တရားအားထုတ်ခြင်းနှင့် ရနိုင်သောအတွေ့အကြုံများ၊ လက်တွေ့အသုံးဝင်သောကောင်းကျိုးများ အပိုင်း(၂)

အပိုင်း(၁) ဖတ်လိုလျှင် အပိုင်း(၁) ကိုနှိပ်ပါ။
အပိုင်း(၁)၌ စိတ်ကိုမိမိလိုသလိုရှုမှတ်၍ ဆုံးမနိုင်ခြင်း၊ စိတ်၏အလိုကိုမလိုက်ဘဲ မိမိလိုသလို ထားနိုင်ခြင်းကို ဘဝနေထိုင်နည်းအတတ်ပညာ အဆင့်တစ်ခုအထိတော့ရောက်ပြီဟု မိမိရေးသားခဲ့ပေ၏။ ဤအဆင့်သို့ရောက်ရှိစေရန် မိမိစိတ်၏မာယာပရိယာယ်များမှု၊ မိမိလိုသလိုမလိုက်ဘဲ လောဘဒေါသမောဟ ဟူသော အညစ်အကြေးများနှင့်ပါင်းစီးကာ မိမိအားလိမ္မာပါးနပ်စွာ လိမ်ညာလှည့်ဖြားမှု၊ အလွန်အပြောင်းအလဲ မြန်ဆန်မှု၊ မိမိကအကောင်းဆုံးများကို စပါယ်ရှယ်လုပ်မည်ဟု ဆုံးဖြတ်လုပ်ကိုင်ရာ၌ မိမိအား ဟိုဟာအကြောင်း ပြ ဒီဟာအကြောင်းပြနှင့် မလုပ်ဖြစ်တော့အောင် ပါးနပ်စွာ လှည့်ဖြားတတ်မှု၊ ငါစိတ်ငါပင် နိုင်နင်းရန် အလွန် ခက်ခဲပါလား၊ ငါ့စိတ်သည်ပင် အခုပင်အရိယာကြီးဖြစ်ချင်လိုက် တော်ကြာဖြစ်ချင်တာတွေနှင့် တလွဲ တချော် လျှောက်လုပ်လိုက် အတော်ယုံကြည်ရခက်ပါလားဟု ဖြူစင်ရိုးသားသော စိတ်ရင်းဖြင့် လက်ခံနိုင် ရပေလိမ့်မည်။
သို့မဟုတ်က တရားအစစ်ကိုအားထုတ်ရန်မလွယ်ကူဘဲ တောထဲကမျောက်များလို ဆော့ချင်တော့ ဆော့လိုက် ခွေအိပ်ချင်တော့ခွေအိပ်လိုက် စားချင်တော့စားလိုက် ဟိုခုန်ကူးသည်ခုန်ကူးလုပ်ချင်တော့ ခုန်ကူးလိုက်နှင့် ဘယ်တော့မှတရားအစစ်ကို အားထုတ်ဖြစ်တာ့မည်မဟုတ်ပေ။ ဤသည်ကား လူ့စိတ်၏ သဘာဝတည်း။ မည်မျှပင်ပညာတတ်သည့် အတွေ့အကြုံများသည့် ပညာတတ်လူကြီးလူကောင်းဖြစ်ပါစေ မည်မျှပင်တည်ငြိမ်အေးဆေးသည့် လူကြီးလူကောင်းဖြစ်ပါစေ စိတ်ကိုပြန်လည်ရှုမှတ်ရသည့် ကမ္မဋ္ဌာန်း အလုပ်ကိုလုပ်ရာအခါ၌ကား တောင်ပြေးမြောက်ပြေး ပြေးနေသည့်စိတ်၊ ငယ်ကျိုးငယ်နာများကို အထူးအဆန်း ပြန်အမှတ်ရစေကာ အတိတ်ကပုံရိပ်များကို မိမိမျက်မှောက်သို့ မလိုအပ်ဘဲ သယ်ဆောင်ပေးလာသောစိတ်ကို ထူးဆန်းစွာတွေ့မြင်လာရပေတော့၏။
ထို့ကြောင့်မြတ်ဗုဒ္ဓက “မကဋောဝ အရညမှိ ဝနေ ဘန္တမိဂေါ ဝိယ” တရားကိုအစကနဦးအားထုတ်သည့် ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံအပေါ်၌သာတည်တည်ငြိမ်ငြိမ်မနေနိုင်ပဲ ထသွားလိုက်ထိုင်နေလိုက် စိတ်ကိုလွှတ်ထားလိုက်နှင့် တောထဲ၌ရောက်နေသောမျောက်ကဲ့သို့လည်းကောင်း၊ ရန်သူများကိုကြောက်လန့်၍ တုန်လှုပ်နေသော သားသမင်ကဲ့သို့လည်းကောင်း တောင်တွေးမြောက်တွေး ယောက်ယက်ခတ် ဖြစ်နေတတ် ၏ဟု မိန့်တော်မူထားပေ၏။
