ဝိပဿနာအကျင့်သည်ဗုဒ္ဓဘာသာဝင်များနှင့်သာသက်ဆိုင်ပါသလား
သတိပဋ္ဌာန်အခြေခံသောဝိပဿနာအကျင့်သည် နိုင်ငံဘာသာလူမျိုးဘောင်ခတ်ကန့်သတ်မှုမှ လွတ်လပ်သောကျင့်စဉ်တစ်ခုအဖြစ် ပါရမီရှင်လူသားများ၏နှလုံးသားသို့ ဦးတည်သွားလာနေကာ ထိုပါရမီရှင်တို့၏နှလုံးသားများသည်လည်း နွေးထွေးသောမေတ္တာ စစ်မှန်သောပညာဉာဏ်တို့ဖြင့် မှန်ကန်စွာလက်ခံလာကြ၍ ဒီနေ့ခေတ်ထဲမှာ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကိုကျင့်ကြံအားထုတ်ရင်း ဗုဒ္ဓတပည့်ဖြစ်လာကြသော ပညာတတ်ပညာရှင်တွေအတော်များပြားလာတာကိုကိုယ့်တွေ့တွေ့ရှိနေရပါကြောင်း။
ဗုဒ္ဓဘာသာနိုင်ငံမှာမွေး၍ ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရ၍ ကံကောင်းနေကြသည့်တိုင်အောင် သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကိုအားမထုတ်ဖြစ်ကြသေးလျှင် ဝိပဿနာဉာဏ်စစ်စစ်ကိုမျှမရကြသေးလျှင် ထိုဉာဏ်ဖြင့်ပင် မမြဲပြောင်းလဲနေသော လောကဓမ္မများနှင့် ရင်ဆိုင်တွေ့ကြုံရသည်ရှိသော် နေတတ်ထိုင်တတ်မရှိသေးလျှင် ဗုဒ္ဓပေးချင်သော ဒုက္ခအားလုံးမှကင်းဝေးအောင်နေထိုင်တတ်သော အတတ်ပညာဖြစ်သည့် မဂ်ဆုလာဒ်ဖိုလ်ဆုလာဒ်နိဗ္ဗာန်ဆုလာဒ်တွေကိုရကြသေးမည်မဟုတ်ပါကြောင်း။
ထိုဆုလာဒ်များကိုရရှိရန်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရုံသက်သက်ဖြင့် မဖြစ်နိုင်သေးပါကြောင်း။ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကျင့်စဉ်ကို သိပ္ပံနည်းကျလက်တွေ့အားထုတ်ရန်လိုနေပါသေးကြောင်း။ ကျင့်သူမှန်သမျှလူမျိုးဘာသာနိုင်ငံခွဲခြားမှုမရှိဘဲ ထိုဆုလာဒ်များကိုရရှိနိုင်ပါကြောင်း။ အပ္ပမာဒေန သမ္ပာဒေထ။