ရွှေမြန်မာအများစု၏အဓိကပြဿနာ
ရွှေမြန်မာတို့၏ မလိုအပ်ဘဲ အချင်းများအငြင်းပွါးရန်ဖြစ်နေကြရခြင်းသည် —–
၁။ အလုပ်မရှိဘဲသူများကိုတစ်စိမ့်ကြည့် ကိုယ့်စိတ်နှင့်ထပ်တူမဖြစ်ကဝေဖန်အပြစ်ပြောကာ ကပျက်ယပျက်ဖြစ်အောင်လုပ်ကြခြင်း။
၂။ အလုပ်ကို စနစ်တကျပညာတတ်ဆန်ဆန် မစဉ်းစားဘဲ အဆင်ခြင်မဲ့စွဲ randomly လုပ်တတ်ကြခြင်း။
၃။ မိမိ၏ဝစီကိုမထိမ်းသိမ်းဘဲ ယောကျာ်ကြီးများဖြစ်ပါလျှက် နောက်ကွယ်တွင် ဗလစ်ဗလစ်ပြဿနာမဖြစ်ဖြစ်အောင် အပြစ်ပြောဆိုတတ်ကြခြင်း။
ဤသုံးချက်ကြောင့် မလိုအပ်သော ပြဿနာအတော်များများဖြစ်ကာ ရှေ့လည်းမတိုးနောက်လည်းမဆုတ် နေရာတိုင်းတွင် တိုးတက်ရန်ခက်ခဲနေရခြင်းတည်း။ သတိထား၍ သူတစ်ပါးတွေ အဆိုးထဲမှအကောင်းဖြစ်အောင် လုပ်ဆောင်နေသည်ကို appreciative joy, မုဒိတာဖြစ်နိုင်ကြပါစေသော်။
မိမိအနေဖြင့်ကား အနာဂတ်ရွှေမြန်မာပြည်ကြီးအတွက် ရင်လေးနေဆဲတည်း။ ပညာရေးတွေမတူကြ။ အတွေ့အကြုံတွေမတူကြ။ အတွေးအမြင်တွေမတူကြ။ အမြင်ကျယ်မှုတွေမတူကြ။ မတူတာကိုညှိုမယူဘဲ ငါပြောတာသာအဟုတ် ငါပြောတာဟာဘုရားစကားဟု ဘုရားနဲ့ကိုင်ပေါက်ကာ အလုပ်မဖြစ်သော အယူအဆများကိုစွန့်နိုင်ကြပါစေသော်။
မိမိတို့သည် ပဋိစ္စသမုပ္ပါဒ်အရ တစ်ဦးတည်းအထီးကျန်နေထိုင်၍ မဖြစ်နိုင်ပေ။ ရဟန်းဘဝ ဧကစာရီကျင့်သည်ဆိုဦးတော့ ဆွမ်းလောင်းလှူမည့်ဒကာဒကာမတော့လိုအပ်နေဆဲတည်း။
ထိုဒကာသည် တံငါသည်ဖြစ်နေသောကြောင့် ငါသည်သီလကောင်းသော ဗုဒ္ဓဘာသာရဟန်းဖြစ်၍ ဆွမ်းမလောင်းနှင့်ဟုဆိုက လက်တွေ့ကျပါ၏လော။ ဗုဒ္ဓကိုယ်တော်တိုင်သင်သည်သားသတ်မုဆိုးဖြစ်နေ၍ ငါ့အားဆွမ်းမလောင်းရဟု တားမြစ်ခဲ့သော ဝတ္ထုသက်သေသာဓကများရှိပါ၏လော။ ဘေးထိုင်ဘုပြော မိသုဏဝါစာ ဖရုသဝါစာများဖြင့် ဗုဒ္ဓမနှစ်သက်သောလမ်းစဉ်အတိုင်း ရှေ့တိုးလို့မရနောက်ဆုပ်လို့မရဖြစ်အောင် ကန့်လန့်လုပ်နေမည့်အစား အဆိုးထဲကအကောင်းဘက်သို့ ရွေ့အောင်ညှိုနှိုင်းဆောင်ရွက်ခြင်းကသာ အဓိပ္ပါယ်ရှိစေပါလိမ့်မည်။
ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။ အရှုံးအနိုင်မရှိအောင် နေထိုင်ကြဖို့မြတ်ဗုဒ္ဓ ကောသလဘုရင်ကိုမိန့်ထားခဲ့လေရဲ့။
သူတစ်ပါးအကြောင်းကို မြိန်ရည်ယှက်ရည် လိုက်လံစပ်စုနေရလောက်အောင် သူတပါးအကြောင်းကို အရသာခံပြောနေရလောက်အောင်အားနေသူများမဖြစ်ပါစေနှင့်။ မိမိအတွက်လည်းအကျိုးမရှိသူတပါးအတွက်လည်းအကျိုးမရှိသောကြောင့်တည်း။ မိမိမလုပ်နိုင်ခဲ့သော် သူများလုပ်နေသည်ကို appreciative joy မုဒိတာပွားပေးနိုင်ကြပါစေသော်။ မိမိကိုယ်တိုင်က နိုင်ငံတကာအတွေ့အကြုံအမြင်မရှိသေးလျှင်ပင် အတွေ့အကြုံရှိသူတို့စကားကို လက်ခံကာ ပညာတတ်ဆန်သော နိုင်ငံကြီးသားစိတ်နေစိတ်ထားများ မွေးဖွါးနိုင်ပါစေသော်။
မိမိကိုယ်တွေ့အရဆိုသော် အလုပ်လုပ်စရာများ တန်းစီရှိနေ၍ သူတပါးအကြောင်းစပ်စုစိတ်ဝင်စားဖို့ဝေးစွ ကိုယ့်အကြောင်းအပြစ်ပြောလာသူကိုပင် တုံ့ပြန်မှုပြုရလောက်အောင် စိတ်ဝင်စားမှုမရှိသလို တုံ့ပြန်နေရလောက်အောင်လည်း အချိန်မအားပေ။ ထို့ကြောင့်မိမိအတွက်ဆိုရသော်အလုပ်တွေ အများကြီးပြီ၏။ အချို့ဆိုလိုက်၍ပင်မီမည်မထင်ပေ။ ယခုညနေဘက်တွင် မိမိ၏သစ္စာမြိုင်တောရတွင်ကျင်းပမည့် လာမည့်နွေရာသီနစ်သစ်ကူးတရားစခန်း April Retreat တွင် စင်္ကာပူမှတရားအားထုတ်လာကြမည့် ဒကာများနှင့်စကားပြောရပြီး လာတတ်အောင်စီစဉ်ပေးရ၍ စာရေးချိန်ကိုပင်ခဏရပ်ထားရပေသေး၏။ ဤသည်ကားဘဝတည်း။ မိမိနှစ်သက်သော ဘဝဟုဆိုနိုင်ပေ၏။