မေး။ ။အရှင်ဘုရား အချို့ကဘယ်နှစ်နာရီထိုင်နိုင်တယ် ဘယ်နှစ်နာရီအထိ တင်ပလ္လင်ချိတ်နိုင်တယ် စသည်ပြောဆိုကြပါတယ်ဘုရား။ တပည့်တော်တို့ကတော့ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းမရှိပါဘူးဘုရား။ အရှင်ဘုရားအနေနဲ့လည်း ပြည်ပနိုင်ငံတွေမှာ ပြည်ပသားစစ်စစ်တွေကို တရားပြဖို့သွားလာနေတာကို တပည့်တော်တို့သိပါတယ်ဘုရား။ တရားထိုင်တာဟာ အဲဒီလိုအကြာကြီးထိုင်ပြီးအားထုတ်ဖို့လိုအပ်ပါသလားဘုရား။ သနားသောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား။
ဖြေ။ ။အင်း-မေးခွန်းကတော်တော်လေးကိုကောင်းတယ်။ တကယ်တော့မြတ်ဗုဒ္ဓကအချိန်ဘယ်လောက်ကြာထိုင်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာစင်္ကြံလျှောက်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာလှဲလျှောင်းခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာရပ်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်လို့တော့ ရုပ်ဝါဒဆန်ဆန် အချိန်ကိုအဓိကထားပြီးာအားထုတ်ခိုင်းထားတာ ကျမ်းဂန်တွေမှာ မတွေ့ရပါဘူးကွယ်။
“သတော ဘိက္ခဝေ ဝိဟရေယျ သမ္ပဇာနော-သံသရာဘေးကိုကြောက်လန့်ကြတဲ့ ယောဂီသူတော်ကောင်းတို့ သတိထားပြီး ကောင်းစွာသိလျှက် ဣရိယာပုထ်လေးပါးတွင် မမေ့မလျှော့နေထိုင်ရာ၏”လို့သာ မိန့်မှာထားတာကို ကျမ်းဂန်အတော်များများမှာတွေ့ရပါတယ်။ ဒီတော့ ဘုန်းဘုန်းတို့ပြည်ပမှာဆိုရင် “You have to be closely mindful of everything by sitting, by walking, by standing and by reclining for 24/7.”လို့ပြောပေးရပါတယ်။
ဒီတော့ တရားစခန်းတွေမှာဆိုရင် ဣရိယာပုထ်လေးပါးလုံးမှာ ၂၄ နာရီပတ်လုံး တတ်နိုင်သမျှမမေ့မလျှော့နေတတ်အောင်တော့ အသေးစိတ်သင်ပြပေးရပါတယ်။ ဒါဟာဗုဒ္ဓသင်ပြတော်မူတဲ့ကျင့်စဉ်အစစ်ပါ။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ ပြည်ပသားစစ်စစ်တွကို တရားစခန်းဖွင့်ပြီးသင်ပြပေးရတဲ့အခါ ပြည်တွင်းမှာလိုယုံကြည်မှုနဲ့လုပ်ကြတာမျိုးမဟုတ်ဘဲ အသိဉာဏ်ဆင်ချင်တုံတရား သိပ္ပံနည်းကျမကျစတဲ့ပေတံတွေနဲ့ တိုင်းတာကြတာဖြစ်လို့ ပြည်တွင်းကအစဉ်အလာသင်ပြမှုထက် ဗုဒ္ဓလိုလားတော်မူတဲ့အတိုင်း ကျမ်းဂန်နဲ့ညီအောင်သင်ပြရပါတယ်ကွယ်။
