္ပဒကံဆောင်ရန် ရှိပါကြောင်း အသိပေးပန်ကြားထားရပေ၏။
ထိုဥပသမ္ပဒကံပြုရာ သိမ်နယ်နိမိတ်တွင်လည်း သေချာအောင် ရှင်သာမနေများအား အစောင်းထား၍ စောင့်ရှောက်ရပေ၏။ အကယ်၍ ဥပသမ္မဒကံပြုနေစဉ် သံဃာတစ်ပါးသည် အမှုမဲ့အမှတ်မဲ့ သိမ်နယ်နိမိတ်အတွင်းဖြတ်သွားမိက ဖြတ်သွားသော ထိုသံဃာသည် နှစ်တောင့်ထွာဟတ္ထပါသ်မှ အလွတ်ဖြစ်နေသောကြောင့် ဥပသမ္ပဒကံပျက်လေတော့၏။
သိမ်ထဲမှာ နှစ်တောင့်ထွာဟတ္ထပါသ်စပ်၍ထိုင်ကာ ကံပြုနေကြသော သံဃာသည် ဉတ္တိစတုတ္ထကမ္မဝါစာဖတ်၍ ကံပြန်ပြုကြရပေ၏။ ထို့ကြောင့် မိမိတို့မဟာဂန္ဓာရုံ၌ ရဟန်းခံအခန်းအနားရှိရာတွင် သိမ်နယ်နိမိတ်ပါတ်ဝန်းကျင်၌ တတ်သိနားလည်သော ကိုရင်များကို အစောင့်ချပြီးမှ ဥပသမ္ပဒကံပြုလေ့ရှိပေ၏။
ဆိုခဲ့သည့်အတိုင်း ၁။ သံဃာ ၅ ပါးနှင့် ၅ ပါးအထက် သတ်မှတ်ထားသော ခန္ဓသိမ်ထဲတွင် စုဝေးမိခြင်း၊ ၂။ ရဟန်းလောင်းရှင်သာမနေသည် ဆိုခဲ့ပြီးသောမေးခွန်း ၁၄ ခုကို အောင်မြင်ခဲ့ခြင်း၊ ၃။ သတ်မှတ်ထားသော ခန္ဓသိမ်ထဲတွင် သံဃာသည် နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းစုဝေးမိခြင်း၊ ၄။ တတ်သိနားလည်သောရှင်သာမနေများအား သိမ်နယ်နိမိတ်အပြင်၌ အစောင့်ချထားပြီးခြင်း၊ ဤလေးချက်နှင့်ပြည့်စုံလျှင် ရဟန်းလောင်းရှင်သာမဏေအား ဥပသမ္ပဒကံဆောင်ရန် သံထဲမှကံဆောင်သံဃာသည် ဉတ္တိစတုတ္ထကံမဝါစာကို ဖတ်၍ရပေပြီ။
ရဟန်းလောင်းရှင်သာမဏေကို သိမ်တွင်းရှိသံဃာ့အလယ်တွင်ထားကာ နှစ်တောင့်ထွာဟတ္ထပါသ်စပ်၍ ထိုင်နေကြသောသံဃာသည် “သုနာတု မေ ဘန္တေ သံံဃော—” အစချီသော ဉတ္တိစတုတ္ထကမ္မဝါစာကို ပြင်းသင့်သည့်နေရာပြင်း ပီသင့်သည့်နေရာတွင်ပီ ကြည်သင့်သောနေရာတွင်ကြည်လျှက် ဌာန်ကရိုင်းပီပီရွတ်ဖတ်ပြီး၍ ဉတ္တိစတုတ္ထကမ္မဝါစာ ပထမတစ်ကြိမ်ဆုံးသည်နှင့်တစ်ပြိုင်နက် ရဟန်းလောင်းရှင်သာမဏေသည် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်လေတော့၏။
သို့သော် ဆရာတော်များသည် ရဟန်းအဖြစ်သေချာစေလို၍လည်းကောင်း ပင့်ဖိတ်ထားသော ဝိနည်းကျွမ်းကျင်သည့်သံဃာသည် ရဟန်းလောင်းရှင်သာမဏေအား ချီးမြှောက်စေခြင်းအကျိုးငှာလည်းကောင်း ဉတ္တိစတုတ္ထကမ္မဝါစာကို သုံးကြိမ်သုံးခါဖတ်၍ ရဟန်းလောင်းအားချီးမြှောက်လေ့ရှိကြလေ၏။
ဤတွင် မြင့်မြတ်သော ရဟန်းအဖြစ်ခံရယူသော ဥပသမ္ပဒကံ လုပ်ထုံးလုပ်နည်းပြီးလေတော့၏။ သို့သော် ရဟန်းဖြစ်စထိုခဏ၌ပင် အရေးကြီးသော ဝိနည်းဆိုင်ရာများကို ထိုင်ရာမထ အရေးတကြီးဆုံးမဩဝါဒပေးရမည်ဟု ဗုဒ္ဓအရှင်မိန့်မှာတော်မူခဲ့သောကြောင့် အရေးကြီးသောဝိနည်းဆိုင်ရာဩဝါကထာ ကျန်ပေသေး၏။ ဆက်ရေးပါမည်။