ငွေနှင့်အာဏာကို ဗဟိုပြု၍ ဆက်ဆံရေးထူထောင်တတ်ကြသော မြန်မာ့အသိုင်းအဝိုင်းနှင့် ကမ္ဘာ့အခြေအနေ
မြန်မာအများစုသည် ငွေရှိမှအာဏာပါဝါရှိမှ လူတစ်ယောက်ကို အသိအမှတ်ပြုဆက်ဆံမည်ဟူသော concept ပေါ်၌ရပ်တည်ကြ၏။ ထိုလူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး ပါရမီဗီဇအလိုက် အားထုတ်နေကြသည်ကို မှန်နေသည်အောင်မြင်နေသည်ဆိုဦးတော့ လိုလိုလားလားအသိအမှတ်မပြုချင်ကြပေ။ ဤသည်ကား community တစ်ခုလုံး၏ အခြေအမြစ်ကျကျ ဖွံ့ဖြိုးမှုကို တူးဖြိုနေသကဲ့သို့ဖြစ်ပေ၏။ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်မှုကို ဖြိုချဖျက်ဆီးနေသကဲ့သို့ဖြစ်ပေ၏။
ငွေနှင့်အဏာသည် လောဘအကုသိုလ်စေတသိက်နှင့် အလွန်နီးကပ်စွာဆက်ဆံရ၏။ ထိုလောဘအကုသိုလ်စေတသိက်သည် နတ်ဆိုးကိုသာအဖေါ်ပြု၏။ လူဆိုးလူမိုက်များကိုသာ အမှီပြု၍ရှင်သန်ခွင့်ရ၏။ ထို့ကြောင့်ဒုစရိုက်တို့ကို အားပေး၏။ ကိုယ့်အရည်အသွေးဖြင့် ရပ်တည်လိုကြသူများသည်ကား ရိုးသား၏။ ကြိုးစား၏။ ပွင့်လင်း၏။ ဂုဏ်သိက္ခာကိုတန်ဖိုးထား၏။ အကျင့်သီလကို အလေးဂရုပြု၏။ မိမိယုံကြည်ရာကို သူတပါးအားမထိခိုက်သည်ရှိသော် ရဲဝံ့ပြတ်သားစွာလုပ်တတ်၏။
ဤစရိုက်လက္ခဏာကို အမေရိကန် ဥရောပသားများနှင့် အင်္ဂလိပ်စကားပြောတတ်သော အင်္ဂလိပ်စာပေကိုလည်း တတ်မြောက်ထားသော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတွေ့အကြုံရှိထားပြီးသော ပညာတတ်ပုဂ္ဂိုလ်များသဏ္ဍန်၌ တွေ့ရလေ့ရှိ၏။ ထိုသူများသည် တိတိကျကျလုပ်တတ်၏။ ယုံကြည်သည်ကို တစိုက်မတ်မတ် သိက္ခာရှိရှိဇွဲရှိရှိ စွဲစွဲမြဲမြဲ အဓိဋ္ဌာန်ခိုင်ခိုင်လုပ်ကိုင်တတ်ကြ၏။
မြတ်ဗုဒ္ဓအလောင်းတော်ဘဝက ဖြည့်ကျင့်ခဲ့သော သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီ ပညာပါရမီ သီလပါရမီ ဝီရိယပါရမီတို့သာဖြစ်ပေ၏။ မြတ်ဗုဒ္ဓအလောင်းတော်ဘဝတွင် ထိုပါရမီများကို ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်းကြောင့်ဖြည့်ကျင့်ခဲ့သည်မဟုတ်ပေ။ ဂုဏ်သိက္ခာဖြင့် နေထိုင်တတ်သော လူသားစစ်စစ်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အသွေးများရှိစေရန်သာ ကျင့်ကြံအားထုတ်ခဲ့ခြင်းဖြစ်ပေ၏။ ထိုအရည်အသွေးများကို ဥရောပသားအမေရိကန်သားများနှင့် အင်္ဂလိပ်စကားပြောပညာတတ်များတွင်များစွာတွေ့ရလေ့ရှိပေ၏။
