လောကီလောကုတ္တရာအကျိုးနှစ်ခုလုံးဆုံးရှုံးသူမဖြစ်စေလို
လောကီကိစ္စတွေဆိုတာက အဖြူဆုံးအဆင့်အထိကျင့်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ လောဘဒေါသမောမာနစတဲ့ ကိလေသာတွေပေါ်မှာအခြေခံပါတယ်။ ဒါကြောင့်လည်းတခါတရံတရားစခန်းဝင်ခြင်းဆိုတာရှိလာရပါတယ်။ လောကုတ္တရာတရားကို တစိုက်မတ်မတ်ကျင့်ရမည့် ဘုန်းကြီးတစ်ပါးဟာလောကီအလုပ်တွေနဲ့ မရှုပ်သင့်ပါဘူး။ ဖြောင့်မတ်ဖြူစင်ခြင်းဟူသော လောကုတ္တရာအကျင့်မြတ်ဖြင့်သာ အားလုံးကိုချမ်းသာစေသင့်ပါတယ်။
ရဟန်းဖြစ်ပါလျှက် မည်းညစ်ကောက်ကျစ်နေပြီဆိုရင်တော့ “အစွန်းနှစ်ဘက်မှာမီးလောင် အလယ်မှာက မစင်ကျင်ကြီးပေနေတဲ့ တောမှာရောမြို့မှာပါ အသုံးမဝင်တော့တဲ့ သုဿန်တစသဂျုႋင်းဝက ထင်းကုလားတုံးနဲ့တူသော လောကီအကျိုးရောလောကုတ္တရာအကျိုးရောနှစ်မျိုးလုံးဆုံးရှုံးရသူ”လို့ အင်္ဂုတ္တရနိကာယ်မှာ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားတာရှိပါတယ်။ ရဟန်းမှန်သမျှသတိမူစရာအလွန်ကောင်းပါတယ်။ တစ်မဂ်တစ်ဖိုလ်ဆိုတာမျိုးဝေးစွ ညစ်ပေပြီးသေသွားရရင်ဖြင့် မတွေးဝံ့စရာဖြစ်ပါလိမ့်မယ်။
ခုခေတ်မှာ လုပ်ချင်သလိုလုပ်လုပ်ချင်ရာလုပ်နေတာတွေအများကြီးတွေ့မြင်ကြားသိနေရလို့ စိတ်ထိခိုက်ရပါတယ်။ မြန်မာပြည်ဟာ ဓမ္မဝိနယကိုကျင့်ချင်သလိုကျင့်နေကြလို့ ကံကြီးထိုက်နေရော့သလားလို့တောင်ခဏခဏစဉ်းစားမိလာပါတယ်။ ရဟန်းသံဃာကိုတွေကိုချဉ်းကပ်မှုမှာလည်း သီလသမာပညာဂုဏ်ကိုအခြေမခံနိုင်ကြတော့ပဲ ထင်သလိုလုပ်နေကြတာကခပ်များများဖြစ်နေတာကိုတွေ့ရပါတယ်။ မြန်မာပြည်နှင့်ထေရဝါဒသာသနာဂုဏ်ကျက်သရေရှိလာစေဖို့ ဗုဒ္ဓဓမ္မကိုမြတ်နိုးတန်ဖိုးထားသူတိုင်းဟာ သတိကြီးကြီးထားသင့်ပါကြောင်း။
ရခဲလှတဲ့လူ့ဘဝရခိုက်မှာ လူပီသအောင်နေထိုင်တတ်ဖို့ကလည်း အလွန့်အလွန်မှအရေးကြီးလှပါတယ်။ အသက်ကြီးရင့်လာတာနဲ့အမျှဉာဏ်တွေအသိတွေလည်းကြီးရင်လာပြီး တကယ့်လူကြီးလူကောင်းဖြစ်ဖို့ကျိုးစားသင့်ပါတယ်။ “အသက်သာကြီး ဉာဏ်မကြီး ကြီးတာအလကား”ဆိုတာမျိုးမဖြစ်စေဘဲ “အသက်လည်းကြီး ဉာဏ်လည်းကြီး ကြီးတာတန်ဖိုးများ”ဆိုတာမျိုးသာဖြစ်သင့်ပါတယ်။