သိပ္ပံပညာသိပ္ပံဦးနှောက်တွေနဲ့လည်းဆီလျှော်မှုရှိအောင်သင်ပြရပါတယ်။ ဒါပေမဲ့သေချာတာကတော့ ဓမ္မကိုယ်တိုင်ကသိပ္ပံနည်းကျပြီးသားပါ။ ပြည်တွင်းမှာသိပ္ပံပညာအားနည်းတော့ တရားအားထုတ်တဲ့အခါမှာလည်း အစဉ်အလာနည်းတွေကိုပဲ လွယ်ကူစွာလက်ခံပြီးလိုက်လုပ်ကြတာများပါတယ်။ ဒီတော့ပြည်တွင်းမှာ အခက်အခဲသိပ်မရှိဘူးလက်ခံသူတွေကလည်း တရားစခန်းတရားပြဆရာရဲ့ popular ဖြစ်မှုအတိမ်အနက်ပေါ်မူတည်ပြီး အလွယ်တကူလက်ခံတတ်ကြတာများပါတယ်။
ဆိုလိုချင်တာက ဗုဒ္ဓဟာ ထိုင်းခြင်းလျှောင်းခြင်းစင်္ကြံလျှောက်ခြင်းရပ်ခြင်းဣရိယာပုထ်တွေကို ဘယ်အချိန်ဘယ်လောက်ကြာကြာအချိန်နာရီကန့်သတ်ပြီး တရားအားထုတ်ရမယ်လို့ သင်ပြထားတာမရှိပါဘူးကွယ်။
ဘုန်းဘုန်းရဲ့တရားစခန်းတွေမှာတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အနည်းဆုံးတစ်နာရီတော့ သမာဓိထူထောင်လို့ရအောင်ထိုင်ခိုင်းပါတယ်။ အလားတူပဲ စင်္ကြံလည်း သမာဓိထူထောင်လို့ရအောင် စိတ်မပျံ့ရလေအောင် တစ်နာရီလျှောက်ခိုင်းပါတယ်။ အစပထမတော့ “ထိသိ”ရိုးရိုးကိုလျှောက်ခိုင်းပါတယ်။ နောက်တော့ ယောဂီရဲ့သမာဓိရမှုအပေါ်မူတည်ပြီးတော့ “ထိသိပျက်”အထိစင်္ကြံလျှောက်ရင်းရှုကြရပါတယ်။
“ထိသိပျက်”အဆင့်မှာတော့ ဝိပဿနာနည်းဖြင့် စင်္ကြံလျှောက်တာဖြစ်ပါတယ်။ ယောဂီဟာပိုပြီးတည်ငြိမ်လာတဲ့သဘောကိုလည်းတွေ့ရပါတယ်။ အဲဒီလိုလက်တွေ့ကျကျ သိပ္ပံနည်းကျကျ သင်ပြပေးတဲ့အခါ ပြည်တွင်းမှာရောပြည်ပမှာပါ စိတ်ဝင်တစားအားထုတ်ကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့်လူငယ်တွေပိုပြီးစိတ်ဝင်တစားအားထုတ်ကြတာကိုတွေ့ရပါတယ်။ လူကြီးတွေလည်းအားထုတ်ကြတာပါပဲ။
ဘယ်လောက်ကြာကြာထိုင်ပြီးအားထုတ်ရမယ်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ကတော့ ရဟန္တာများ အဓိဋ္ဌာန်ပြီး (၇)ရက် သမာပတ်ဝင်စားသလိုပေါ့ ယောဂီကိုယ်တိုင်က ထိုင်တဲ့ဣရိယာပုတ်နဲ့ကြာကြာထိုင်တာ အဆင်ပြေလာတယ် တိုးတက်လာတယ် လှုပ်ရှားပြုပြင်မှုသိပ်မတွေ့ရတော့ဘူးဆိုရင်တော့ ယောဂီရဲ့တွေ့ကြုံနေတဲ့ဓမ္မအလိုဓမ္မအဆင့်အတိုင်း ကြာကြာထိုင်ခွင့်ပြုပါတယ်။