ယခုလည်း အမေရိကန်သိပ္ပံပညာရှင်များ ပညာတတ်များ ဆရာဝန်ကြီးများ အတွေးအခေါ်ပညာရှင်များ စိတ်ပပညာရှင်များနှင့် ကမ္ဘာတလွှားမှ ပညာရှင်ပညာတတ်ပေါင်းစုံလူကြီးလူကောင်းသူတော်ကောင်းများသည် “universal ethic”ဟူသော အများကျင့်နိုင်မည့် လူသားတိုင်းကျင့်ရမည့် လူ့ကျင့်ဝတ်စံတန်ဖိုးတစ်ခု သပ်မှတ်ပေးရန် တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီးဒလိုင်လားမားနေထိုင်ရာ အိန္ဒိယနိုင်ငံ Dharmsala ဒေသတွင် ဘုန်းတော်ကြီးနှင့် တစ်ရက်လျှင်သုံးနာရီခန့် ငါးရက်တိုင်တိုင် ဆွေးနွေးခဲ့ကြပြီးဖြစ်၏။
ပြီးခဲ့သောနှစ်များကတည်းက “mindfulness, compassion and the actions by these qualities”တို့ဖြင့် ပညာရေးတွင်သတ်မှတ်ပြဋ္ဌာန်း ပညာပေးအလုပ်များလုပ်ခဲ့ကြရာ အလွန်အောင်မြင်ကြောင်း ပြောပြကြပေ၏။ တကယ်တော့ ကမ္ဘာ့ပညာတတ်များက ဗုဒ္ဓဓမ္မကိုအခြေခံ၍ “universal ethic” ရေးဆွဲ အားထုတ်လာကြသည့်တိုင်အောင် မြန်မာပြည်၌ကား ထိုအရည်အသွေးများကို စတင်နားလည်ရန်ပင် အတော်အားထုတ်ယူရပေဦးမည်။
ယခုအချိန်အထိ ငွေနှင့်အာဏာရှိသူကို ကပ်ထားမှပေါင်းထားမှသာ ငါလည်းအသက်ရှင်၍ရမည်ဟူသော အယူအဆသည် မြန်မာ့အသိုင်းအဝိုင်းကြားတွင် အခိုင်အမာရှိနေဆဲဖြစ်၏။ ထိုအယူအဆရှိနေသေးသမျှ မကောင်းမှုကိုအားပေးနေပေလိမ့်ဦးမည်။ corruption များကိုတိုက်ဖျက်ရန် ခက်နေပေလိမ့်ဦးမည်။ အရည်သွေးရှိသူများကို ကျီးအာသလိုအာ၍ ရပ်တည်၍ခက်ခဲအောင် သိက္ခာမဲ့စွာလုပ်ကြပေလိမ့်ဦးမည်။ ကိုယ့်ကိုကိုယ်ယုံကြည်ချက်များ ဆုံးရှုးနေပေလိမ့်ဦးမည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝမရှိသေးသမျှ ဘယ်အရာကိုမဆိုသိက္ခာရှိရှိ လုပ်နိုင်ဦးမည်မဟုတ်ပေ။
ဗုဒ္ဓဓမ္မသည်ကား ကိုယ့်ကိုကိုယ့်ယုံကြည်မှုအပြည့်ရှိနေအောင် တိတိကျကျစဉ်းစားတွေးခေါ်လုပ်ကိုင်ပြောဆိုတတ်အောင် လမ်းညွှန်ပေးနေသော guide book 📚 ဟု ဆိုမည်ဆိုကဆိုနိုင်ပါကြောင်း။ သူတော်ကောင်းဓာတ် ဓမ္မမြတ် လူနတ်တိုင်း၌တည်စေသော်။
အချိန်တိုင်းဓမ္မနှင့် လောကမည်သို့သဟဇာတဖြစ်အောင်လုပ်ရမည်ကို အားထုတ်နေသော ဗုဒ္ဓဓမ္မကိုအနှစ်သာရမပျက်စေဘဲ ခေတ်သစ်အတွေးအခေါ် သိပ္ပံပညာတို့ဖြင့် အမြဲ update လုပ်ပေးနေသော ကမ္ဘာ့ဘယ်နေရာရောက်နေနေ သင်တို့အပေါ် မေတ္တာထားနေမည့် သင်တို့၏ဘုန်းဘုန်း။