ဥပမာ။ ။မနက်စောစောဤအချိန်မျိုးသည်တိတ်ဆိတ်၏။ အသံလုံးဝမရှိပေ။ ဤအချိန်မျိုးတွင် ဦးနှောက်စိတ်နှလုံးသားကြည်လင်ကျန်းမာရေးအတွက် တရားထိုင်ခြင်းဖြင့် မိမိကိုယ်မိမိဓမ္မနှင့်အညီ update လုပ်ရမည်။ ဤအချိန်တွင်ဤသို့ update လုပ်ကိုလုပ်ရမည်။ နိုးနေတဲ့သူကဘုန်းလုန်းနဲ့အတူ ၁၀ မိနစ်လောက်လိုက်ထိုင်။ ဘုန်းဘုန်းက ၅ နာရီထိထိုင်မှာ။
တကယ်ဆိုဘဝဟာတိုတောင်းလှပါတယ်။ ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိပါဘူး။ ဒီတော့ကိုယ့်ကိုကိုယ်ယုံကြည်မှုအခိုင်အမာရတဲ့အထိတော့ တရားကိုအားထုတ်ထားသင့်တယ်။ အထူးသဖြင့် အသက် ၅၀ ကျော်လာရင် ရဟန်းတော်များဆိုပိုပြီးသံဝေဂရစရာကောင်းပါတယ်။ မိမိသည်ရဟန်းတစ်ပါးနဲ့ထိုက်တန်တဲ့ သီလသမာဓိပညာ ဘယ်လောက်အထိခိုင်မာအားကောင်းအောင်အားထုတ်ထားပြီးပြီလဲလို့ပြန်စစ်ဆေးသင့်နေပါပြီ။ လောဘတွေလျှော့ရမယ်။ ဒေါသတွေလျှော့ရမယ်။ နေဖို့ထက် သေဖို့ကိုပြင်သင့်တဲ့အချိန်ရောက်လာပါပြီ။ ဘာမဟုတ်တဲ့ကိစ္စတွေမှာပင် လောဘဒေါသတွေအားကြီးနေသေးတယ်ဆိုရင်တော့ သီလသမာဓိပညာအားမကောင်းသေးတာကိုပြနေတာပါ။ သတိအထူးထားသင့်ပါတယ်။
ဒီတော့အတ္တဟိတ ပရဟိတမျှတအောင်လုပ်ရင်း ကိုယ့်အတွက်လည်းအဖြူစင်ဆုံးအဆင့်ကိုရောက်အောင် အားထုတ်သင့်နေပါပြီ။ အားမထုတ်ဖြစ်သေးဘဲမိုက်နေဆဲဆိုရင်တော့ “ရှင်ချောင်သေကြပ်”ဖြစ်စရာရှိပါတယ်။ အပ္ပမာဒေန သမ္ပာဒေထ။