Facebook ပေါ်ကစကားတွေကို ဘယ်နှစ်ယောက်ကယုံဘယ်နှစ်ယောက်ကအလေးထားလဲမသိဘူးနော်။ ခု ဘုန်းဘုန်းဖျားလို့ဖျားတယ်လို့ အချို့ဒကာတွေမသိမှာစိုးလို့ သိအောင်ရေးတင်ထားတာ အချို့တပည့်ဒကာအရင်းတွေတောင် တကယ်မသိတာလား မသိဟန်ဆောင်တာလား သိရဲ့သားနဲ့ပဲ ရေးတင်တဲ့စာကိုမယုံတာလားမသိဘူး။ ဖုန်းဆက်ပြီးမှ နေမကောင်းဘူးဆို ဪ–ဟုတ်လားဘုရားဆိုတာမျိုး။
ဘုန်းကြီးရဟန်းသံဃာလိမ်ညာကောင်းသည်မဟုတ် လိမ်ညာပြောလျှင် အာပတ်သင့်၏။ မယုံကြရင်လည်း အယုံအကြည်မရှိကြတဲ့ ဒီ မျက်နှာစာအုပ် Facebook ကြီးကို အချိန်ကုန်ငွေကုန်ခံပြီး ဘာကြောင့်များသုံးနေကြသေးလဲနော်။
တကယ်တော့ ကိုယ့်တွေ့အရပြောရရင် ရဟန်းတစ်ပါးစစ်စစ်ဖြစ်ဖို့ဆိုတာ လွယ်ကူတာတော့မဟုတ်ဘူး။ ဧကစာရီတောရဆောက်တည်ရတဲ့ ရဟန်းတစ်ပါးရဲ့ဘဝဟာပိုပြီးခက်ခဲတယ်။ ဆွမ်းခံစား တစ်ထပ်စား ရွှေငွေစွန့် ရွတ်ရွတ်ချွန်ချွန်ကျင့်နိုင်မှသာကောင်းတယ်။ သေရင်သေမသေရင်တရားထူးရဆိုတဲ့စိတ်မျိုးရှိမှကောင်းတယ်။
ဘုန်းကြီးမှာ ငယ်စဉ်ကအစာအိမ်ရှိဖူးတယ်။ ခုအဲဒါပြန်ဖြစ်မှာ နည်းနည်းစိုးရိမ်နေတယ်။ ရဟန်းဘဝဆိုတာ လူ့ဘဝလို ကိုယ်စားချင်ရာစားလို့ရတာမဟုတ်ဘူး။ ဒကာများလှူတာနဲ့သာမျှတရတာ။ မီးဖိုထားပြီးချက်စားတဲ့နည်းကလည်း ဝိနည်းနဲ့ညီဖို့မလွယ်ဘူး။ မိမိရဲ့ဒကာတွေကလည်း တတ်သိနားလည်ပြီး သဒ္ဓါတရားနဲ့ပြည့်စုံတဲ့ ဒကာတွေဆိုရင်တော့ ကံကောင်းတာပေါ့။ ဒီလိုမဟုတ်ရင် အသက်တိုသွားနိုင်တယ်။ သို့မဟုတ်ရှေ့တိုးလို့မရ နောက်ဆုတ်လို့မရ ဒုက္ခတွေ့နိုင်တယ်။
ခုတလော ဆယ်တန်း (၆) ဘာသာဂုဏ်ထူးနဲ့အောင်လို့ ကိုရင်ဝတ်တယ်ဆိုပြီးဝိုင်းလှော်ပေးနေကြတာတွေ့ရတယ်။ ကိုယ်တွေ့အရပြောရရင် တကယ့်တကယ်ရဟန်း တစ်ပါးအဖြစ်ဆိုတာ လွယ်ကိုမလွယ်တဲ့ကိစ္စ။ ဘုန်းဘုန်းအမြင်ကတော့ လူ့ဘဝဖြင့်ပင် လူ့ပညာရေးတစ်ခု ထူးထူးချွန်ချွန်ပြီးစေချင်တယ်။ ပါဠိစာပေကိုတောင် ဖြစ်နိုင်ရင် လူဝတ်ဖြင့်သင်ယူစေချင်တယ်။ သင်ယူရင်းဝိနည်းကိုစနစ်တကျလေ့လာ။ ခက်တာလွယ်တာခွဲခြား။ ပြီးမှရဟန်းအဖြစ်ခံယူတာက ပိုပြီးမြတ်တယ်။ ဒီလိုမဟုတ်ရင်ဝိနည်းတွေကများတယ်။ နောင်ကျမှသံသယဖြစ်လို့မလွယ်ဘူး။ ခုခေတ်ကျတော့ နိုင်ငံအတော်များများမှာ ထေရဝါဒသံဃာတွေက ရှိလာနေပြီ။