ဒီနေရာမှာဘုန်းဘုန်းကကြာကြာထိုင်တာကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ ဇွတ်အတင်း အနတ္တသဘောကို အတ္တအလိုအတိုင်း မလုပ်မိစေဖို့ကိုသာ သတိပေးတာပါ။ စအားထုတ်ခါစ တရားအားထုတ်မည့်ယောဂီကို ဘယ်နှစ်နာရီဘယ်လိုပုံစံဖြင့်ထိုင်ရမည်ဆိုတာမျိုးကို ပုံမသွင်းမိဖို့ အနတ္တကိုအတ္တမလုပ်မိစေဖို့သာ သင်ပြပေးတာပါ။
ယာဂီရောက်နေတဲ့ဓမ္မအဆင့်က ကြာကြာကိုထိုင်ဖို့အဆင်ပြေလာပြီဆိုရင်တော့ “ပလ္လင်္ဂံ အာဘုဇ္ဇိတွာ ဥုဇုံ ကာယံ ပဏိဓာယ”စတဲ့ ပါဠိတော်လာဗုဒ္ဓသင်ပြသောလမ်းစဉ်အတိုင်း ထိုင်လို့ရပါပြီ။ ဒါကလည်း စစ်စစ်ဆေးဆေးနဲ့လုပ်ရပါတယ်။ ယောဂီကို ဒီအတိုင်းသူလုပ်ချင်ရာလုပ်လွှတ်ထားလို့မရပါဘူး။ တရားကိစ္စမှာလုပ်ချင်ရာလုပ်ရင် စိတ်ကြောင်သွားတတ်ပါတယ်။ ဒါကြောင့်ဆရာသမားထံမှာ လမ်းညွှန်မှုခံယူဖို့လိုအပ်ပါတယ်။
ဘုန်းဘုန်းသင်ပေးနေတာကတော့ ၂၄/၇ ၂၄နာရီပတ်လုံး ဣရိယာပုထ်တိုင်းမှာသတိကပ်နိုင်အောင် ကြိုးစားဖို့သာအဓိကသင်ပြပေးပါတယ်။ ဒါကသိပ္ပံနည်းလည်းကျသလို ဓမ္မနဲ့လက်တွေ့ဘဝလည်းတစ်ထပ်တည်းကျပါတယ်။ ကြာကြာထိုင်တာ ကြာကြာစင်္ကြံလျှောက်တာတွေကတော့ ယောဂီတစ်ဦးခြင်းစီရဲ့အတွေ့အကြုံနဲ့ အားထုတ်နိုင်မှုအပေါ်သာမူတည်ပါတယ်ဆိုတာကို ပြောပါရစေကွယ်။
ဘုန်းဘုန်းကတော့ လူသားတွေနေ့စဉ်ဘဝထဲမှာ သူတို့နေထိုင်တဲ့ဣရိယာပုထ်တိုင်းမှာ သတိကပ်ပြီးနေတတ်ဖို့ကိုပိုပြီးသင်ပြပေးပါတယ်။ ကားသမားကကားမောင်းရင်သတိကပ်တတ်ဖို့ အိမ်သာတက်သူကအိမ်သာတက်ရင်းသတိကပ်တတ်ဖို့ ထမင်းဟင်းချက်သူက ထမင်းဟင်းချက်ရင်းသတိကပ်တတ်ဖို့ စသည်ပေါ့။ ကဲ– ဒီလောက်ဆိုရပြီထင်ပါတယ်နော်။
မေး။ ။မှန်ပါဘုရား။ စိတ်ရှည်လက်ရှည် အချိန်ပေးဖြေပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်အရှင်ဘုရား။ တပည့်တော်တို့ကလည်း နေ့စဉ်ဘဝထဲမှာသတိကပ်နေထိုင်ရတာကို ၅ နာရီ ၆ နာရီ မျက်စိမှိတ်ပြီးထိုင်အားထုတ်ရတာထက်ပိုနှစ်သက်ပါတယ်အရှင်ဘုရား။
ဖြေ။ ။ကဲ–ဖြစ်သမျှပျက်သမျှ ဣရိယာပုထ်တိုင်းမှာ သတိကပ်ပြီး ဘဝနဲ့ဓမ္မတစ်ထပ်တည်းကျအောင်နေထိုင်တတ်ပါစေ။