အလွန်ကောင်းတဲ့မေးခွန်းပါ။ တွေ့ကြုံတတ်တဲ့ အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။ တကယ့်သူတော်ကောင်းအစားစားကျင့်သုံးကြတဲ့ မေတ္တာအစစ်ဆိုတာက သူတပါးတွေကို သတ္တဝါတွေကို စိတ်ရောကိုယ်ပါ ချမ်းသာစေချင်တာ ကောင်းကျိုးချမ်းသာတွေနဲ့ ပျော်ရွှင်ကြည်နူးနေစေချင်တဲ့ မေတ္တာစိတ်မျိုးပါ။ ဒီလိုမျိုးစိတ်ထားနဲ့ပွားများကျင့်သုံးနေမှသာ မေတ္တာစစ်စစ်ဖြစ်မှာပါ။
တကယ်တော့ မေတ္တာစစ်ဆိုတဲ့ တကယ့်သူတော်ကောင်းနှလုံးသားအစစ်ထဲက သူတော်ကောင်းတရားဟာ တဘက်လူက သူထားတဲ့မတ္တာတရားကို တန်ဖိုးထားသည်ဖြစ်စေ တန်ဖိုးမထားသည်ဖြစ်စေ တုံ့ပြန်ပြုမူသည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ သိပ်ပြီးတော့ သက်ဆိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာစစ်စစ်ဟာ ရန်သူကိုရောမိတ်ဆွေကိုပါ တန်းတူထားနိုင်တဲ့ စိတ်ဓာတ်အရည်အသွေးတစ်ခု ဖြစ်နေလို့ဖြစ်ပါတယ်။ အလွန်မြင့်တဲ့စိတ်ဓာတ်အရည်အသွေးတစ်ခုပါ။
မေးခွန်းထဲမှာမေးထားတဲ့အတိုင်းပဲ သာမာန်လူသားတစ်ယောက် အနေနဲ့ကတော့ ကိုယ်ကမေတ္တာထားပါလျက် ကိုယ့်ကိုဒုက္ခတွေကိုသာလှည့်ပေးနေတဲ့ တဘက်သားအပေါ် ပြန်ပြီး မေတ္တာထားနိုင်ဖို့ဆိုတာ အလွန်ကိုခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မေတ္တာစစ်စစ်ကို ကျင့်ကြံအားထုတ်နေတဲ့ သူတော်ကောင်းစိတ်ဓာတ်အရည်အသွေးမြင့်မားလာအောင် အားထုတ်နေတဲ့သူမျိုးကတော့ တဖက်သားကကိုယ့်ကို ဘယ်လိုဆိုတာထက် ကိုယ့်အရည်အသွေးကိုသာ မပျက်စီးအောင် ဖွံ့ဖြိုးတိုးတက်ရင့်ကျက်သည်ထက် ရင့်ကျက်လာအောင် ကြိုးစားနေရမှာပါ။ ဒီလိုမဟုတ်ရင် အဲဒီတဖက်သားဆိုတဲ့သူနဲ့ မေတ္တာတရားကို ပွါးများအားထုတ်နေသူဟာ အတူတူဖြစ်သွားမှာပေါ့။
ဒီတော့ဒီမေးခွန်းရဲ့အဖြေက ကိုယ်ကသူတော်ကောင်းစိတ်ဓာတ်အရည်အသွေး မြင့်မားတဲ့သူဖြစ်ချင်တယ်ဆိုရင် တဖက်လူကကိုယ့် မေတ္တာကိုတန်ဖိုးထားသည်ဖြစ် တန်ဖိုးမထားသည်ဖြစ် မေတ္တာတရားစစ်စစ်ကိုပွါးများအားထုတ်ချင်တဲ့ မိမိကတော့ သူ့အကျိုးကိုလိုလားတဲ့စိတ်ပဲမွေးရပါမယ်။ သူ့ရဲ့ကောင်းကျိုးချမ်းသာတွေကို ထာဝရသာဓုခေါ်ပေးနိုင်တဲ့သူပဲ ဖြစ်ရမယ်။ သူရဲ့ကောင်းကျိုးချမ်းသာအတွက် မညိုမငြင်အားထုတ်နိုင်တဲ့သူသာဖြစ်ရမယ်။ အလွန်ခက်ပါတယ်။ ခက်ခဲလို့မလုပ်ဘူးဆိုရင်လည်း ဘယ်လိုမှလောကမှာ သူတော်ကောင်းဆိုတာ ဖြစ်ပေါ်လာစရာ အကြောင်းမရှိတော့ပ့ဘူး။ ဒီလိုခက်ခဲတဲ့ စိတ်ဓာတ်အရည်အသွေးကို ထူထောင်ရင်းနဲ့ပဲ မိမိမှာ အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်အရည်အသွေးတွေ တိုးတက်ရင့်ကျက်လာပြီး စိတ်ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု အရည်အသွေးတွေကို ကိုယ်တိုင်လက်တွေ့ကျကျသိရှိခံစားလာရပါလိမ့်မယ်။ စိတ်ချမ်းသာမှုစစ်စစ်ကိုလည်း ရလာပါလိမ့်မယ်။
ဒီလို ကိုယ့်ရဲ့မေတ္တာကိုတန်ဖိုးမထားတတ်သူတွေနဲ့ တွေ့ကြုံလာရတဲ့အခါ သူကဘယ်လိုလူလည်းဆိုတာထက် ကိုယ့်ရဲ့သူတော်ကောင်းစွမ်းရည်နှင့် မြင့်မြတ်တဲ့စိတ်နေစိတ်ထားကို မပျက်စီးရအောင်သာ အာရုံစူးစိုက်ပါ။ တရားအရည်ပြည့်နေတဲ့ သူတော်ကောင်းကို တရားကပဲအပြည့်အဝစောင့်ရှောက်ပေးသွားပါလိမ့်မယ်။ ရှိတဲ့အခက်အခဲတွေလည်း ပြေလည်သွားပါလိမ့်မယ်။ ကိုယ်ကမမေ့ဖို့သာလိုပါတယ်။ အပ္ပမာဒေန သမ္ပာဒေထ။