ဝိနည်းတွေဟာ အသေအချာသင်ယူလေ့ကျင့်မယ်ဆိုရင် ကျင့်စရာတွေချည်းပဲ။ မြန်မာ့နည်းမြန်မာ့ဟန်ကတော့ဟုတ်တာပေါ့ နိုင်ငံတကာပေါက်အောင်ဆိုတာကြတော့ အစစအရာရာတိကျမှရတယ်။ well-trained ဖြစ်နေမှသာ အဆင်ပြေတယ်။
ဘုန်းဘုန်းနဲ့ရင်းနှီးတဲ့ အမေရိကန်ဦးပဉ္ဇင်းတစ်ပါးကပြောတယ်။ မြန်မာ့နည်းမြန်မာ့ဟန်ဝိနည်းက အသက်ရှုပေါက်အတော်များတယ်တဲ့။ အဲဒီတစ်ချက်က မြန်မာကိုအထင်မကြီးတော့တာပဲ။ အဲဒီဦးပဉ္ဇင်းဟာ မြန်မာ့ဝိနည်းကို မယုံဘူး သူ့ဘာသာစာတတ်အောင်သင်ယူပြီး အသေအချာကျင့်တယ်။ နောက်ဆုံးသံဃာတစ်ထောင်ကျော်ကို ပါတိမောက်ပြသွားသေးတယ်။
အဲဒါကြောင့်နိုင်ငံတကာလက်ခံတဲ့ professional Buddhist monk ဖြစ်ချင်ရင်တော့ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်ကြီးကြီးနဲ့ သင်ယူလေ့ကျင့်ထားမှသာအဆင်ပြေတယ်။ ဝိနည်းသီလမကောင်းရင်သမာဓိပညာဖြစ်ဖို့လည်း မလွယ်ဘူး။ နိုင်ငံတကာအဆင့်မှာ သူတို့က မြန်မာတွေစိတ်ဝင်စားတဲ့ သာမဏေကျော် ဘာညာတွေကို အထင်မကြီးဘူး သူဘယ်လိုကျင့်လည်းဆိုတာကိုသာ အထင်ကြီးစိတ်ဝင်စားကြတာ။
ဒါကြောင့် ယခုခေတ် သားသမီးအရွယ်ရှင်ငယ်ရဟန်းငယ်များ ဝိနည်းကိုသေချာသင်ယူကျင့်ကြံဖို့ သတိပေးပါရစေ။ ဒီလိုမဟုတ်ရင်တော့ နိုင်ငံတကာအဆင့်အထိပေါက်မြောက်ဖို့မလွယ်ဘူး။ ဒါနဲ့နိုင်ငံရေးလိုလို လူမှုရေးလို ဓမ္မကထိကလိုလို လအော့လအယ်ဖြစ်သွားရင်ဒုက္ခ။ စာချဘုန်းကြီးဖြစ်ရတာကကောင်းသေးတယ်။
ခုခေတ်မှာ နိုင်ငံတကာအဆင့်မှာ ထေရဝါဒရဟန်းသံဃာ အဖွဲ့အစည်းရှိနေပြီဆိုတာကို အထူးသတိပြုစေချင်ပါသည်။ သူတို့ကတစ်ပုံစံတည်းဖြစ်အောင်ညှိုနှိုင်းဆုံးဖြတ်ကျင့်သုံးတယ်။ အခုက ဘိက္ခူနီသာသနာတောင်မှ ထွန်းကားလာတာ အနှစ်သုံးဆယ်လောက်ရှိနေပြီ။ မြန်မာနိုင်ငံမှာက ထေရဝါဒအတူတူတောင်မှ ဂိုဏ်းဂဏကွဲရသေးတယ်။ ဒီထဲပုဂ္ဂလိက အယူသမားကလည်းရှိသေးတယ်။ ဒါကြောင့်နိုင်ငံတာအဆင့်အထိမရောက်နိုင်ဘဲ အမြဲနောက်ကျနေရတယ်။ အထူူးသတိထားမိစေဖို့။