ထိုအခါမျိုး၌ကား ဘုန်းဘုန်းလူငယ်ဘဝ အားထုတ်စကဆိုလျှင် ပြုံးမိသည်မှာအမှန်ဖြစ်ပေ၏။ ထူးဆန်း သည်ဟုခံစားမိသည်မှာလည်း အမှန်ဖြစ်ပေ၏။ ယခုအသက်ငါးဆယ်အရွယ်တောထဲ၌ တောရ ဆောက်တည် ကာ ဝိပဿနာအလုပ်ကို ပဓာနအလုပ်အဖြစ် အာရုံစိုက်အားထုတ်နေရာအခါ၌ကား ထိုကဲ့သို့သော အခြေအနေများ ပြန်လာတော့သည်မဟုတ်ပေ။ အတွေ့အကြုံအသစ်များနှင့်သာ ထပ်၍ထပ်၍ တွေ့ရပေတော့၏။ အားထုတ်လေအသစ်များတွေ့ရလေ။ အသစ်များတွေ့ရလေ စိတ်ဝင်စားစရာဖြစ်လေ။ စိတ်ဝင်စား၍အားထုတ်လေ မိမိဘဝသည်တစ်ယောက်နေရဦးတော့ စိုပြေလာလေ ဖြစ်လေတော့၏။
ထိုသို့စိုပြေလာလေ တစ်ယောက်တည်း အမြဲသတိကပ်၍ အားထုတ်ရခြင်းသည် ဘဝကိုပို၍အဓိပ္ပါယ် ရှိလာစေတော့၏။ ဘဝဟူသည် စားလိုက်သောက်လိုက် မိသားစုညီအစ်ကိုမောင်နှမ သားသမီးဇနီးခင်ပွန်းတို့နှင့် ပျော်လိုက်ရွှင်လိုက် ကာမဂုဏ်ကိုလိုသလိုခံစားလိုက် ငွေ၏ကျေးကျွန်အဖြစ်ဖြင့် တစ်နေ့လုံးငွေနောက်လိုက်ကာ ရှာလိုက်ဖွေလိုက်စသည်တို့ကိုလုပ်ဆောင်လျက် အိုဖို့နာဖို့သေဖို့ရန်စောင့်နေရုံမျှတော့မဟုတ်တန်ရာ။ ထို့ထက် ပိုသော ဘဝ၏အဓိပ္ပါယ်ရှိနေပေဦးမည်ဟု နားလည်လာပေတော့၏။ ဤသင်္ခန်းစာသည်လည်း သတိပဋ္ဌာန် ဝိပဿနာတရားကိုတစ်ယောက်တည်းဖိဖိစီးစီးအားထုတ်ရာမှရလာခဲ့ပေ၏။
ထိုသို့သောသင်င်္ခန်းစာကောင်းများကို စာဖတ်ခြင်းမှမရှိနိုင်ပေ။ သူတပါး၏တရားစကားကို နာကြားခြင်း သက်သက်မှ မရရှိနိုင်ပေ။ မိမိကိုယ်တိုင်စနစ်တကျ ဖိဖိစီးစီးရိုရိုသေသေ ယုံယုံကြည်ကြည် အားထုတ်ခြင်း ဖြင့်သာ မိမိကိုယ်တိုင်လက်နှင့်ကိုင်၍ရကဲ့သို့ရရှိနိုင်ပေ၏။ မှန်ပေ၏။ စာဖတ်ခြင်း သူတပါးပေးသောတရား lecture ကိုနားထောင်ခြင်းတို့ဖြင့်ကား “H2 + O2 = H2O”ဟူသော theory မျှကိုသာရပေလိမ့်မည်။ ကျောင်းသားဖြစ်သောမိမိကိုယ်တိုင်က အတွေအကြုံရှိသော ဆရာကောင်း၏အကူအညီဖြင့် laboratory ဓာတ်ခွဲခန်းကိုဝင်ရပေလိမ့်ဦးမည်။
မိမိကိုယ်တိုင် ကိုယ်တွေ့ဖြစ်အောင်လုပ်ယူရပေလိမ့်ဦးမည်။ အင်္ဂလိပ်ဆိုရိုးစကားလေးတစ်ခုရှိ၏။ အလွန်အားဖြစ်စေသော ဆိုရိုးစကားတည်း”Necessity is the mother of invention”တဲ့။ မကျွမ်းကျင်သေး၍ ရင်ဆိုင်ရသော အခက်အခဲအကြပ်အတည်းများသည် တီထွင်ဖန်တီးမှု၏မိခင်ဖြစ်၏တဲ့။ အလွန်အားတက်စရာ ကောင်း၏။ အစပထမ မကျွမ်းကျင်သေးခင်၌ကား ယောင်တောင်တောင်အမူအရာဖြင့် မကြာမကြာ အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေ၏။ ပြန်ပြေးချင်စိတ်များလည်း ခဏခဏဖြစ်တတ်ပေ၏။ လုပ်မိတာ မှားများမှားပြီးဟုလည်း မကြာမကြာသံသယစိတ်များဖြစ်တတ်ပေ၏။
ဤသည်တို့ကား ဝိပဿနာအလုပ်ကို တကယ့်အသိဉာဏ်တစ်ခုပေါက်အောင် အားထုတ်ရာ၌ တွေ့ကြုံရသောအတွေ့အကြုံများတည်း။ စိတ်ပူရန်မလိုအပ်ပေ။ ထိုအခက်အခဲပြဿနာများကို ကျော်လွှား နိုင်ရန်သည် အတွေ့အကြုံရှိပြီးသော ဆရာကောင်း သို့မဟုတ် အတွေ့အကြုံရှိပြီးသော သူငယ်ချင်း မိတ်ဆွေကောင်း (ဗုဒ္ဓဘာသာဝေါဟာရအရဆိုလျှင် ကလျာဏမိတ္တ) တို့အထံကတော့ ရိုးသားစွာ မာန်မာန ကင်းရှင်းစွာ အထောက်အကူယူရပေလိမ့်မည်။ ငါတတ်သားပဲဟု မာနခံနေလျှင်ကား ပညာစစ်ပညာမှန် ကိုရမည်မဟုတ်တော့ပေ။
အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုရထားပြီးဖြစ်သော်လည်း မာနခံနေသောကြောင့် ဝိပဿနာကိုဆက်၍ အားထုတ်နေသည်ဆိုဦးတော့ ရဟန်းကိစ္စပြီးသည်အထိ ရှေ့ကိုတိုးတက်ခြင်းမရှိတော့ပေ။ ပညာအရာဧတဒဂ် ဖြစ်တော်မူသော အရှင်သာရိပုတ္တာက မထောက်မညှာ ဝေဖန်ထောက်ပြပြုပြင်ပေးမှုကြောင့်သာ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ရောက်ရလေတော့၏။ တရားအားထုတ်ရာ၌ လူ့မာနသည်လည်း အလွန်ကြောက်စရာ ကောင်းသည်ကို မိမိအနေဖြင့်ရှင်းလင်းစွာမြင်ခဲ့ရပေ၏။ ထို့ကြောင့်ပင်မိမိသည် တက္ကသိုလ်ကျောင်းပြီး၍ အသက် (၂၃)နှစ်အရွယ်ကြမှ သင်္ကန်းဝတ်ခဲ့ရသော်လည်း လွဲမှားမည်စိုးသောကြောင့် မိခင်မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၌ ပရိယတ္တိစာပေများကိုစနစ်တကျကြိုးစားပန်းစား သင်ယူခဲ့ရပေသေး၏။
တရားအားထုတ်ရာ၌ မာနသည်အလွန်အန္တရာယ်များသော စိတ်အညစ်အကြေးတစ်ခုဖြစ်ကြောင်းကို သင်္ခန်းစာကောင်းစွာရခဲ့ပေ၏။ အရှင်အနုရုဒ္ဓါ၏ တရားအားထုတ်သော ဝတ္ထုကြောင်းကိုလေ့လာကြည့်လျှင် မာနသည် မည်မျှအန္တရာယ်များသည်ကို သဘောပေါက်နိုင်ပေ၏။ တရားအားထုတ်နေခြင်း မဟုတ်သော သာမာန်လူ့ဘဝ၌ကား မာနကိုတံခွန်အလံကဲ့သို့ တလွှင့်လွှင့်ထူထားနိုင်ခြင်းကိုပင် အဟုတ်ဟု မှတ်ထင်ခဲ့သော ကာလများရှိခဲ့ပေ၏။ ထိုမာနတံခွန်တလွှင့်လွှင့် ဖြစ်နေသည်ကိုလည်း ရှက်ရမှန်းကြောက်ရမှန်းမသိပေ။ ငါမှလုပ်နိုင်သည်ဟုပင် မာနဖြင့်ဂုဏ်ယူတတ်ကြသေး၏။ တရားအားထုတ်နေသော ယောဂီအတွက်ကား မာနသည်အလွန်ရှက်စရာကောင်းသော စိတ်အညစ်အကြေးတစ်ခုဖြစ်ပေ၏။ တရားသိဉာဏ်ရင့်သန် တိုးတက်မှု အတွက်လည်း မာနသည်အပိတ်အပင်အတားအဆီး ကောင်းစွာပြုတတ်ပေ၏။ သတိရှိကြပါကုန်။ အပ္ပမာဒေန သမ္ပာဒေထ။ အပိုင်း(၃)သို့ဆက်ပါဦးမည်။ အလိုရှိကစောင့်ဖတ်ပါဟု မာနကင်းစွာ မေတ္တာရပ်ခံလိုက်ရပေ၏။